လက်ဖက်စိမ်း ရေနွေးကြမ်းအကြောင်း
လက်ဖက်စိမ်း ရေနွေးကြမ်းကို အင်္ဂလိပ်လို ဂရင်းတီး (Green Tea) လို့ ခေါ်ပါတယ်။ ဒီလက်ဖက်စိမ်းဆို ရေနွေးကြမ်းဆိုတဲ့ နာမည်ဟာ ကျွန်တော်တို့တွေနဲ့ ရင်းနှီးတဲ့ နာမည်တခုပါပဲ။
လက်ဖက်စိမ်း ရေနွေးကြမ်းသောက်ဖို့ အကောင်းဆုံးအချိန်ကတော့ မနက်စာစားပြီးချိန်နဲ့ နေ့လည်စာမစားခင်အချိန် (သို့) နေ့လည်စာစားပြီးချိန်နဲ့ ညစာမစားခင်အချိန်ပါပဲ။
ဂရင်းတီး ပုံမှန်သောက်ခြင်းဖြင့်ရနိုင်တဲ့ကောင်းကျိုးတွေကတော့
(၁) ကိုယ်အလေးချိန်ကို လျော့ကျစေခြင်း
ဒီဘက်ခေတ် လူနေမှုပုံစံအရ အထိုင်များလာခြင်း၊ စိတ်ဖိစီးမှုများလာခြင်း၊ အသင့်စားအစားအစာများကို အစားများလာခြင်း၊ အိပ်စက်ချိန် နည်းပါးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း စသည်တို့ကြောင့် အဝလွန်လာတဲ့ ပြသာနာဟာ ကမ္ဘာနဲ့တဝှမ်း ကြုံတွေ့လာရတဲ့ ပြသာနာတခု ဖြစ်လာပါတယ်။
အဝလွန်ပြီး ကိုယ်တွင်းမှာ အဆီဓါတ်တွေ များလာတဲ့အခါမှာ သွေးကြောကျဉ်းရောဂါနဲ့ နှလုံးရောဂါစတာတွေ ဖြစ်ပွားနိုင်ခြေပါ များလာပါတယ်။ ဒါတွေကို အတိုင်းအတာတခုထိလျှော့ချဖို့အတွက် ကျွန်တော်တို့ နေ့စဉ်စားသောက်တဲ့အထဲမှာ ဂရင်းတီးကို ထည့်သွင်းစားသောက်ဖို့လိုပါတယ်။
နောက်ဆုံးလေ့လာတွေ့ရှိချက်တခုအရ စာတမ်းတခုမှာ တနေ့ကို လက်ဖက်စိမ်း (green tea) လေးခွက်သောက်သူဟာ လေ့ကျင့်ခန်း လုပ်စရာမလိုဘဲ ဗိုက်အဆီကို နှစ်ပတ်အတွင်း (၄)ရာခိုင်နှုန်းထိ ချပေးနိုင်တယ်လို့ရေးထားပါတယ်။
(၂) အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ခြင်း
ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုများခြင်း၊ လေထုညစ်ညမ်းမှု၊ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်းစတာတွေကြောင့် ခန္ဓာကိုယ်တွင်းမှာ ဖရီးရက်ဒီကယ်များ (Free Radicals) များ ဖြစ်ပေါ်လာပါတယ်။ ထိုဖရီးရက်ဒီကယ်များဟာ ကိုယ်ခန္ဓာအတွက် အဆိပ်အတောက် ဖြစ်စေတဲ့အပြင် အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကိုပါ ဖြစ်စေပါတယ်။
ဂရမ်းတီးမှာပါတဲ့ Catachin Polyphenol လို့ခေါ်တဲ့ ပစ္စည်းဟာ ဓါတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိ (Antioxidant Property) ရှိတဲ့အတွက် ထိုဖရီးရက်ဒီကယ်များကို ပျက်ပြယ်စေပြီး ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးတဲ့အပြင် အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းကိုလည်း မဖြစ်အောင် တားဆီးပေးပါတယ်။
(၃) ခံတွင်းအနံဆိုးကို သက်သာပျောက်ကင်းစေခြင်း
ကျွန်တော်တို့တွေဟာ တခါတရံမှာ ဒညင်းသီးတို့ ဆူးပုတ်ရွက်တို့လို အနံ့ထွက်အစားစာတွေကို စားမိတတ်ကြပါတယ်။ စားကောင်းကောင်းနဲ့ စားပြီးတဲ့အခါမှာ ခံတွင်းမှာ အနံ့စွဲကျန်နေတတ်ပါတယ်။ ကိုယ်ကနှစ်ခြိုက်လို့ ပြသာနာမရှိပေမယ့် ကိုယ်နဲ့စကားပြောတဲ့သူများက မနှစ်ခြိုက်ပါက ပြသာနာရှိနိုင်ပါတယ်။
ရုံးမှာ အလုပ်မှာမို့ သွားပြန်တိုက်ရမှာလည်း အဆင်မပြေဘူးဆိုရင် လက်ဖက်စိမ်းလက်ဖက်ရည်နဲ့ ပလုတ်ကျင်းခြင်းဖြင့် အနံ့ထွက်အစားစာတွေစားပြီးနောက် အနံ့စွဲကျန်နေတာကိုသက်သာပျောက်ကင်းစေနိုင်ပါတယ်။ ပလုတ်ကျင်းတဲ့အခါ ချက်ချင်းမထွေးပစ်ဘဲ နည်းနည်းကြာကြာငုံထားပြီးမှ ထွေးသင့်ပါတယ်။
(၄) မှတ်ဉာဏ်အားတိုးစေနိုင်ခြင်း
ဂရင်းတီး (Green tea) သောက်ရင် ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ လူတိုင်းသိကြပြီးသားပါ။ အခု University of Basel မှ စူးစမ်းသူများက ဂရင်းတီးသောက်ရင် ဦးနှောက်နဲ့ ပါတ်သက်တဲ့ တိုးတက်မှုတွေရှိတယ်လို့ စာတမ်းတခုမှာ ဆိုထားပါတယ်။
ဂရင်းတီး နေ့စဉ်ပုံမှန်သောက်တဲ့သူတွေ မှတ်ဉာဏ်တိုးတက်လာတာ တွေ့ရတယ်။ Dementia လို့ခေါ်တဲ့ မှတ်ဉာဏ်ပျောက်ဆုံးမှုကို ဂရင်းတီးသောက်ခြင်းဖြင့် သက်သာတိုးတက်စေတယ်။
ဒါတွေကတော့ ဂရင်းတီးရဲ့ ကောင်းကျိုးတွေပါ။ အခုနောက်ပိုင်းမှာဆိုရင် လက်ဖက်စိမ်းကို ရေနွေးကြမ်းအနေနဲ့သာမက အခုခေတ်တွင် အလှကုန်တွေ၊ ခေါင်းလျှော်ရည်တွေ၊ ခေါင်းလိမ်းဆီတွေ၊ ကျန်းမာရေး အထောက်အကူပြု ဓါတ်စာတွေမှာပါ လက်ဖက်စိမ်းကို ထည့်သွင်းအသုံးပြုလာကြပါတယ်။
အဆုံးသတ် အနေနဲ့ကတော့ တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်း ဂရင်းတီးဟာ ကောင်းကျိုးတွေများပေမယ့် ချင့်ချိန်သောက်ဖို့လည်းလိုပါတယ်။ တနေ့ကို ၂ခွက်ကနေ ၄ခွက်လောက်ပဲ သောက်သင့်ပါတယ်။ ဒီထက် ပိုမသောက်သင့်ပါဘူး။ ဒီလိုမဟုတ်ဘဲ အများကြီးသောက်ပါက အစာအိမ်နာတာ၊ သွေးအားနည်းတာ၊ ခေါင်းကိုက်တာ၊ ဝမ်းချုပ်တာ၊ အိပ်မပျော်တာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။