ကိုယ်အလေးချိန် လျော့ကျခြင်း
မိမိကြိုးစားအားထုတ်မှုမရှိဘဲ ၆ လအတွင်း ကိုယ်အလေးချိန် သိသာစွာ လျော့ကျပါက သင့်တွင် ကျန်းမာရေးပြဿနာများရှိနေပြီဆိုတာ သတိပြုမိရပါလိမ့်မယ်။ မိမိအစားအသောက်အနေအထိုင် အပြုအမူပြောင်းလဲ၍ အလေးချိန်တဖြေးဖြေးလျော့ကျခြင်းက ပုံမှန်ဖြစ်နိုင်ပေမယ့် သိသာစွာ လျော့ကျခဲ့လျှင် ဆိုးရွားသော အခြေအနေရှိနေတတ်ပါတယ်။ ဖြစ်နိုင်ချေရှိသောအခြေအနေများကတော့
(1) သိုင်းရွိုက်ပြဿနာများ
ကိုယ်အလေးချိန်လျော့ကျခြင်းသည် သိုင်းရွိုက်ဟော်မုန်း အထွက်များခြင်းရဲ့ အဓိက လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ အစာစားချင်စိတ် များမယ်၊ ရင်တုန်မောပန်းမယ်၊ အိပ်မပျော်၊ ပူအိုက်ခြင်း စသောလက္ခဏာများပါ ပူးတွဲခံစားရတတ်ပါတယ်။
(2) အူလမ်းကြောင်းရောဂါများ
မွေးရာပါအူလမ်းကြောင်းရောဂါ Celiac disease သည်လည်း ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ တခြားသော ဝမ်းပျက်ဝမ်းလျော၊ ဗိုက်အောင့် စသည်တို့လည်း ဖြစ်တတ်ပါတယ်။
(3) ဆီးချိုရောဂါ
ကိုယ်အလေးချိန် သိသာစွာ လျော့ကျပါက ဆီးချိုရောဂါ စစ်ဆေးသင့်ပါတယ်။ ဆီးမကြာခဏသွားခြင်း၊ ရေငတ်ခြင်း လက္ခဏာများပါ ရှိတတ်ပါတယ်။
(4) စိတ်ဓာတ်ကျခြင်း
စိတ်ထောင်း ကိုယ်ကျေ ဟူသောစကားအတိုင်း စိတ်ဖိစီးမှုများလျှင် ကိုယ်အလေးချိန် သိသာစွာလျော့ကျလာတတ်ပါတယ်။ အစာစားချင်စိတ် နည်းခြင်း၊ အရက်သေစာ သောက်စားခြင်းနှင့် အိပ်မပျော်ခြင်းပါ ခံစားရတတ်ပါတယ်။
(5) အဆစ်အမြစ်ရောင်ရောဂါ
အဆစ်အမြစ်ရောင်ရောဂါသည် အချို့တွင် အူလမ်းကြောင်းရောင်ရမ်းမှုပါ ရှိနေတတ်၍ အာဟာရစုပ်ယူမှု အားနည်းကာ သိသာစွာ ပိန်နေတတ်ပါတယ်။
(6) အာဟာရ စုံလင်စွာ မစားခြင်း
အာဟာရ စုံလင်စွာ မစားခြင်းသည်လည်း ကိုယ်အလေးချိန်လျော့ကျခြင်းရဲ့ အကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ်။
(7) အဆုတ်တီဘီပိုးရှိခြင်း
ချောင်းဆိုးရက်ကြာခြင်းအပြင် ကိုယ်အလေးချိန် သိသာစွာ လျော့ကျလာခြင်းသည် အဆုတ်တီဘီလက္ခဏာတစ်ရပ်ပင် ဖြစ်ပါတယ်။ ငွေ့ငွေ့ဖျားခြင်း၊ ချောင်းဆိုးသွေးပါခြင်းပါ ရှိနေနိုင်ပါတယ်။
(8) HIV
HIVပိုးသည် လူရဲ့ကိုယ်ခံအားကိုကျစေကာ ရောဂါပိုးများကို တွန်းလှန်မှု မရှိတော့ဘဲ AIDS အဆင့်သို့ရောက်ရှိပါ ကိုယ်အလေးချိန် သိသာစွာ လျော့ကျလာပါတယ်။ ဖျား၊လည်ချောင်းနာ၊အကျိတ်ထွက်၊ပါးစပ်အနာ၊ဝမ်းပျက်၊ဝမ်းလျောစသည်တို့ပါ ဖြစ်နိုင်ပါတယ်။
(9) ကင်ဆာရောဂါများ
ကင်ဆာရောဂါအများစုသည် ကိုယ်အလေးချိန် သိသာစွာ လျော့ကျလာစေပါတယ်။ အထူးသဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာများတွင် ဖြစ်လေ့ရှိပါတယ်။
ဆရာဝန်နဲ့ပြသင့်သောအချိန်
ကိုယ်အလေးချိန် 4.5 – 5 kg သည် ၆ လ – ၁ နှစ်အတွင်း ကြိုးစားအားထုတ်မှု မရှိဘဲ လျော့ကျပါက အကြောင်းရင်း ရှာဖွေကုသသင့်ပါတယ်။
Author : Dr. ပြည့်ရှင်း