ကိုဗစ်ရောဂါပိုးအကူးခံရပြီး နှစ်ပတ်လောက်အကြာတွင် ကိုကျော်ရဲအောင်တစ်ယောက် အခြေအနေပိုဆိုးလာသည်။
“ကျွန်တော်စိတ်ဓာတ်ကျမှာစိုးလို့ အမေတို့က အောက်ဆီဂျင်တိုင်းရင် ကျွန်တော့်ကိုပေးမပြဘူး။ ဖျတ်ခနဲ့လှမ်းကြည့်လိုက်တော့ ၇၉ ။ အရမ်းမောတက်လာတယ်။”
ဇူလိုင်လယ်ပိုင်းတွင် ကိုကျော်ရဲအောင် စဖျားသည်။ အသွားအလာဂရုစိုက်သည့် သူ့အနေဖြင့် စဖျားစဉ်က တုပ်ကွေးအဖျားဟုသာထင်သည်။ သူဆေးသောက်သည်။ မပျောက်။ ဆေးထိုးသည်။ ခဏသာပျောက်ပြီး ပြန်ပြန်ဖျားသည်။
ဇူလိုင် ၂၁ ရက်နေ့တွင်တော့ သူ အနံ့ပါပျောက်သွားသည်။ နောက်ရက်များတွင် စားရတာလည်း အရသာမရှိတော့သဖြင့် သူ့ကိုယ်သူ ကိုဗစ်အကူးခံရနေပြီဖြစ်ကြောင်း စသတိထားမိလိုက်သည်။ Test Kit နှင့်စစ်ကြည့်လိုက်တော့ Positive ဆိုတာ သေချာသွားခဲ့သည်။
စစ်ပြီးပြီးချင်းညတွင်ပဲ သူအသက်ရှူရခက်လာသည်။။ အထူးသဖြင့် နည်းနည်းလေးလှုပ်ရှားလိုက်သည်နှင့် မောလာသည်။
သူ့အတွက် ပိုပြီးတုန်လှုပ်စရာဖြစ်သည်က သူဖြစ်သည့်ကာလသည် ရန်ကုန်တွင် ကိုဗစ်တတိယလှိုင်းဂယက်အပြင်းထန်ဆုံးကာလဟုဆိုရမည်။ ဆိုရှယ်မီဒီယာကိုဖွင့်ကြည့်ပါက ဝမ်းနည်းစကားပို့စ်များသာ မြင်တွေ့နေရသည့်ကာလဖြစ်သည်။
တစ်ရက်မောသည်။ နှစ်ရက်မောသည်။ သုံးလေးငါးရက်ဆက်မောလာသည်။ နောက်ဆုံး အောက်ဆီဂျင်က ၇၃ လောက်ထိကျသွားသည်။ အောက်ဆီဂျင်အခြေအနေဆိုးလွန်းသဖြင့် Oximeter တိုင်းသည့်အချိန်တွင် မိခင်ဖြစ်သူက သူ့ကို ပြပင်မပြရဲတော့။ ၂၅ နှစ်အရွယ် ကိုကျော်ရဲအောင်မှာ လူငယ်လူရွယ်ဖြစ်သော်လည်း ငယ်ငယ်ကတည်းက အဆုတ်မကောင်းသည့်ရောဂါအခံရှိသဖြင့် ပိုပြီးစိတ်ပူစရာဖြစ်သည်။
“အရမ်းမောတယ်။ အဲဒီအချိန်မှာ အရမ်းစိတ်အားငယ်တယ်။ မိတ်ဆွေဆိုပေမဲ့လည်း ညီအစ်ကိုမောင်နှမကတော့ ဘာပဲဖြစ်ဖြစ်လာကြည့်တာပေါ့။ လာကြည့်ရင် ကိုယ့်မှာ စိတ်မကောင်းဖြစ်ရတယ်။ သူတို့ကိုကြည့်ရတာ မျက်ရည်တွေဝဲနေတယ်။ စကားမပြောနိုင်ဘူး မောနေတာပေါ့။ သူတို့လာကြည့်ရင် အလိုလိုနေရင် စိတ်မကောင်းဖြစ်ပြီး မျက်ရည်ကျတယ်။”
ထိုကာလတွင် သူအဖျားပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ အားဆေး၊ ပိုးသတ်ဆေး လိုအပ်တဲ့ဆေးမှန်သမျှသောက်သည်၊ ထိုးသည်။ သို့သော် ကိုဗစ်က သူ့ကို မညှာတာ။ ချောင်းတွေပိုဆိုးလာသလို ညဘက် အိပ်ဖို့ပင်ခက်ခဲလာသည်။
“နှစ်ညတိတိဆက်တိုက်အိပ်မရဘူး။ အိပ်လိုက်မယ်ဆိုရင် အသက်ရှူရပိတ်သွားတယ်။ ပိတ်သွားရင် ရှူလို့မရဘဲ လန့်လန့်နိုးသွားတယ်။ လူကလည်း လှဲနေရင်းတန်းလန်းနဲ့ကိုမောနေတာ။ အောက်ဆီဂျင် ရှူတဲ့ရက်တွေက လေးငါးရက်လောက် စကားမပြောနိုင်ဘူး။ စောင်းပြီးတော့လည်းမနေတတ်တော့ ပက်လက်ပဲလှန်ပြီးနေတယ်။ ထမင်းစားတာ၊ ရေသောက်တာအကုန်လုံး လှဲနေရင်းပဲလုပ်ရတာ။”
ဟု ကိုကျော်ရဲအောင်က အခက်အခဲဆုံးကာလအကြောင်းကို ပြန်ပြောပြသည်။
“အဲ့အချိန်မှာ စိတ်သွားတိုင်း ကိုယ်မပါတဲ့အတွက် တစ်ခါတလေကျရင် ဒေါသတွေထွက်တယ်။ သိမ်ငယ်တယ်။ ထမင်းစားတာကအစ လှဲပြီးစားနေရတော့ အားမရဘူး။”
စားရတာလည်း ပါးစပ်ထဲမှာ ငန်သည့်အရသာမှလွှဲ၍ ဘာအရသာမှမရှိ၊ ဘာအရသာမှမရှိ၍ ဘာမှမစားချင်။ မိခင်နှင့် ဆွေမျိုးများက ချော့မော့ကျွေးလို့သာ သူအားတင်းစားနေရသည်။ ကြက်စွပ်ပြုတ်သောက်သည်။ အသီးအနှံများနှင့် အချိုရည်အချို့ကတော့ သူ့တွက်နည်းနည်းအဝင်ပိုလွယ်သူဟုဆိုသည်။
အွန်လိုင်းပေါ်ကသိရသည့် အသက်ရှူလေ့ကျင့်ခန်းကို သူကြိုးစားလုပ်ကြည့်သည် မရ။ သူ မောသည့်ဒဏ်ကို မခံနိုင်။ အောက်ဆီဂျင်အိုးကိုသာ အားကိုးရသည်။ အောက်ဆီဂျင်ကို ရေမဆေးကျောက်ရှာသလို အလုအယက်လုနေရသည့် ထိုကာလတွင် အောက်ဆီဂျင်အလျင်မီဖို့က ဘုရားတနေရသည်။
“ကိုယ့်ကိုယ်ကိုယ် သေလူပဲသတ်မှတ်လိုက်တယ်။ နောက်ဆုံး ဖုန်း Password တွေ၊ လူငယ်သဘာ၀အတိုအစလေးတွေကအစ ညီလေးကို မှာထားလိုက်တယ်။ သူတို့က အဲ့လိုပြောရင် သဘောမကျဘူး။ စိတ်မကောင်းဘူး။”
ဟု ကိုကျော်ရဲအောင် အဝေးကိုငေးကြည့်ရင်း ပြောသည်။
ကိုဗစ်၏အန္တရာယ်ကိုမမှုဘဲ အနားတွင် နေ့ရောညပါစောင့်ရှောက်ပေးသည့် မိခင်ဖြစ်သူနှင့် လိုအပ်သည်များကို ဖြည့်ဆည်းပေးသလို စိတ်ဓာတ်မကျအောင်အားပေးသည့် ဆွေမျိုးများက အားဖြစ်စေကြောင်းလည်း သူကပြောသည်။
ခက်ခဲသည့်အခြေအနေတွေကြုံနေရ၍ အားငယ်စိတ်ဝင်သော်လည်း သူအသက်ဆက်ရှင်သန်ဖို့ အားပြန်တင်းသည်။ အမြန်ဆုံးသက်သာစေဖို့ ကောင်းမယ်ထင်တာတွေကို မိသားစုအကူအညီဖြင့် အကုန်လုပ်သည်။ ရေနွေးငွေ့ရှူခိုင်းသည်။ ခွေးတောက်ရွက်ကောင်းသည်ဆိုလျှင် ခွေးတောက်ရွက်ရှူခိုင်းသည်။ ပင်စိမ်းကထိရောက်တယ်ဆိုလျှင် ပင်စိမ်းရှူခိုင်းသည်။ ပိစပ်ရွက်လိုသည် ဆိုလျှင် ပိစပ်ရွက်ရအောင်ရှာလာသည်။
“အမေက Mask တောင် မတပ်ဘူး။ တစ်ခုခုဖြစ်မယ်ဆိုလည်း သူပါဖြစ်ချင်ဖြစ်ပါစေပေါ့။”
ဆေး ၁၀ ရက်ကျော်ထိုးပြီး အောက်ဆီဂျင် ၁၀ ရက်လောက်ရှူပြီးချိန် ဩဂုတ် ပထမပတ်ကုန်လောက်တွင် သူ နည်းနည်းသက်သာလာတယ်။ သို့သော် အာခေါင်တွေခြောက်ပြီး လည်ချောင်းတွေနာနေသေးသည်။
အခြားမိသားစုများ တစ်အိမ်လုံးဖြစ်နေချိန်တွင် ကိုကျော်ရဲအောင်တို့အတွက်ကံကောင်းတာတစ်ခုက မိခင်အပါအဝင် အခြားမိသားစုဝင် သုံးယောက်လုံး ရောဂါအကူးမခံရခြင်းဖြစ်သည်။
တဖြည်ဖြည်းသက်သာလာချိန်တွင် သူ စားတာသောက်တာကိုကိုယ်တိုင်လုပ်ကြည့်သည်။ ဟိုနားဒီနား လမ်းလျှောက်ကြည့်သည်။ လှုပ်ရှားလျှင်မောသဖြင့် ကြာကြာတော့ မလျှောက်ဖြစ်သေး။
“အခုလည်း မောနေတုန်းပဲ။ တစ်ခုခုအလေးအပင်မလိုက်ရင်၊ နည်းနည်းအားစိုက်ရင် မောတယ်”
ဟု မျက်မှောင်ကိုအနည်းငယ်ကျုံ့ရင်း မသက်မသာလေသံဖြင့် ပြောသည်။
“အခုထိ နည်းနည်းမေ့တယ်။ တစ်ခါတလေကျရင် မနေ့ကဘာလုပ်လဲဆိုတာကို သိပ်ကောင်းကောင်းမမှတ်မိဘူး။ မောလာရင် ချွေးတွေပြန်လာမယ်။ တစ်မျိုးကြီးပဲ။ အဓိကက မောတာ။”
မည်သို့ဆိုစေ အခုဆိုလျှင် သူပုံမှန်အတိုင်းသွားလာလှုပ်ရှားနိုင်သည်အထိ ဆိုးရွားသည့်ကိုဗစ်ကို အနိုင်တိုက်နိုင်ခဲ့ပြီဖြစ်သည်။ ရောဂါဒဏ်ကို အလူးအလဲခံရသည့်သူ့အဖို့ ကျန်းမာရေးက မည်မျှအထိအရေးကြီးကြောင်းကိုတော့ ပိုသဘောပေါက်သွားမိသည်။
“ကျန်းမာခြင်းက ချမ်းသာခြင်းတစ်မျိုးပေါ့။ လူတိုင်းကျန်းမာရင်တော့ ပိုကောင်းတာပေါ့။ နေမကောင်းဖြစ်ရင် စိတ်ဓာတ်ကျတယ်။ ပိုက်ဆံရှိတဲ့သူပဲဖြစ်ဖြစ် ပိုက်ဆံမရှိတဲ့သူပဲဖြစ်ဖြစ် တချို့ရောဂါတွေဆို ကုမရတဲ့ရောဂါတွေရှိတယ်။ တချို့ဆိုရင် ပိုက်ဆံအရမ်းရှိပြီး စိတ်ဆင်းရဲနေရတဲ့သူတွေလည်းရှိတာပဲ။ ကိုယ့်ကိုယ်တော့ ကျန်းမာအောင်နေသင့်တယ်။
ကိုဗစ်ကို အနိုင်တိုက်ဖို့အတွက်ဆိုလျှင် ကိုယ်ခံအားကောင်းဖို့အဓိကကျသည်ဟု သူကယုံကြည်သည်။
“ဒီရောဂါကတော့ အဓိကက အိပ်ရေးမပျက်အောင်နဲ့ အားရှိအောင်နေဖို့လိုတယ်။ တချို့စည်းကမ်းချက် လေးတွေလည်း လိုက်နာဖို့လိုတာပေါ့။
OnDoctor Team
(ယခုဆောင်းပါးသည် ကာယကံရှင်၏အတွေ့အကြုံဖြစ်ရပ်မှန်ကို မေးမြန်းပြီးတင်ပြထားခြင်းဖြစ်ပြီး ဆောင်းပါးပါ ဓာတ်ပုံများသည် ကာယကံရှင်၏ခွင့်ပြုချက်ဖြင့် ဖော်ပြထားခြင်းဖြစ်ပါသည်။ ဆောင်းပါးတွင်ဖော်ပြပါရှိသည့် ဆေးဝါးနှင့် ကုသမှုနည်းလမ်းများသည် ကာယကံရှင်၏အတွေ့အကြုံသာဖြစ်၍ စာဖတ်သူများအနေဖြင့် ဆေးဝါးနှင့်ကုသမှုများလိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးရန် တိုက်တွန်းအပ်ပါသည်။)