ကလေးများနှင့် သွားကျန်းမာရေး
ကြာကြာဝါးမည့်သွား အရိုးကြည့်ရှောင်ဆိုတဲ့ မြန်မာ့စကားပုံ တစ်ခုရှိပါတယ်။ ဒီစကားပုံက သွားကိုက်တာကို တိုက်ရိုက်ပြောတာမျိုးမဟုတ်ဘဲ လူ့လောကအကျင့်စရိုက်တွေကို ပြောထားတာဆိုပေမယ့် သွားကျန်းမာရေးအတွက်လည်း လိုရာဆွဲယူလိုက်တာပါ။
သွားကျန်းမာဖို့ကတော့ အရိုးပဲကြည့်ရှောင်နေလို့ မရပါဘူး။ နေ့စဉ်နေ့တိုင်း သေချာဂရုစိုက်ပေးဖို့ လိုပါတယ်။ သွားကျန်းမာရေးဆိုတာ ငယ်ရွယ်စဉ်ကာလတည်းက ဂရုတစိုက်ရှိနေဖို့လိုပါတယ်။ ကလေးဘဝမှာတည်းက ဂရုစိုက်ကာမှကြီးလာတဲ့အခါ သွားလေးတွေက ပုလဲပုတီးလေးတွေ စီထားသလို လှပနေပါလိမ့်မယ်။
ငယ်ရွယ်စဉ်မှာ ဘာမှကြိုတင်ဂရုစိုက်ကာကွယ်ထားခြင်း မရှိတဲ့အခါ ကြီးလာတဲ့အခါ သွားနာတာ သွားပိုးစားတာ သွားတွေမညီတာ သွားတွေဝါတာတွေ ဖြစ်တတ်ပါတယ်။ ကလေးအသက် ၆ လလောက်မှာစပြီး သွားစပေါက်တတ်ပါတယ်။ အသက် ၆ လမှာ သွားငုတ်တုတ် လူငုတ်တုတ်ဆိုတဲ့ စကားပုံလည်းရှိပါတယ်။
တစ်ချို့ကလေးတွေကျတော့ အနည်းနဲ့ အများစောတာနောက်ကျတာရှိပါတယ်။ ဒါပေမယ့် အသက် တနှစ်ကနေ နှစ်နှစ်အတွင်းသွားတွေ အကုန်နီးပါးစုံအောင် ပေါက်နေတတ်ကြပါတယ်။ ကလေးငယ်လေးတွေက မွေးစကနေ အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းသောက်ရတယ်။ ဒါ့အပြင် တစ်ချို့သောကလေးလေးတွေ တစ်ညလုံးအိပ်တော့မယ်ဆို အမေနို့ကို စွဲပြီးအိပ်တတ်ကြတယ်။
နို့လေးစို့လိုက်အိပ်လိုက် နိုးလာလိုက် နို့ပြန်စို့လိုက်နဲ့ပါ။ နို့နဲ့ အကြာကြီးထိတွေ့နေရတော့ သတိမထားမိခင်မှာဘဲ သွားတွေ ပိုးစားပြီးတိုလာတတ်ကြပါတယ်။ အသက် ၆ လမတိုင်ခင်မှာတော့ သွားမပေါက်သေးတော့ သွားအတွက်လုပ်ပေးစရာမရှိပေမယ့် နို့စို့ပြီးတဲ့အချိန်တွေ တစ်ချို့ကလေးတွေ ချိုလိမ်စုပ်ပြီးတဲ့ အချိန်တွေမှာ အပေါ်နှုတ်ခမ်းကို လက်လေးနဲ့ အသာပြန်ပြန်ဖိပေးဖို့လိုပါတယ်။ နှုတ်ခမ်းမစူအောင်လုပ်ပေးတာလည်းပါသလို အပေါ်ရှေ့သွားထွက်မယ့်သွားဖုံးကိုလည်း ရှေ့ကို ထွက်မလာအောင်လည်း လုပ်ပေးရတာပါ။
ကလေးတွေ သွားပေါက်ကာစလေးတွေမှာ သွားဖုံးတွေနာတတ်ပါတယ်။ တစ်ချို့ကလေးတွေဆို အီနေတတ်တယ်။ သွားပေါက်တာမှာ အဆင်ပြေဖို့ သွားဖုံးလေးတွေကို ဖိဖိပေးရပါတယ်။ လက်နဲ့လုပ်ပေးဖို့ အဆင်မပြေတော့ ကလေးသွားကိုက်တာလေးတွေ ဆိုင်တွေမှာရောင်းတာရှိပါတယ်။ ပလတ်စတစ်တစ်မျိုးနဲ့လုပ်တာပါ ရေနွေးနဲ့ ပြုတ်လို့ရတဲ့အမျိုးအစားကို ဝယ်ဖို့လိုပါတယ်။ ရေနွေးသေချာပြုတ်ပါ။ အအေးခံပြီး ကလေးကို ပေးထားပါ။ ကလေးက တစ်မြုံမြုံနဲ့ ကိုက်နေပါလိမ့်မယ်။ ဒါဆို သွားဖုံးကိုဖိပေးသလိုဖြစ်လာပြီး သွားပေါက်တာလည်း ပိုပြီးအဆင်ပြေစေပါတယ်။
ကလေးငယ်တွေမှာ သွားစထွက်တဲ့အချိန်ကစပြီး အနည်းဆုံးတစ်နေ့တစ်ခါ သွားတိုက်ပေးပါ။ အစပိုင်းမှာတော့ သွားပွတ်တံသွားတိုက်ဆေး သုံးဖို့မလိုပါဘူး။ ဂွမ်းနုနုလေးတွေကို ရေစွတ်ပြီး ဖြည်းဖြည်းတိုက်ပါ။ လျှာပါတစ်ခါတစ်လေ တိုက်ပေးပါ။ သွားတွေတစ်ဖြည်းဖြည်းများလာတာနဲ့အမျှ လက်ကိုင်ပဝါအနုလေးတွေ ပြောင်းသုံးလို့ရပါတယ်။ ရေစွတ်ပြီး သွားတွေကိုသေချာပွတ်ပေးပါ။ အရမ်းတော့မပွတ်ပါနဲ့။ သွားဖုံးတွေထိခိုက်မှာစိုးလို့ပါ။ တစ်နှစ်အရွယ်လောက်ရောက်ပြီဆိုရင် သွားတိုက်တံအပျော့လေးတွေစသုံးလို့ရပါတယ်။ သွားတိုက်ဆေးထည့်တိုက်လို့လည်းရပါတယ်။
သွားတိုက်ဆေးစသုံးကာစမှာ ကလေးတွေအတွက် ဘာပြဿနာမှမပေးနိုင်တဲ့ သွားတိုက်ဆေး အပျော့ပဲသုံးပါ။ ဒါပေမယ့် သွားတိုက်ဆေးကိုအများကြီးမသုံးပါနဲ့ဦး။ သွားနေရာပဲထိပါစေ လျှာတွေကိုမထိပါစေနဲ့။ အန်ချင်ပျို့ချင်စိတ်တွေ ဖြစ်လာရင် နောက်တစ်ခါသွားတိုက်ဖို့ကို ကြောက်သွားတတ်ပါတယ်။
ရှေ့သွား၊ အပေါ်သွား၊ အောက်သွား၊ အံသွား။ အားလုံးကို သေချာတိုက်ပေးပါ။ လိုအပ်တယ်ဆိုရင်တော့ မနက်တစ်ခါညတစ်ခါသွားတိုက်ပေးပါ။ တစ်ချို့ကလေးတွေ အသက်နှစ်နှစ်မှာ ကိုယ်တိုင်လုပ်နိုင်တတ်လာကြတယ်။ အများစုကတော့ သုံးနှစ်ဝန်းကျင်မှာ ကိုယ်တိုင်သွားတိုက်တတ်လာကြတယ်။
အကျင့်လုပ်ပေးပါ။ မနက်တစ်ခါ၊ ညတစ်ခါသွားတိုက်ဖို့ လိုပါတယ်။ အစားစားပြီးတိုင်းကလေးတွေကို ရေများများတိုက်ပါ။ ပလုတ်ကျင်းတတ်လာရင် ကျင်းဖို့ပြောပါ။ ကလေးတွေကို အသီးများများကျွေးပါ ပန်းသီးလိမ်မော်သီး စသဖြင့် ပါ။ အသီးကြောင့် ပါးစပ်ထဲမှာ ရှိတဲ့ စားကြွင်းစားကျန်တွေ နည်းပါးစေပါတယ်။
ကလေးတွေကို ငယ်ငယ်တည်းက သွားတွေကို ဂရုစိုက်တတ်အောင့် လေ့ကျင့်ပျိုးထောင်ပေးပါ။ ဒါဆို သွားရောဂါဝေဒနာတွေကို ကြိုတင်ကာကွယ်နိုင်မှာပါ။
Dr. CST