ရေစီးကမ်းပြိုရောဂါမဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ
ရေစီးကမ်းပြိုရောဂါကို ဆေးပညာအရ Chronic Periodontitis လို့ ခေါ်ပါတယ်။ သက်ကြီးပိုင်းတွေမှာအဖြစ်များတဲ့ သွားနဲ့ခံတွင်း ရောဂါတစ်ခုပါ။
သက်ကြီးပိုင်းတွေမှာကျ လူငယ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သွားပိုးစားရောဂါတွေဖြစ်တာ တော်တော်နည်းသွားပြီး ရေစီးကမ်းပြိုရောဂါနဲ့ သွားဖုံးရောဂါတွေ ဖြစ်လာကြပါတယ်။
အများအားဖြင့် အမျိုးသားတွေမှာ ပိုဖြစ်နိုင်ပါတယ်။
ခံတွင်းသန့်ရှင်းရေး အားနည်းတဲ့သူတွေ ဆေးလိပ်သောက်တဲ့သူတွေ ကွမ်းစားတဲ့သူတွေ ဆီးချိုရောဂါရှိတဲ့သူတွေ မှာပိုဖြစ်နိုင်တယ်။
ရေစီးကမ်းပြို ရောဂါလက္ခဏာတွေကတော့ သွားဖုံးတွေ နီရဲရောင်ရမ်းနေတာ သွားတိုက်တဲ့အခါတို့ အစာမာတစ်ခုခုကို ကိုက်တဲ့အခါမှာ (ဥပမာ ပန်းသီး) သွားဖုံးက သွေးထွက်တာ သွားဖုံးခဏခဏရောင်ရမ်းတာ သွားဖုံးအနားတွေအောက်ကိုကျပြီး သွားအမြစ်တွေ အထိပေါ်လာတာ သွားနာတဲ့ဝေဒနာခံစားရတာ ခံတွင်းအနံဆိုးထွက်တာ စသဖြင့်ဖြစ်နိုင်ပါတယ်။
ရေစီးကမ်းပြိုဆိုတဲ့အတိုင်း ရေစီးကြောင့် ကမ်းပါးက တဖြည်းဖြည်းနိမ့်ကျပြီး ပြိုလာသလို ခံတွင်းထဲက သွေးတွေ အညစ်အကြေးတွေကြောင့် ကြာလာတဲ့အခါ သွားဖုံးက တဖြည်းဖြည်းနိမ့်ဆင်းလာပါတယ်။
ဒီအခါ သွားမြစ်ဝှမ်းအရိုးတွေပေါ်လာပြီး သွားအရိုးတွေပါ ပျက်စီးထိခိုက်လာ၊ ရောင်လာတဲ့အတွက် သွားတွေပုပ်ပွတာ၊ သွားတွေမခိုင်ဘဲ လှုပ်တုပ်လှုပ်တုပ်ဖြစ်လာတာ၊ ကျွတ်ထွက်တာတွေပါဖြစ်လာပါတယ်။
ခံစားရပုံနှင့် ဖြစ်ပွားပုံ မတူညီသည့်အလျောက် တချို့မှာ တစ်နေရာတည်းကွက်ဖြစ်တတ်ပါတယ်။ တချို့မှာ သွားရှိသော နေရာတိုင်းဖြစ်ပြီး အစားအစာ ဝါးရသည်မှာ သက်သောင့်သက်တာ မရှိတာမျိုး ခံစားရနိုင်သည်။ တစ်ချောင်းတည်း ကျွတ်ထွက်ခြင်း အတွဲလိုက်ကျွတ်ထွက်ခြင်းများဖြစ်နိုင်သည်။ ရေစီးကမ်းပြိုရဲ့ လက္ခဏာတွေရှိခဲ့ရင်တော့ သွားဆေးခန်းမှာ သွားဆရာဝန်နဲ့ပြသပြီး ကုသမှုသေချာခံယူသင့်ပါတယ်။ အရပ်ထဲက ဆေးမြီးတိုတွေနဲ့ ကုတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ပိုဆိုးသွားနိုင်လို့ပါ။
အဆုံးသတ်အနေနဲ့ကတော့ ရေစီးကမ်းပြိုရောဂါမဖြစ်အောင် ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ပါ။ အစာစားပြီးတိုင်း ပလုတ်ကျင်းပါ။ အနည်းဆုံး မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန်သွားတိုက်ပါ။ သွားတိုက်တဲ့အခါမှာလည်း သွားတိုက်နည်း စနစ်အတိုင်း မှန်အောင်တိုက်ပါ။
၆လတစ်ကြိမ် သွားဆရာဝန်ဆီသွားရောက်ပြီး သွားကျန်းမာရေးစစ်ဆေးမှုကို မပျက်မကွက် ခံယူပါ။
Dr. 528