သွားပိုးစားထားတဲ့ ဂလိုင်မရှိတဲ့သွားတွေ ပေါ်အောင်ရီပြလိုက်ပါ
တစ်နေ့ပင်စင်လစာသွားထုတ်တော့ အသက် ၆၀ ကျော် ၇၀ နီးပါးရှိတဲ့ ပင်စင်စားတစ်ဦးက သူ့သွားတွေ တစ်ချောင်းမျှ မကျိုးသေးတာကို ကျွန်မအားပြပါ တယ်။ ဟုတ်ပါရဲ့ သွားတွေက သေးပြီး ညီညီညာညာ စေ့စေ့လေးပေါက်နေတာကို တွေ့ရတယ်။ သွားတွေက တစ်ချောင်းနဲ့တစ်ချောင်း သိပ်ကပ်ပြီး စေ့နေလို့ အစာရဲ့ အစအနတွေဟာ သွားကြားထဲ ကပ်ငြိမနေလို့ သွားပိုးစားတာကို မတွေ့ရပါ။
တကယ်တော့ အစာရဲ့ အစအနတွေ သွားကြားထဲမှာမရှိရင် သွားပိုးစားတာ သက်သာပြီး ခေါင်းပေါက် ဂလိုင်မရှိနိုင်ပါ။ ဒါပေမယ့် လူအများစုကတော့ သွားပိုးစားတာကို ခံစားရပါတယ်။ သွားတွေ ကျန်းကျန်းမာမာရှိပြီး သွားပိုးစားတဲ့ ဂလိုင်မရှိအောင်လုပ်ဖို့ အချိန်မနှောင်းသေးပါ။
အရင်ဆုံးဘာကြောင့် သွားပိုးစားတဲ့ ဂလိုင်တွေဖြစ်ရသလဲဆိုတာကို ကြည့်ရအောင်။ အစာစားပြီးတဲ့အခါမှာ သင့်ပါးစပ်ထဲမှာ ကျန်နေတဲ့ အစာရဲ့အစအန လေးတွေနဲ့ ပါးစပ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတို့ ဓာတ်ပြုမှုမှ သွားပိုးစားခြင်းဖြစ်တယ်။ စေးပြီး၊ မမြင်ရတဲ့အလွှာပါး “ပလိတ်” (plague) ကို ဖန်တီးတဲ့ ဘက်တီးရီးယားက အစားအစာထဲမှ သကြား၊ ကစီဓာတ်တို့နဲ့ ဓာတ်ပြုပြီး အက်စစ်ကို ထုတ်ပေးတယ်။ ဒီအက်စစ်ကသွားရဲ့ ကြွေလွှာကို demineralization လို့ခေါ်တဲ့ ဖြစ်စဉ်နဲ့ အရည်ပျော်စေတယ်။ ဒီကွင်းဆက်ဖြစ်ရပ်တွေက သင်အစာစားပြီးတာနဲ့ စဖြစ်လာပြီးး မိနစ် ၂၀ ထက် မနည်းဆက်ဖြစ်နေတတ်တယ်။
သွားရည်ထဲတွင် တွေ့ရတဲ့ သတ္တုတွေဟာ အက်ဆစ်ကြောင့် ပျောက်ဆုံးသွားပြီး ဒီသတ္တုတွေကို အစားထိုးနိုင်တယ်။ ဒါ့ကြောင့် remineralization ဖြစ် အောင် ကူညီနိုင်လို့ ဖလိုရွိုက်က အရေးကြီးပါတယ်။ အခေါင်းပေါက်တွေဟာ ဖြစ်စဉ် demineralization က remineralization ထက် ပိုမြန်မြန်ဖြစ်တဲ့အခါမှာ ဖြစ်ပေါ်တယ်။
သကြားကဲ့သို့ ကစီဓာတ်များတဲ့ ပေါင်မုန့်နဲ့ ဘီစကွတ်မုန့်တို့ဟာ သွားပိုးစားတဲ့ ဂလိုင်ပေါက်တွေကို ဖြစ်စေတယ်လို့ အချို့သုတေသီတွေက တွေ့ရှိတယ်။ စေးတဲ့အစားအစာကို သတိထားပြီး စားပါ။ ၎င်းတို့ဟာ သွားတွေမှာ ငြိတွယ်နေပြီး ဘက်တီးရီးယားတွေကို ကျွေးနေတယ်။ စားပုံစားနည်း သောက်ပုံသောက်နည်းပေါ်မှာလည်း မူတည်ပါတယ်။ သကြားနဲ့ချိုနေတဲ့ အချိုရည်ကို ကြာကြာစုပ်ပြီး သောက်တာက အရက်သောက်တာထက် ပိုအန္တရာယ်များပါတယ်။ အချိုရည်ကို စုပ်သောက်တဲ့အခါတိုင်း သွားကသကြားရည်ထဲမှာ ရှိတာကြောင့်ဖြစ်တယ်။
သွားပိုးစားတာဟာ ဘယ်သူတွေမှာ ဖြစ်နိုင်သလဲဆိုတော့ အသက် ၅ နှစ်နဲ့ ၁၈ နှစ်ကြားကလေးတွေမှာ ဖြစ်တတ်ပါတယ်။ နို့ဗူးစို့ရင်း အိပ်တတ်တဲ့ လမ်း လျှောက်ကာစ ကလေးတွေမှာ ငယ်သွားတွေ ပိုးစားတတ်တယ်။ သွားတွေပေါ်မှာ အဖြူရောင်၊ အညိုရောင်နဲ့ အဝါရောင် အစက်အပျောက်တွေကို ဂရုစိုက်ပါ။ ၎င်းတို့ဟာ ပူတဲ့အစာ၊ အေးတဲ့အစာ၊ သကြားနဲ့သွားကိုက်တာကို အထိမခံနိုင်ဖြစ်ပြီး ဒါတွေဟာ သွားပိုးစားမှုကိုပြတဲ့ လက္ခဏာတွေ ဖြစ်တယ်။
အခေါင်းပေါက်တွေမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
သွားပိုးစားမှုကို ဖြစ်စေတဲ့ သွားထဲမှ အစာအစအနတွေနဲ့ plaque တွေကို နေ့စဉ် သွားတိုက်ခြင်းနဲ့ သွားပွတ်ချည်ဖြင့် ဖယ်ရှားနိုင်တယ်။
၁။ သွားတိုက်ဖို့ မှန်ကန်တဲ့ သွားပွတ်တံကို သုံးပါ။
နူးညံ့တဲ့ နိုင်လွန် သွားပွတ်တံဖြစ်ပြီး အရှေ့ထိပ်ပိုင်းက နည်းနည်းပိုသေးရမယ်။ ဒါမှ နောက်ဘက်သွားတွေဆီရောက်သွားဖို့ ပိုလွယ်ပါတယ်။ သွားပွတ်တံကို လေးလတစ်ကြိမ် အသစ်လဲပါ။ သွားတိုက်ဆေးမှာ ဖလိုရိုက်ပါရမယ်။
၂။ မှန်ကန်စွာ သွားတိုက်နည်း
(က) အရှေ့သွားတွေရဲ့ မျက်နှာပြင်ကို သွားပွတ်တံဖြင့် စက်ဝိုင်းပုံအတိုင်း ညင်သာစွာ လှည့်ပြီးတိုက်ပါ။ သိပ်မဖိပါနဲ့။
(ခ) နောက်ဘက်က သွားတွေရဲ့ အပြင်မျက်နှာပြင်ကို စောင်းပြီးတိုက်ပါ။
(ဂ) နောက်ဘက်က သွားတွေရဲ့ အတွင်းမျက်နှာပြင်ပေါ်မှာ plaque ကို ဖယ်ရှားနိုင်ဖို့ စောင်းပြီး တိုတိုပြတ်ပြတ် တိုက်ပါ။
(ဃ) နောက်ဘက်ကသွားတွေရဲ့ ဝါးတဲ့မျက်နှာပြင်ကို သွားပွတ်တံကို ပက်လက်မှောက်လျှက်ထား၍ တိုက်ပါ။
(င) ရှေ့သွားရဲ့ အတွင်းမျက်နှာပြင်ကို သွားပွတ်တံနဲ့ စက်ဝိုင်းပုံလှည့်၍ တိုက်ပါ။ ပါးစပ်မနံရအောင် လျှာကိုလည်း သွားပွတ်တံဖြင့် ညင်သာစွာ တိုက်ပါ။ တစ်နေ့မှာ နှစ်မိနစ်ကြာ အနည်းဆုံး နှစ်ကြိမ်တိုက်ပါ။ ဖြစ်နိုင်ရင် အစာစားပြီးတိုင်းတိုက်ပါ။
၃။ သွားပွတ်ချည်ဖြင့် နေ့စဉ်တိုက်ပါ
သွားတိုက်ပြီးတိုင်း သွားပွတ်တံမ ရောက်နိုင်တဲ့ နေရာတွေ၊ သွားကြားထဲ၊ သွားဖုံးလိုင်း အောက်နားရှိ plaque ကို ဖယ်ရှားရန် သွားပွတ်ချည်သုံးပါ။
(က) သွားပွတ်ချည် တစ်ပေခွဲခန့်ကို ယူ၍ အစွန်းတစ်ဘက်ကို လက်ခလယ်တစ်ချောင်းတွင် ရစ်ပတ်ထားပြီး နောက်တစ်ဘက်ကို အခြားလက်ခလယ်တွင် ရစ်ပတ်ပါ။
(ခ) လက်ခလယ်နှစ်ခုကြားရှိ သွားပွတ်ချည်ကို တင်းနေအောင် လက်ညိုးနှစ်ချောင်းဖြင့် တစ်ဖက်စီဖိလိုက်ပါ။
(ဂ) သွားနှစ်ချောင်းကြား ကြိုးကို လျှိုသွင်းပြီး ညင်သာစွာ လွှဆွဲသလို လုပ်ပါ။ သွားတွေရဲ့ နံရံတွင် ကြိုးဖြင့် အပေါ်အောက်ခြစ်ပါ။
(ဃ) နောက်သွားတွေကိုလည်း ဒီအတိုင်းလုပ်ပါ။ သွားဖုံးနာရင် ဒါမှမဟုတ် သွေးထွက်ရင် မလန့်ပါနဲ့။ ဒါဟာ ဖြစ်နေကျပါ။ သွားဖုံးက ကြာရင်ကျင့်သားရသွားမှာ ဖြစ်တယ်။ ဒါတွေ သိပ်ကြာကြာဖြစ်နေရင် သွားဆရာဝန်နဲ့ပြပါ။ သွားဖုံးရောဂါရဲ့ လက္ခဏာတွေ ဖြစ်နိုင်တာမို့ သွားဆရာဝန်နဲ့ပြပါ။
Author: နှင်းအေးဝေ, Healthcare Journal, vol 8,no 27 (21.7.17)