အူလမ်းကြောင်းအတွင်းတွင် ဘက်တီးရီးယားပိုးများ ထရီလီယမ်နှင့် ချီ၍ တည်ရှိနေထိုင်ကြပါသည်။ ထိုဘက်တီးရီးယားများသည် အစာအိမ်နှင့် အူလမ်းကြောင်း၏ ကျန်းမာရေးသာမက ခန္ဓာကိုယ်တစ်ခုလုံး၏ ကျန်းမာရေးကိုပါများစွာ အကျိုးသက်ရောက်မှုဖြစ်စေပါသည်။
အစာခြေခြင်း
အစာခြေခြင်းသည် ထိုဘက်တီးရီးယားများ၏ အကျိုးသက်ရောက်မှုကို သိသာထင်ရှားစွာ ရရှိသော စနစ်တစ်ခုဖြစ်ပါသည်။
အူလမ်းကြောင်းထဲတွင် ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားများအပြင် ခန္ဓာကိုယ်ကို အန္တရာယ်ပြုနိုင်သည့် ဘက်တီးရီးယားများလည်း ရှိပါသည်။
ယေဘုယျအားဖြင့် အကျိုးပြု ဘက်တီးရီးယားများ ပမာဏနည်းပါးသွားသောအခါ အန္တရာယ်ပေးနိုင်သည့် ဘက်တီးရီးယားများ များပြားလာတတ်ပါသည်။
ထိုသို့ အူလမ်းကြောင်းအတွင်းတွင် ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေသော ဘက်တီးရီးယားများ၏ အချိုးအဆပမာဏ များပြားလာခြင်းသည် အူလမ်းကြောင်း၏ လုပ်ငန်းဆောင်တာများနှင့် အူလှိုင်းထ လှုပ်ရှားမှုများကို အနှောင့်အယှက်ဖြစ်စေပါသည်။
ထို့နောက် အစာခြေစနစ်တစ်ခုလုံး၏ လုပ်ငန်းဆောင်တာများပါ အနှောင့်အယှက် ဖြစ်လာစေပါတော့သည်။
ကိုယ်ခံအားစနစ်
ခန္ဓာကိုယ်၏ ခုခံအားစနစ်၏ ၈၀% သည် အူလမ်းကြောင်း အတွင်း တည်ရှိနေသည့်အတွက် အူလမ်းကြောင်းအတွင်း တည်ရှိနေသော ဘက်တီးရီးယားများသည် ခန္ဓာကိုယ်တစ်ခုလုံး၏ ခုခံအားစနစ်ပေါ်တွင် အကျိုးသက်ရောက်မှုကြီးမားခြင်းဖြစ်ပါသည်။
အကယ်၍ အူလမ်းကြောင်းအတွင်းတွင် အကျိုးပြုဘက်တီးရီးယားများနှင့် အန္တရာယ်ပေးနိုင်သော ဘက်တီးရီးယားများ အချိုးအစားညီမျှခဲ့ပါက ခန္ဓာကိုယ်၏ ခုခံအားစနစ်က မြင့်မားနေမည်ဖြစ်ပါသည်။
အချိုးအစား မညီမျှခဲ့ပါမူ ခုခံအားစနစ် ကျဆင်းကာ ရောဂါများအလွယ်တကူ ကူးစက်ဖြစ်ပွားနိုင်ခြေ မြင့်တက်လာတတ်ပါသည်။
ထို့ကြောင့် အူလမ်းကြောင်းအတွင်းရှိ အကျိုးပြုဘက်တီးရီးယားများ၏ အရေအတွက်နှင့် ပေါက်ဖွားများပြားမှု တိုးတက်ကောင်းမွန်နေစေရန် ကြိုးစားလုပ်ဆောင်သင့်ပါသည်။
အူလမ်းကြောင်း၏ နံရံများတွင် အာရုံကြောဆဲလ်များ သန်းနှင့်ချီတည်ရှိနေသည့်အတွက်ကြောင့် အူလမ်းကြောင်းကို တစ်ခါတစ်ရံ ဒုတိယ ဦးနှောက်အဖြစ် တင်စားလေ့ရှိပါသည်။
ထိုအာရုံကြောဆဲလ်များက Serotonin ကဲ့သို့သော အာရုံကြောသတင်းပေးပို့သည့် ဓာတုပစ္စည်းများကို ထုတ်လုပ်ပေးပါသည်။
Serotonin သည် စိတ်အခြေအနေကို ထိန်းညှိပေးနိုင်သည့် ဟော်မုန်းတစ်မျိုးဖြစ်ပါသည်။
ထို့ကြောင့် အူလမ်းကြောင်းအတွင်း ဘက်တီးရီးယားများ အချိုးအဆ ညီမျှခြင်းသည် စိတ်ဖိစီးမှုနည်းပါးခြင်းနှင့် ပျော်ပျော်နေတတ်သည့် စိတ်အခြေအနေများနှင့် ပတ်သက်ဆက်နွယ်နေပါသည်။
ကိုယ်အလေးချိန်
အူလမ်းကြောင်းအတွင်း အန္တရာယ်ရှိသော ဘက်တီးရီးယားများ ပိုမိုများပြားလာ၍ ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားများ နည်းပါးလာခြင်းသည် ကိုယ်အလေးချိန်တက်ခြင်း၊ အဝလွန်ခြင်းများနှင့်လည်း ပတ်သက်ဆက်နွယ်နေပါသည်။
ထို့ကြောင့် အကျိုးပြုဘက်တီးရီးယားများ တစ်နည်းအားဖြင့် Probiotics များပါဝင်သော အစားအစာများကို ပိုမိုစားသုံးပေးခြင်းအားဖြင့် ကိုယ်အလေးအချိန်ထိန်းသိမ်းမှုကို တစ်ထောင့်တစ်နေရာမှ အကူအညီပေးနိုင်ပါသည်။
အရေပြား
အူလမ်းကြောင်းအတွင်းနေထိုင်သော ဘက်တီးရီးယားများသည် အရေပြားကျန်းမာရေးနှင့် ပတ်သက်ဆက်နွယ်နေသည်ဆိုခြင်းမှာ အံ့ဩဖွယ်ရာ ကိစ္စတစ်ခုဟု ဆိုနိုင်ပါသည်။
သို့သော် များစွာသောလေ့လာတွေ့ရှိမှုများအရ ထိုဘက်တီးရီးယားများသည် အရေပြားပေါ်တွင် အမဲကွက်များ အမဲစက်များ ဖြစ်ပေါ်ခြင်း၊ ဝက်ခြံထွက်ခြင်း၊ နှင်းခူဖြစ်ခြင်းနှင့် အခြားအရေပြားပြဿနာများနှင့် ပတ်သက်ဆက်နွယ်နေသည်ကို တွေ့ရှိရပါသည်။
ထို့ကြောင့် အကျိုးပြုဘက်တီးရီးယားများ၏ အရည်အတွက်၊ အရည်အသွေးကို တိုးတက်အောင် လုပ်ခြင်းအားဖြင့် အရေပြားကျန်းမာရေး ကောင်းမွန်လာအောင် အထောက်အကူပြုနိုင်ပါသည်။
သွေးတွင်းသကြားဓာတ်များကို ထိန်းညှိပေးခြင်း
အူလမ်းကြောင်းအတွင်း အကျိုးပြု ဘက်တီးရီးယားများ အချိုးအစား မျှတနေခြင်းသည် အမျိုးအစား ၁ ဆီးချိုရောဂါရှင်များတွင်သာမက အမျိုးအစား ၂ ဆီးချိုရောဂါရှင်များတွင်ပါ သွေးတွင်းသကြားဓာတ်များကို ကောင်းမွန်စွာထိန်းသိမ်းပေးနိုင်သည့် အခြေအနေများနှင့်လည်း ဆက်စပ်နေကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် အကျိုးပြုဘက်တီးရီးယားများ၏ အချိုးအစားမျှတစေရန် ဂရုပြုထိန်းသိမ်းသင့်လှပါသည်။