ခရီးသွားတဲ့အခါမှာ အစားအသောက်ကို အိမ်မှာလို သေချာဂရုမစိုက်နိုင်ဘဲ အဆင်ပြေသလိုသာ စားသောက်ရလေ့ရှိပါတယ်။ စားလိုက်တဲ့ အစားအစာက မသန့်ရှင်းတာ၊ ယင်နားစာတွေ ဖြစ်နေတာဆိုရင် ဝမ်းပျက်ဝမ်းလျှော ဖြစ်တော့တာပါပဲ။ မသန့်ရှင်းတဲ့ ရေတွေ သောက်မိလို့လည်း ပါတာပေါ့။ ခရီးသွားနေရတဲ့အခါ ရာသီဥတု အပြောင်းအလဲ၊ နေရာထိုင်ခင်း အပြောင်းအလဲတွေနဲ့ အသားမကျဘဲ စိတ်ဖိစီးရတဲ့အခါ ကိုယ်ခံအားလည်း ကျလာလို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတဲ့ ရောဂါပိုးတွေအတွက် အခွင့်အရေး ပိုရစေတတ်ပါတယ်။
ခရီးသွားစဉ်ဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ အများအားဖြင့် ဘက်တီးရီးယားပိုး ကူးစက်ခံရမှုကြောင့် ဖြစ်တတ်ပြီး အရမ်းတော့ ပြင်းထန်လေ့ မရှိပါဘူး။
– တစ်နေ့ကို ၃ ကြိမ်ထက်မနည်း ဝမ်းအရည်တွေ သွားတာ
– ဝမ်းသွားချင်စိတ် မကြာခဏ ဖြစ်တာ
– ဗိုက်နာတာ
– ပျို့အန်တာ
– ဖျားတာတွေ ဖြစ်တတ်ပါတယ်။
ဗိုက်အရမ်းအောင့်တာ၊ ဝမ်းထဲမှာ သွေးပါလာတာ၊ ၂ ရက်ကျော်တဲ့ထိ ဝမ်းမရပ်တာ၊ ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေ ပေါ်လာတာ၊ ဆီးနည်းတာ၊ အဖျား ၁၀၂ ဒီဂရီဖာရင်ဟိုက်ထက် ကျော်လာတာဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဘာ့ကြောင့်ပဲ ဝမ်းပျက်ဝမ်းလျှောဖြစ်ဖြစ် ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားတွေကို ပြန်ဖြည့်ဖို့က နံပါတ်တစ် အရေးအကြီးဆုံးအရာပါ။
မဟုတ်ရင် ရေဓာတ်ခန်းခြောက်တာကနေ ခန္ဓာကိုယ်တွင်းက electrolytes လို့ခေါ်တဲ့ ဓာတ်တွေ မညီမမျှ ဖြစ်လာတာ၊ သွေးပေါင်ချိန်ကျပြီး shock ဝင်တာကစ ကျောက်ကပ်ပျက်စီးပြီး အသက်ဆုံးရှုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။
ဝမ်းလျှောတာ အခြေအနေဆိုးလာခဲ့ရင် ဆရာဝန်နဲ့ ပြသပြီး ဘက်တီးရီးယားကြောင့် ဖြစ်တာဆိုရင် သင့်တော်တဲ့ ပိုးသတ်ဆေး သောက်တာဖြစ်ဖြစ်၊ ထိုးတာဖြစ်ဖြစ် ညွှန်ကြားပါလိမ့်မယ်။ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေချိန်မှာ ပူပူနွေးနွေး ပျော့ပျော့ပြောင်းပြောင်း အစာကြေလွယ်တာတွေ စားပါ။ အစာကြေဖို့ခက်တဲ့ အစာမာတွေ၊ ဝမ်းနူးစာတွေ ရှောင်ပါ။ အရိုးပြုတ်ရည်နဲ့ စွပ်ပြုတ်ပူပူနွေးနွေးလေး သောက်ပေးပါ။
ရေနဲ့ဓါတ်ဆားအပြင် ပိုတက်ဆီယမ် ဆုံးရှုံးမှုကြောင့် ပိုတက်ဆီယမ်ဓါတ် ကြွယ်ဝတဲ့ ငှက်ပျောသီး၊ ဖရဲသီးတွေ စားပေးပါ။ အုန်းရည်သောက်ပါ။ ကိုယ်ခံအားကောင်းရင် ဝမ်းလျှောခြင်း လက္ခဏာဟာ နောက်ဆက်တွဲဆိုးကျိုး မရှိဘဲ ၄၈ နာရီအတွင်း သက်သာနိုင်ပါတယ်။
ခရီးသွားစဉ် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်အောင် ကာကွယ်ဖို့ ဆိုရင်
– ရေများများ သောက်ပါ။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေလည်း သောက်ပါ။
– သန့်ရှင်းတဲ့ အစားအသောက်နဲ့ ရေကိုသာ သုံးစွဲပါ။
– လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးပါ။
– အာဟာရဖြစ်အောင် စားသောက်ပါ။ ကိုယ်ခံအားကောင်းအောင် အသီးအရွက်တွေ များများစားပါ။
– ရောဂါပိုးတွေ ကာကွယ်နိုင်အောင် ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်း၊ ငရုတ်ပွ စတာတွေ များများစားပေးပါ။
– နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အူလမ်းကြောင်းကို လှုံ့ဆော်မယ့် ဆေးရွက်ကြီးနဲ့ ကဖင်းပါတာတွေကို ရှောင်ပါ။
အလုပ်ကိစ္စ အရေးပေါ်ကိစ္စကြောင့် မသွားမဖြစ်တဲ့ ခရီးဆိုရင် မသွားဖို့ ရှောင်လို့ရမှာ မဟုတ်ပါဘူး။ ခရီးသွားနေစဉ်အချိန်မှာ အစားအသောက်နဲ့ ရေသန့်ရှင်းမှု ရှိအောင် ဂရုစိုက်ခြင်းဖြင့်ခရီးသွားတိုင်း ဝမ်းပျက်ဝမ်းလျှော မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Author: Dr.Yee Mon