ခရီးသွားနေစဉ် ခေါင်းကိုက်ခြင်း
ခေါင်းကိုက်ဝေဒနာကို လူတိုင်းနီးပါး မကြာခဏကြုံဖူးခံစားဖူးကြပေလိမ့်မည်။ ဦးခေါင်းခွံအတွင်းမှာ ကြွက်သား၊ တစ်ရှူး၊ သွေးကြောများ၊ အာရုံကြောငယ် များ များစွာ ရှိပါတယ်။ ထိုကြွက်သား၊ တစ်ရှုး၊ သွေးကြော၊ အာရုံကြောငယ်တွေ အကြောင်းတခုခုကြောင့် ထိခိုက်တာမျိုး ဖြစ်တဲ့အခါမှာ ခေါင်းကိုက်တာ ဖြစ်နိုင်ပါတယ်။ခေါင်းကိုက်တဲ့ပုံစံအမျိုးမျိုးရှိသလို ခေါင်းကိုက်စေတဲ့ အကြောင်းရင်းတွေလည်း အများကြီးရှိပါတယ်။ တချို့ကသာမန်လောက်သာ ကိုက်ပြီး အချို့မှာ မိမိရဲ့နိစ္စဒူ၀ အလုပ်တွေတောင် မလုပ်နိုင် လောက်အောင်ထိ ပြင်းပြင်း ထန်ထန် ကိုက်ခဲတတ်ကြပါတယ်။
ခေါင်းရဲ့ တစိတ်တပိုင်းပဲ ကိုက်တာရှိသလို တခေါင်းလုံး အုံခဲနေပြီး ကိုက်တာလည်း ဖြစ်နိုင်ပါတယ်။ စူးခနဲ စူးခန ဲကိုက်တာမျိုးလည်းရှိသလို တစစ်စစ်နဲ့ ကိုက်နေတာမျိုးလည်းရှိပါတယ်။ ဒါ့အပြင် ခေါင်းကိုက်လို့ နားထင်ကြောတွေတင်းတာ၊ လည်ပင်း ဂုတ်တလျှောက ်တင်းပြီး မအီမသာ ဖြစ်တာတွေလည်း ဖြစ်နိုင်ပါတယ်။တချို့လူတွေမှာ ခေါင်းကိုက်တာ တအားဆိုးလွန်းလို့ ခေါင်းကြီးကို ဖြုတ်ထားချင်လောက်တဲ့ထိ ခေါင်းကို နံရံနဲ့ဆောင့်ချင်တဲ့ထိတောင ်ဖြစ်တယ်လို့ ပြောတဲ့သူတွေလည်းရှိပါတယ်။
ခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့
• အအေးမိတာ၊ဖျားတာ
• စိတ်ဖိစီးစရာများတာ၊စိုးရိမ်သောကများတာ
• ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာ ရတာ
• မျက်စိအားနည်းတာ
• အာရုံကြောအားနည်းတာ
• အိပ်ရေးပျက်များတာ
• အရက်အလွန်အကျွံ့သောက်တာ
• သွေးတိုးတာ
• ဝမ်းချုပ်တာ
• ဦးနှောက်မှာရောဂါတခုခုဖြစ်တာ(ဦးနှောက်မှာသွေးခဲပိတ်တာ၊အကျိတ်ဖြစ်တာ၊ရောင်ရမ်းတာ၊အမြှေးရောင်တာစသဖြင့်)
• လည်ပင်းကျီးပေါင်းတက်တာ
• ရေဓါတ်ခန်းခြောက်တာ စတဲ့အကြောင်းတွေအများကြီးရှိပါတယ်။
ခေါင်းကိုက်ခြင်းဟာ အချိန်မရွေး၊နေရာမရွေးဖြစ်ပွားနိုင်ပါတယ်။ အိမ်မှာနေရင်း ကိုက်တာ နားနေလို့ရလို့ ပြသာနာမရှိပေမယ့် ခရီးသွားရင်းန ဲ့ခေါင်းကိုက်တဲ့အခါမှာကျ ပြသာနာရှိပါတယ်။ခရီးသွားရင်းနဲ့ခေါင်းကိုက်တာမျိုးက ကားမူးပြီး အန်တတ်တဲ့သူတွေ၊ ခရီးသွားရင်းနဲ့ အပေါ့ပါးသွားရင် ကရိကထများမှာမို့ ရေသိပ်မသောက်တဲ့သူတွေ၊ ခရီးသွားနေစဉ်နဲ့ သွားခါနီးမှာ အဆီအဆိမ့် ရင်ပြည့်စာတွေ အစားများတဲ့သူတွေ၊ ခရီးသွားရင်းနဲ့ အရက်အလွန်အကျွံ သောက်တဲ့သူတွေ မှာ အဖြစ်များပါတယ်။ခရီးထွက်တယ်ဆိုတာက စိတ်ရောကိုယ်ပါ အနားယူချင်လို့ ထွက်တာမျိုးလည်းရှိသလို အလုပ်ကိစ္စတွေ ပြီးမြှောက်ဖို့အတွက် မဖြစ်မနေ သွားရတာမျိုးလည်းရှိပါတယ်။ မည်သို့ပင်ဆိုစေကာမူ ခရီးသွားရင်း ခေါင်းကိုက်လာပါက လမ်းခရီးကရှုခင်းတွေ၊ အလှအပတွေ ခရီးရဲ့ အရသာတွေကိုလည်း မခံစားနိုင်သလို ပျော်လည်းပျော်နိုင်မှာမဟုတ်ပါဘူး။ အလုပ်ကိစ္စနဲ့သွားရတာမျိုးဆိုရင်လည်း ခေါင်းကိုက်နေပါက အဆင်ချောနိုင်မည်မဟုတ်ပေ။
ဒါ့အပြင် ခရီးသွားနေတာဆိုတော့ ဆေးခန်းပြဖို့လည်း မလွယ်ကူပါဘူး။ ဒါကြောင့် စာဖတ်ပရိသတ်တွေ အနေနဲ့ ခရီးသွားရင်း ခေါင်းကိုက်တာမျိုး ဖြစ်နိုင်ဖြေ နည်းအောင် ဘယ်လိုအချက်တွေကို လိုက်နာရမလဲ နဲ့ တကယ်လို့ ခရီသွားရင်း ရုတ်တရက် ခေါင်းကိုက်ခြင်းမျိုး ကြုံတွေ့ပါက ဘယ်လိုတွေလုပ်ဆောင်ရမလဲဆိုတာကို တင်ပြလိုက်ရပါတယ်။ခရီးသွားရင်း ခေါင်းကိုက်ခြင်း ဖြစ်နိုင်ခြေနည်းအောင် ခရီးသွားခါနီးနဲ့ သွားနေစဉ် မှာ အဆီအဆိမ့်နဲ့ အစာကြေခဲတဲ့ အစားစာတွေကို စားတာ ရှောင်ပါ။ ခရီးသွားနေစဉ်မှာ ရေကို မကြာခဏ သောက်ပေးပါ။ အပေါ့သွားချင်မှာ စိုးရိမ်ပြီး ရေမသောက်ပဲ နေတာမျိုး မလုပ်ပါနဲ့။
ယာဉ် (ကား၊ရထား၊လေယာဉ်၊သဘောၤစသည်တို့) စီးရင်းနဲ့ စာဖတ်တာ၊ ဖေ့ဘွတ်သုံးတာ၊ ဂိမ်းဆော့တာတွေ မလုပ်ပါနဲ့။ ခရီးသွားခါနီးနဲ့ သွားနေစဉ်မှာ အရက်အလွန်အကျွံ သောက်တာမျိုး ရှောင်ပါ။
ခေါင်းတခြမ်းကိုက်တတ်တဲ့သူ ဆိုပါက လက်ဖက်ရည်၊ကော်ဖီ စတဲ့ ကဖင်းဓါတ်ပါတဲ့ အစားသောက်တွေကို ရှောင်ပါ။ တကယ်လို့ လေအိတ်ကား သို့မဟုတ် အဲယားကွန်းဖွင့်တဲ့ ယာဉ်ကို ကြာရှည်စွာ စီးရမည့်ခရီးမျိုး ဖြစ်ပါက ကိုယ်ထိုင်ရတဲ့နေရာက အရမ်းအေးတဲ့ နေရာကျတာမျိုးလည်း ဖြစ်နိုင်တဲ့အတွက် နွေရာသီဖြစ်လင့်ကစား ဦးထုပ် သို့မဟုတ် ခေါင်းစွပ်ယူဆောင်သွားပါ။ အရမ်းအေးရင်လည်း ခေါင်းကိုက်တတ်ပါတယ်။
အရည်အသွေးမြင့်တဲ့ပါရာစီတမော အမျိူးအစားတကဒ် ဆောင်သွားပါ။ ရှုဆေးဆောင်ပါ။ ဓါတ်ဆားထုပ် ဆောင်ပါ။ တကယ်လို့ ကိုယ်စီးရတဲ့ယာဉ်က အဲယားကွန်းမပါလို့ အရမ်းပူ၊ သွားရတဲ့ခရီးကလည်း ပူအိုက်ဖို့များ၊ ကိုယ်ကလည်း ချွေးထွက်သန်တယ်ဆိုရင် ဓါတ်ဆားရည် ဖျော်သောက်ပေးပါ။ အရမ်းပူပြီး ချွေးထွက်များလို့ ရေဓါတ်ဆုံးရှုံးပါကလည်း ခေါင်းကိုက်နိုင်ပါတယ်။
ခရီးသွားရင်းနဲ့ ခေါင်းကိုက်လာပါက အရည်အသွေးမြင့်တဲ့ ပါရာစီတမောကို ၆နာရီခြား တကြိမ် တစ်ပြား သောက်နိုင်ပါတယ်။ ရှုဆေးရှုပါ။ မိမိလက်နှစ်ဖက်နဲ့ ခေါင်းကို ကိုင်ထားကာ လက်မနှစ်ဖက်နဲ့ နားထင်ကို ဖိပြီး အနည်းငယ်အားထည့်ကာ ပွတ်ပေးပါ။
တကယ်လို့ ခေါင်းကိုက်ခြင်းနဲ့အတူ မူးဝေခြင်း၊ အမြင်ဝါးခြင်း၊ ခြေလက်တုန်ခြင်း၊ ကိုယ်ပူခြင်း၊ နားထဲမှအသံများကြားခြင်း၊ မောဟိုက်ပြီး အားမရှိသလိုဖြစ်ခြင်း တွေပါ တွဲဖြစ်ရင်၊ ဆေးသောက် ရှုဆေးရှု စတာတွေ လုပ်သော်လည်း မသက်သာရင် အနီးပတ်ဝန်းကျင်ကို အကူညီတောင်းပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းပြဖို့လိုပါတယ်။
Author : Dr. 528