Vitamin D 3 သောက်ချင်တယ်
ဒေါ်လုံးတစ်ယောက် ဆေးခန်းရှေ့ရှိ လူနာများကို ကြည့်ရင်း စိတ်မောသွားသည်။ ဆရာဝန်လေး ဆေးခန်းတွင် လူနာများ နှင့် ပြည့်နှက်နေသည်။ ကောင်းကင်ကို ကြည့်လိုက်သောအခါ မိုးသားတိမ်တိုက်တို့ ။ လေကြမ်းကြမ်းလေး တစ်ချက် တိုက်လိုက်သည်။ မဲမှောင်နေသော တိမ်တိုက်တို့က လေနီးကြမ်းကြောင့် ရွေ့သွားကြပြီ။ ဒေါ်လုံးတစ်ယောက် ကောင်းကင်ကြီးကို မော့ကြည့်ရင်း အတွေး ကောင်းနေမိသည်။
နာမည်ခေါ်သံကြားသဖြင့် ဆေးခန်းတွင်းသို့ ဝင်လိုက်သည်။ ဆရာဝန်လေးက အပြုံးနှင့် ဆီးကြိုသည်။
” ဘာဖြစ်လို့လဲ ဒေါ်ဒေါ် ” ဆရာဝန်လေး က လက်ဆေးနေရာမှ ထိုင်ခုန်ပေါ်ပြန်ထိုင်လိုက်သည်။
ဒေါ်လုံးတစ်ယောက် ပြောသင့် မပြောသင့် ချိန်ဆ နေသည်။ ပြောလည်း ပြောချင်သည်။ ပြောလည်း မပြောရဲဖြစ်နေသည်။ ပြောလိုက်လျှင် ဆူမလားလည်း စိုးရိမ်သည်။
“ပြောပါ ဒေါ်ဒေါ်။ အား မနာပါနဲ့ ” ဆရာဝန်လေးက နောက်တစ်ကြိမ် ထပ်ပြောလိုက်မှ ဒေါ်လုံးတစ်ယောက် အရဲစွန့်ပြီးပြောလိုက်သည်။
” ကျွန်မနေ ကောင်းပါတယ် ဆရာ။ ကျွန်မ ဆရာ့ကို တိုင်ပင်စရာလေး ရှိလို့ပါ ”
” ဟုတ်ကဲ့ တိုင်ပင်လို့ရပါတယ် ”
” ကျွန်မ သူငယ်ချင်းတွေ က vitamin D 3 ဆိုတာကို သောက်ကြတယ်ဆရာ။ vitamin D 3 ချို့တဲ့ရင် ဖြစ်တဲ့ လက္ခဏာတွေ ကျွန်မ မှာ ဖြစ်နေတယ် ထင်လို့ပါ။ ကျွန်မသောက်ချင်လို့ပါ ဆရာ။ တစ်ချို့ကတော့ဆေးအရင် စစ်ကြည့်ရမယ်လို့ပြောတယ်။ သွေးထဲမှာ Vitamin D 3 နည်းရင် သောက်ရမယ်လို့ပြောကြတယ်။ အဲဒါ ကျွန်မ သွေးထဲမှာ Vitamin D3 စစ်ကြည့်ချင်လို့ပါဆရာ။ ”
” ဟုတ်ကဲ့ပါ။ ဒေါ်ဒေါ် သဘောပါ။ ဒေါ်ဒေါ် စစ်ကြည့်ချင်ရင် စစ်ကြည့်လို့ရပါတယ်။ ”
“ဒါပေမဲ့ ဆရာရယ် သွေးဖောက် စစ်တာက ဈေးကြီးတယ် ဆရာ။ အဲဒါ ကျွန်မ မတတ်နိုင်လို့ ဒီအတိုင်းပဲ သွေးဖောက်မကြည့်ပဲ ကျွန်မ သောက်လို့ရလားလို့ လာမေးတာပါ ”
” သွေးဖောက်မကြည့်ပဲ နည်းနေလား များနေလား ဘယ်သူမှ မသိနိုင်ပါဘူး။ ဖြည့်စွက်စာဆိုတာ နည်းနေမှ လိုမှ သာ သောက်ရတာပါ။ မလိုပဲနဲ့ သောက်စရာမလိုပါဘူး။ အဲဒီတော့ သွေးထဲမှာ နည်းနေလား များနေလား တော့ သိဖို့လိုပါတယ်။ သွေးဖောက်စစ်ကြည့်လိုက်ပါ”
” အခုဆိုရင် ကျွန်မ ကြွက်သားတွေ အားနည်းတယ်။ တစ်ခါတစ်လေ ကြွက်တတ်ချင်သလို ဖြစ်ချင်တယ်။ နောက်ပြီး ခုခံအားလည်း နည်းတယ်ထင်တယ်။ အအေးမိတတ်တယ်။”
” မိုးတွင်းဆိုတော့ ဖျားတတ်တာ ဖြစ်တတ်ပါတယ်။” ဆရာဝန်လေးမှ ဝင်ထောက်သည်။
“ကျွန်မ အခု ဖြစ်နေတဲ့ လက္ခဏာတွေက Vitamin D3 ချို့တဲ့ရင် ဖြစ်တဲ့ လက္ခဏာတွေပဲလေ ”
ဒေါ်လုံးတစ်ယောက် ဆရာဝန်အား မိချောင်းမင်းရေခင်း ပြသလိုမျိုးဖြစ်နေသည်။
ဆရာဝန်လေး ကား မျက်မှန်အားချွတ်ကာ စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် ထိုင်ခုံပေါ်သို့နောက်လှန်ကာ ထိုင်ချလိုက်သည်။ ဒေါ်လုံးပြောပြမည့် စကားများကို အေးအေးဆေးဆေး နားထောင်တော့မည့်ဆိုသည့် သဘောပင်။
” ဒေါ်ဒေါ် ဘာတွေ ခံစားနေရပြီး ဘာတွေ က vitamin D 3 ချို့တဲ့ တယ်လို့ ဒေါ်ဒေါ် ထင်နေတာလဲ ”
” ဒီမှာ ဆရာရယ် ကျွန်မ အခုဆိုရင် အရင် ငယ်ငယ်တုန်းကလို မဟုတ်တော့ဘူး ”
” အသက်ကကြီးလာပြီလေ ” ဆရာဝန်လေးမှ စကားဝင်ထောက်လိုက်သည်။
” ကျွန်မ အရင်လို ခြေတွေ လက်တွေ မသယ်ချင်ဘူး နှုန်းချိနေတယ်။ ကြွက်သားတွေလည်း နာတယ် ဆရာ၊ ဆံပင်တွေလည်း အရမ်းကျွတ်တယ်။ ”
” ဟုတ်ကဲ့ ”
“ဒါတွေက vitamin D3 ချို့တည့်တဲ့ လက္ခဏာတွေ ပေါ့ ဆ ရာရယ် ”
ဒေါ်လုံးတစ်ယောက် ဆရာလေးအား စိတ်ရှည်ရှည်ထား ရှင်းပြပြီးသည့်အတွက် အတော် မောသွားပုံရသည်။
ဆရာဝန်လေးမှ ပြုံးပြီးနားထောင်နေသည်။
” ဒေါ်ဒေါ်က အခု ဘာဖြစ်ချင်လို့လဲ။ ”
ဆရာလေးမှ ပြန်မေးလိုက်သည်။
“ကျွန်မမှာ အဲဒီလိုမျိုးလက္ခဏာတွေ ရှိနေတဲ့အတွက် vitamin D3 ဖြည့်စွက်စွာ စားလို့ရမလား ဆရာ။ ကိုယ့်သဘောနဲ့ကိုယ်လည်း မစားချင်တာနဲ့ ဆရာနဲ့လာတိုင်ပင်တာပါ ”
” ဒီအတိုင်းတော့ ထင်တယ်ဆိုပြီး စားလို့မရပါဘူး။ သွေးဖောက်စစ်ကြည့်ချင်ပါတယ်။ သွေးဖောက်စစ်ကြည့်လို့နည်းနေတယ်ဆိုမှ သောက်သင့်တာပါ။ ”
” ဟုတ်ကဲ့ပါဆရာ။ သွေးမဖောက်ပဲ ဒီအတိုင်းသောက်လို့မရဘူးပေါ့နော်။ လက္ခဏာတွေ ကတူနေလို့ပါ ”
ဒေါ်လုံးတစ်ယောက် ဆရာဝန်အား ဈေးဆစ်ကြည့်နေသည်။
” အခုဖြစ်နေတဲ့ လက္ခဏာတွေက Vitamin D 3 ချို့တဲ့တယ် လို့တစ်ထစ်ချ ပြောလို့မရဘူး။ အရင် သွေးဖောက်စစ်ကြည့်ပါ။ သွေးဖောက်စစ်ပြီး ပြန်လာပြပါ ”
” ဟုတ်ကဲ့ပါ။ ”
ဒေါ်လုံးတစ်ယောက် စိတ်ညစ်ညစ်နှင့်ပဲ ဆေးခန်းထဲမှ ထွက်သွားခဲ့သည်။ သူများတွေ သောက်သလိုမျိုး ဒေါ်လုံးလည်း ဆေး သောက်ချင်သည်။ အခုတလော သူငယ်ချင်းတွေ သောက်နေတာမြင်တော့ သူလည်း သောက်ကြည့်ချင်သည်။ အခုတော့ သွေးသွားဖောက်ရဦးမည်။ သွေးဖောက်စစ်ဖို့ မြို့ထဲထိ သွားရမည်။ သမီးကို လိုက်ပို့ခိုင်းရမည်။ လမ်းထိပ်က ဆရာဝန်လေး က ဖောက်ခိုင်းလို့ ဖောက်ရတာဟု သမီးကို ပြောရမည်။ ဒေါ်လုံးတစ်ယောက် အတွေးများစွားနှင့် အိမ်ပြန်လာခဲ့သည်။
သုံးရက်မြောက်နေ့တွင်တော့ ဒေါ်လုံးတစ်ယောက် ဆေးစာရွက်လေးကိုင်ကာ ဆရာဝန်လေး ဆေးခန်းသို့ရောက်လာသည်။ ဆရာဝန်လေးအား ဆေးစာရွက်ပြလိုက်သည်။
” မနည်းပါဘူး ဆေးသောက်စရာ မလိုပါဘူး။ ပုံမှန် limit ထဲမှာ ရှိနေတာပဲ။ ”
” နည်းနည်း နည်းနေသလားလို့ပါဆရာ။ ကျွန်မသောက်လိုက်ရမလား။ ”
” အော် ခက်လှချည်ရဲ့ ဒေါ်ဒေါ်ရယ်။ ဒီမှာ သွေးဖောက်စစ်ထားတဲ့ အဖြေထဲကိုမှာက sufficient လို့ရေးထားတယ်။ ကျွန်တော် လို ဆရာဝန်တစ်ယောက်လုံးကတောင် သောက်ဖို့မလိုဘူးလို့ပြောထားတာပဲ မလိုပါဘူး ”
” သူများတွေလည်း သောက်တော့ ကျွန်မလည်းသောက်ချင်လို့ပါဆရာ။ Vitamin D3 နည်း ရင် ကင်ဆာရောဂါတွေ ၊ ဓာတ်မတည့်တာတွေအပြင် အမျိုးသမီးများမှ ဖြစ်တတ်တဲ့ သွေးလေးဖက်နာ နဲ့ အရိုးကျိုးတာတွေ သွေးတိုးတို့ နှလုံးရောဂါတို့ ဖြစ်တတ်တယ်တဲ့နော် ဆရာ။ ကျွန်မ အသက်ကြီးပြီ ဒါမျိုးတွေ ဖြစ်မှာ စိုးလို့ပါ။ ”
” အော် ဒေါ်ဒေါ်ရယ် လိုအပ်ရင် ကျွန်တော် သောက်ခိုင်းမှာပေါ့ အခုဟာက မလိုအပ်လို့ မသောက်ခိုင်းတာပါ။ ဒေါ် ဒေါ် ပြောတာတွေ မှန်ပါတယ်။ Vitamin D 3 ချို့တဲ့ရင်
ဖြစ်တယ်ဆိုတာ။ ဒါပေမဲ့ ဒေါ်ဒေါ်သိထားရမှာ တစ်ခု က Vitamin D 3 ဆိုတာမျိုးက ဖြည့်စွက်စာအပြင် ကျွန်တော်တို့ရဲ့ အရည်ပြားကနေလည်း သူ့ကိုထုတ်ပေးတယ်။ ကျွန်တော်တို့တွေ မနက်ခင်းနေရောင်ထဲကို ထွက်လိုက်ရင် ကျွန်တော်တို့ ခန္ဓာကိုယ်ကနေ Vitamin D3 ကို ထုတ်ပေးပါသည်။ အဲဒီအတွက် ကျွန်တော်တို့ မြန်မာနိုင်ငံလိုမျိုး နေထွက်တဲ့ နိုင်ငံတွေမှာ Vitamin D3 နည်းပါးတယ်ဆိုတာ အရမ်းရှားပါးပါတယ်။ သူများနိုင်ငံတွေမှာတော့ နေရောင်မမြင်ရတဲ့ နိုင်ငံတွေ နေ မထွက်တဲ့ နိုင်ငံတွေမှာ သာ Vitamin D 3 က နည်းပါးကြတာပါ။ ကျွန်တော်တို့လို မြန်မာနိုင်ငံအတွက် Vitamin D3 ချို့တဲ့ တယ်ဆိုတာ ကလေးငယ်တွေမှာလည်း အဖြစ်များတာပါ။ ဒေါ်ဒေါ် စိုးရိမ်ရင် ဖြည့်စွက်စွာတော့ မသောက်ပါနဲ့ဦး။ မနက်ခင်း နေရောင်ထဲကို တစ်နေ့ ၁၅ မိနစ်လောက်ထွက်ပေးပါ။ မနက် ၁၀ နာရီ မထိုးခင်အထိပဲနော်။ မနက် ၁၀ နာရီ ကျော်သွားရင်တော့ နေရောင်ထဲ မထွက်သင့်တော့ဘူး။ အရမ်းလွန်ရောင်ခြည်တွေ အရမ်းများလာပြီ။ အဲဒါကြောင့် မနက်စောစောပိုင်းတွေမှာ နေရောင် ၁၅ မိနစ်လောက် ခံလိုက်ရင် အဲဒါဆိုရင် ဒေါ်ဒေါ် အတွက် လုံလောက်ပါတယ်။ နောက်ပြီး ဒေါ်ဒေါ် လိုအပ်တဲ့ Vitamin D 3 ကို စားလို့လည်း ရပါတယ်။ Vitamin D3 က ငါးမှာ အများဆုံးပါတတ်ပါတယ်။ ငါးများများစားပါ။ ဒါအပြင် အမဲ အသည်း၊ နို့နဲ့ နို့ထွက် အစားအစာတွေနဲ့ ပဲနို့ တွေမှာ လည်း ပါ ပါတယ်။ ဒီအစားအစာတွေ စားပေးရင် Vitamin D 3 က လူတစ်ယောက်အတွက် လုံလောက်ပါတယ်။ မလိုအပ်ပဲ မသောက်စေချင်တာပါ။ လိုအပ်ရင် ကျွန်တော် ဒေါ်ဒေါ်ကို တိုက်မှာပါ။”
” ဟုတ်ကဲ့ပါဆရာ။ ကျွန်မသောက်ဖို့မလိုအပ်တာ သေချာပါတယ်နော် ” ဒေါ်လုံးတစ်ယောက် စိတ်ပူစွာနှင့် ထပ်မေးလိုက်သည်။
” သေချာပါတယ်။ ”
” တစ်ချို့ ကျွန်မ သူငယ်ချင်းတွေ ချို့တဲ့လို့တဲ့ ဆေးတွေ သောက်နေရတယ်။ ”
” တစ်ချို့ က အိမ်ထဲက အိမ်ပြင်မထွက်ကြဘူးလေ။ နေရောင်လည်း မခံကြတာနဲ့ Vitamin D 3 ချို့တည့်ကြတာပါ။ ဒေါ်ဒေါ်က အိမ်ပြင်မထွက်တဲ့သူမှ မဟုတ်တာ။ နောက်တစ်ချက် က Vitamin D3 ကို အမြဲ သောက်နေတဲ့ သူတွေမှာ များသွားရင် side effect တွေ အများကြီးရှိပါတယ်။ အလွန်အကျွံများသွားရင် သွေးထဲမှာ calcium (ကယ်လ်စီယမ်ဓာတ်) များတာဖြစ်စေနိုင်တယ်။ စားချင်စိတ်နည်းမယ်။ ပျို့မယ်။ အန်မယ်။အားနည်းမယ်။ အိပ်မပျော်တာတွေဖြစ်မယ်။ ဆီးများလာမယ်။ စိတ်ဂနာမငြိမ်ဖြစ်မယ်။ ယားယံမယ်။ ကျောက်ကပ်ပျက်စီးတာတွေ ဖြစ်တတ်တယ်။ ဒါက လူကြီးတွေမှာ ဖြစ်တတ်တာပါ။ ကလေးတွေမှာ Vitamin D3 များနေမယ်ဆိုရင်တော့ ကလေးရဲ့ ဉာဏ်ရည်ကို ထိခိုက်ပါမယ်။ အရိုးတည်ဆောက်မှုကို ထိခိုက်ပါမယ်။ ဝမ်းလျှောမယ်။ စိတ်တိုမယ်။ ကိုယ်အလေးချိန်ကျသွားမယ်။ စိတ်ဓာတ်ကျတာတွေ ဖြစ်တတ်ပါတယ်။ ကလေးမှာလည်း ကျောက်ကပ်ပျက်စီးတာဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး Vitamin D 3 အလွန်အကျွံများနေခြင်းဟာ အပြင်ကနေ ဖြည့်စွက်စွာ စားတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Vitamin D3 သောက်မယ်ဆိုရင် ကိုယ့်သဘောနဲ့ ကိုယ်မသောက်ပဲ နားလည် တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်”
” ဟုတ်ကဲ့ပါဆရာ။ ဆရာရှင်းပြမှပဲ ကျွန်မ နားလည်တော့တယ်။ ကျွန်မက Vitamin D 3 နည်းမှာကိုပဲ ကြောက်နေတာ။ များရင် ဖြစ်တတ်တဲ့ လက္ခဏာတွေကို ဆရာရှင်းပြမှပဲ သိတော့တယ်။ ကျေးဇူးတင်ပါတယ် ဆရာ ”
ဒေါ် လုံးတစ်ယောက် ဆရာဝန်လေးဆီမှ ဆေးစစ်ထားတဲ့ စာရွက်လေးကိုင်ကာ အိမ်သို့ပြန်လာခဲ့သည်။
မလိုအပ်လို့မသောက်ခိုင်းတာပဲလေ။ လိုအပ်ရင် သောက်ခိုင်းမှာပေါ့လို့တွေးရင်း အိမ်အပြန် ခြေလှမ်းများကား သွက်လက်လျှက်
Author : Dr. အေးချမ်းမိုး