ခေါင်းကိုက်တယ်ဆိုတာ လူအများစုတွေးထင်နေတာထပ်ပိုရှုပ်ထွေးတတ်ပါတယ်။ နာကျင်ကိုက်တဲ့နေရာပေါ်မူတည်ပြီး ခေါင်းကိုက်တာကို အမျိုးအစားတွေခွဲလို့ရပါတယ်။ ဥပမာ-ခေါင်းတစ်ခြမ်းကိုက်တာလား ဒါဆိုမိုင်ဂရိန်းလို့ခေါ်တဲ့ရောဂါဖြစ်နိုင်မယ်။ ခေါင်းနောက်စေ့နားကပဲ ကိုက်နေတာလား၊ ဒါဆို သွေးတိုးကြောင့်ဖြစ်နိုင်မယ်၊ သွေးပေါင်ချိန်တွေဘာတွေတိုင်းကြည့်ဖို့လိုမယ်။ အခုဒီဆောင်းပါးမှာတော့ စိတ်ဖိစီးလို့၊ စိတ်ညစ်လို့ဖြစ်တတ်တာများတဲ့ ခေါင်းကိုက်ရောဂါအကြောင်းကို ပြောပြပေးသွားမှာပါ။
စိတ်ဖိစီးလို့ခေါင်းကိုက်တာကို အင်္ဂလိပ်လို Tension Headache ဒါမှမဟုတ် Stress Headache လို့ခေါ်ပါတယ်။ ခေါင်းတင်းပြီးကိုက်တာမျိုးပေါ့၊ ဒီလိုခေါင်းကိုက်တဲ့အခါ ခေါင်းပတ်လည်မှာ ကွင်းကြီးတစ်ခုခုပတ်စည်းထားသလို ကျပ်ပြီးကိုယ်ခဲနေလေ့ရှိတယ်လူအတော်များများမှာ တွေ့ရလေ့ရှိတယ်။ ကံကောင်းတာက အခုခေတ်မှာ သောက်ဆေးတွေလည်း ပေါ်နေပြီဖြစ်လို့ ပျောက်ကင်းအောင်ကုသလို့ရနေပါပြီ။ ဆေးသောက်တာ၊ နေထိုင်စားသောက်မှုပုံစံပြောင်းလဲတာ၊ လေ့ကျင့်ခန်းလုပ်တာ စတဲ့နည်းတွေနဲ့သက်သာအောင် ပြုလုပ်နိုင်ပါတယ်။
ဘာလက္ခဏာတွေပြမလဲ
– ခေါင်းကြီးက အုံပြီးကိုက်ခဲနေမယ်။
– နဖူး ဒါမှမဟုတ် ခေါင်းရဲ့ဘေးပတ်လည်မှာ တင်းပြီး တစ်ခုခုနဲ့ပတ်စည်းထားသလို ခံစားရမယ်။
– ဦးခေါင်းပေါ်၊ လည်ပင်းနဲ့ ပခုံးတွေမှာ တင်းပြီးနာကျင်နေမယ်။
အဓိကအားဖြင့် ဒီလိုခေါင်းကိုက်တာကို ရံဖန်ရံခါဖြစ်တာနဲ့ ကာလကြာရှည်ဖြစ်တာဆိုပြီး အမျိုးအစား ၂ မျိုးခွဲလို့ရတယ်။
ရံဖန်ရံခါဖြစ်တတ်တဲ့ခေါင်းကိုက်ရောဂါ – ဒီလိုခေါင်းကိုက်ရောဂါက တစ်ခုဖြစ်ရင် မိနစ် ၃၀ လောက်ကြာတတ်တယ်။ တစ်ပတ်လောက်ထိ သက်သာလိုက်ပြန်ဖြစ်လိုက် ဖြစ်နေတတ်တယ်။ တစ်လမှာ တစ်ပတ်ဆယ်ရက်လောက်တော့ ခံစားရလေ့ရှိတယ်။ ဒါပေမဲ့ ဒီလိုခံစားရတာကြာလာရင်လည်း ကာလကြာရှည်ခံစားရတဲ့ဖက်ကို ကူးပြောင်းသွားတတ်တယ်။
ကာလကြာရှည်ခေါင်းကိုက်ခြင်း – ဒီလိုခေါင်းကိုက်တာမျိုးကတော့ တစ်ခါကိုက်ရင် နာရီနဲ့ချီကြာပြီးကြာတတ်တယ်။ တစ်လမှာ အနည်းဆုံး ၂ ပတ်လောက်ဖြစ်တတ်တယ်။ ၃ လလောက်ဆက်တိုက်ဖြစ်လေ့ရှိတယ်။
မိုင်ဂရိန်းလို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါနဲ့ ဘာကွာသလဲ
ဒီခေါင်းကိုက်ရောဂါနှစ်ခုက ခွဲခြားရတော့ခက်ပါတယ်။ သို့ပေမဲ့ ကိုယ်ကခဏခဏ ခေါင်းကြီးတင်းပြီး ကိုက်နေရင်လည်း ခေါင်းတစ်ခြမ်းကိုက်ရောဂါဖြစ်သွားဖို့ အခွင့်အလမ်း များတယ်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါနဲ့ မတူတာက စိတ်ဖိစီးလို့ခေါင်းကိုက်ရင် အမြင်တွေေဝေဝါးတာ၊ ပျို့တက်တာ၊ အန်ချင်တာ တွေဖြစ်လေ့မရှိဘူး။ နောက်ပြီးခေါင်းတစ်ခြမ်းကိုက်ရောဂါရှိတဲ့သူက လှုပ်လှုပ်ရှားရှားလုပ်လိုက်ရင် ပိုခံစားရတယ်။
ဘယ်အချိန်မှာ ဆရာဝန်သွားပြသင့်သလဲ
တကယ်လို့ကိုယ့်မှာ အောက်ပါအခြေအနေတွေခံစားနေရပြီဆို ဆရာဝန်သွား ရောက်ပြသကြည့်သင့်ပါတယ်။
ရုတ်တရက်ထိုးပြီး ခေါင်းကိုက်တာ၊ ခေါင်းကိုက်တာအပြင် ဖျားမယ်၊ ဇက်တောင့်နေမယ်၊ စိတ်တွေ အာရုံစုစည်းလို့ မရဘူး ဖြစ်နေမယ်၊ တက်မယ်၊ ပုံရိပ် ၂ ထပ်မြင်တာတွေဖြစ်မယ်၊ အားနည်းသလိုခံစားရမယ်၊ ခြေတွေလက်တွေထုံကျဉ်နေပြီး စကားပြောတဲ့အခါမှာလည်း လျှာလေးအာလေးဖြစ်နေမယ်၊ ခေါင်းကိုက်ဝေဒနာမခံစားရခင် ထိခိုက်ဒဏ်ရာတစ်ခုခုလည်း ရခဲ့သေးတယ်
ဒါမျိုးတွေဖြစ်လာရင်တော့ ဆရာဝန်နဲ့သွားရောက်ပြသသင့်ပါတယ်။
ဘာကြောင့်ဖြစ်တာလဲ
ဒီလိုခေါင်းကြီးပတ်လည်က တင်းပြီးကိုက်နေတာဘာလို့လည်းဆိုတဲ့ တိကျတဲ့အကြောင်းအရင်းတော့သေချာမသိရသေးပါဘူး။ အရင်တုန်းကတော့ ပညာရှင်တွေက ဒါဟာ မျက်နှာ၊ လည်ပင်းနဲ့ ခေါင်းကကြွက်သားတွေ ညှစ်အားများလို့ ဖြစ်တယ်လို့ ဆိုပါတယ်။
စိတ်ညစ်တဲ့အခါ၊ စိတ်ဖိစီးမှုများတဲ့အခါ၊ စိတ်လှုပ်ရှားစရာကိစ္စတွေဖြစ်တဲ့ အခါမှာ ဒီကြွက်သားတွေကို အလုပ်ပေးသလိုဖြစ်တာကြောင့် ပုံမှန်ထပ်ပိုညှစ်တယ်၊ ရလဒ်အနေနဲ့ ခေါင်းကိုက်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နောက်ပိုင်းလေ့လာချက်တွေအရတော့ ဒီလိုကြောင့်မဟုတ်ပဲ ကျွန်တော်တို့ဆီမှာပါတဲ့ နာကျင်မှုကို ခံစားတဲ့ စနစ်ကြောင့်ဖြစ်တာလို့ တွေ့ရှိခဲ့တယ်။ တချို့သူတွေမှာ ဒီနာကျင်မှုကို ခံစားတဲ့စနစ်က တခြားသူတွေထပ်ပိုပြီး လက်ခံနိုင်စွမ်းအားမြင့်တာကြောင့် ဒီလို ခေါင်းကိုက်ရောဂါတွေမကြာမကြာ ဖြစ်လေ့ရှိတာလို့ဆိုပါတယ်။ ဘယ်လိုပဲဆိုဆို စိတ်ဖိစီးမှုက ခေါင်းကိုက်ဝေဒနာ ဖြစ်စေတဲ့အဓိက တရားခံဆိုတာကိုတော့ အားလုံးလက်ခံထားကြပါတယ်။
နောက်ဆက်တွဲဘာတွေဖြစ်နိုင်သလဲ
အဓိကအားဖြင့်တော့ ကျန်းမာရေးဆိုင်ရာထက် ကိုယ့်နေ့စဉ်လှုပ်ရှားမှုတွေ၊ အလုပ်အကိုင်တွေမှာ ထိခိုက်လာနိုင်ပါတယ်။ အာရုံစူးစိုက်ရမယ့်အလုပ်တွေ လုပ်ရခက်လာမယ်။ အလုပ်ကိုသွားရလာရတာတောင် ခက်ခဲလာမယ်၊ ဒါတွေနဲ့ ဆက်စပ်ပြီး ကိုယ့်ရဲ့ အလုပ်လုပ်နိုင်စွမ်းပါ ကျဆင်းလာတာထိဖြစ်နိုင်တယ်။
ဘယ်လိုကာကွယ်မလဲ
ကိုယ့်ဘာသာအိမ်မှာလေ့ကျင့်ခန်းမှန်မှန်လုပ်တာအပြင် Biofeedback Training လို့ခေါ်တဲ့ ကြွက်သားထိန်းချုပ်တဲ့ လေ့ကျင့်ခန်းမျိုးတွေလည်း ပေါ်ပေါက်နေပါပြီ။ စိတ်ဖြေလျော့ လေ့ကျင့်ခန်းတွေလည်း လုပ်ပေးလို့ရတယ်။
Biofeedback Training – ဒီနည်းလမ်းက သင့်ခန္ဓာကိုယ်က နာကျင်မှုကိုတုန့်ပြန်တဲ့ပုံစံကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့နည်းလမ်းပါ။ ဒီနည်းကိုကိုယ့်ဖာသာ အိမ်မှာကျင့်သုံးတာထက် ဆရာဝန်နဲ့ လုပ်တာက ပိုအကျိုးရှိမယ်။ ဒီနည်းကို စလုပ်တဲ့အခါမှာ သင့်ခန္ဓာကိုယ်မှာ နှလုံးခုန်တိုင်းတာ စက်တွေ၊ သွေးပေါင်ချိန်တိုင်း စက်တွေ စတဲ့ပစ္စည်းတွေ တပ်ဆင်ထားပြီး ကိုယ်ခံစားရတဲ့ နာကျင်မှုကို အာရုံစိုက်ပြီး ကြွက်သားတွေ တောင့်တင်းမှုကို ဖြေလျော့ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာတော့ သိပ်မတွင် ကျယ်သေးပါဘူး။
စိတ်ပိုင်းဆိုင်ရာဆွေးနွေးတိုင်ပင်တာ – ဒီနည်းက အခုနောက်ပိုင်း အတော်အသုံး များလာတယ်။ ကိုယ်ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေ၊ ရှုပ်ထွေးနေတဲ့ အတွေးတွေကို ဆရာဝန်နဲ့ အေးအေးဆေးဆေး ပြောဆိုတိုင်ပင်ခြင်းဖြင့် ခေါင်းကိုက်ဝေဒနာကို သက်သာအောင် လုပ်ပေးတဲ့သဘော ဖြစ်ပါတယ်။
တခြားနည်းလမ်းတွေအနေနဲ့ကတော့ ကိုယ့်ဘာသာလုပ်လို့ရတာတွေထဲကဆို ယောဂကျင့်တာ၊ စိတ်တည်ငြိမ်အောင်တရားထိုင်တာ၊ ကြွက်သားတွေ ဖြေလျော့တဲ့ လေ့ကျင့်ခန်းလုပ်ပေးတာ၊ စိတ်ကိုအေးချမ်းစေတဲ့ စာအုပ်တွေ ဖတ်တာ၊ သီချင်းတွေ နားထောင်တာမျိုးတွေ လုပ်လို့ရပါတယ်။
နေထိုင်စားသောက်မှုနဲ့ ပတ်သက်ပြီးပြောရရင်တော့
– အိပ်ရေးဝပါစေ၊ ဒါပေမဲ့အလွန်အကျွံတော့ မအိပ်ပါနဲ့
– ဆေးလိပ်၊ အရက်၊ ကဖင်းဓာတ်ပါတဲ့သောက်စရာတွေရှောင်ပါ
– လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ
– အာဟာရမျှတအောင်စားသောက်ပါ
– ရေများများသောက်ပါ
ကိုယ်ခေါင်းကိုက်ဝေဒနာခံစားနေရရင် ဒီလိုမျိုးပြုမူနေထိုင်တာအပြင် သောက်ဆေးပါ တွဲသောက်တာမျိုးကပိုပြီး ထိရောက်မှုရှိပါတယ်။
ရောဂါရှာဖွေစစ်ဆေးခြင်း
တကယ်လို့ ကိုယ်က ရံဖန်ရံခါ ဒါမှမဟုတ် ကာလကြာရှည်ခေါင်းကိုက်ဝေဒနာခံစားနေရင် ဆရာဝန်ကသေချာစစ်ဆေးမှုတွေပြုလုပ်ပါလိမ့်မယ်။ ကိုယ့်ရောဂါရာဇဝင်ကိုသေချာမေးမယ်၊ လိုအပ်တဲ့စမ်းသပ်မှုတွေပြုလုပ်မယ်။ အဓိကအားဖြင့်တော့ ခေါင်းကိုက်တဲ့ ပုံစံကဘယ်လိုကိုက်တာလဲ၊ တစ်ဆစ်ဆစ်နဲ့ကိုက်တာလား၊ တစ်ခုလုံးခဲနေတာလား၊ စူးခနဲကိုက်တာလား။ နောက်ပြီး ဘယ်လောက်ထိ နာတာကပြင်းထန်လဲ၊ ခေါင်းကိုက်တဲ့အချိန်မှာ ဘာမှမလုပ်နိုင်အောင်ဖြစ်သွားလား၊ အလုပ်မှာ ပျက်ကွက်မှုတွေထိဖြစ်လား၊ ဒါမှမဟုတ် အိပ်မရလောက်အောင် ကိုက်တာလား စသဖြင့် မေးခွန်းတွေ သေချာမေးပြီး ရောဂါကိုစစ်ထုတ်ဖို့လိုပါတယ်။
စမ်းသပ်မှုတွေအနေနဲ့ဆိုရင်တော့ တကယ်လို့ကိုယ်ခံစားနေရတဲ့ ခေါင်းကိုက်ဝေဒနာကအရမ်းဆိုးတယ်၊ ဘာ့ကြောင့်မှန်းလည်း မသိနိုင်ဘူး ဖြစ်နေတယ်။ ဒီလိုဆိုရင်တော့ တခြားဆိုးဆိုးဝါးဝါးရောဂါ ဥပမာ-ခေါင်းထဲမှာ အကျိတ်တွေ ဘာတွေများဖြစ်နေမလားဆိုတာ သေချာသိနိုင်အောင် သံလိုက်ဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန်စတာတွေရိုက်ကြည့်ဖို့လိုပါမယ်။
ကုသမယ်
လူအများစုကတော့ ခေါင်းကိုက်ရုံလောက်နဲ့ ဆရာဝန် သွားမပြချင်ကြပါဘူး။ ကိုယ့်ဘာသာပဲ ဆေးသောက်ပြီး သက်သာချင်ကြတယ်။ ကံမကောင်းတာက တချို့သောက်ဆေးတွေ ကိုယ့်ဘာသာဝယ်သောက်ပြီး ဆေးလွန်သွားရင်လည်း ခေါင်းကိုက်တာမျိုးဖြစ်တတ်ပါတယ်။
ကိုယ့်ဘာသာသောက်ဖို့ဆို အကိုက်အခဲ ပျောက်ဆေး သောက်လို့ ရပါတယ်။ ပါရာစီတမော သောက်နိုင်တယ်။ ဒီဆေးက အပြင်မှာ ကိုယ့်ဖာသာ အလွယ်တကူဝယ်နိုင်တယ်။ တစ်နေ့ကို ၃ကြိမ် သောက်သုံးနိုင်တယ်။ အစာခံပြီးမှ သောက်ရမယ်။ တစ်ခုရှိတာက ကိုယ်က အရက်သောက်တတ်တဲ့သူ ဖြစ်နေမယ်၊ အသည်းနဲ့ ပတ်သက်ပြီးလည်း ပြဿနာရှိမယ်ဆို မသောက်ခင် ဆရာဝန်နဲ့သေချာတိုင်ပင်သင့်ပါတယ်။
အချုပ်အားဖြင့်ပြောရရင်တော့ ဒီလိုခေါင်းကိုက်ရောဂါက လူတိုင်းကြုံတွေ့နိုင်ရပါတယ်။ ရောဂါအကြီးအသေးပေါ်မူတည်ပြီး ဆရာဝန်နဲ့ပြသဖို့ လိုမလိုဆုံးဖြတ်ပါ။ တကယ်လို့ ကိုယ်က ဆေးဝါးဝယ်ယူဖို့ အခက်အခဲဖြစ်နေတယ်ဆို ကောင်းကောင်းအနားယူပါ၊ ရေခဲအိတ်ကပ်ပေးတာ၊ ရေနွေးပူနဲ့ ရေချိုးတာ စတဲ့နည်းတွေကလည်း နာကျင်မှုကို ဖြေလျော့ပေးနိုင်ပါတယ်။ နောက်ပြီး စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချပါ၊ စတဲ့နည်းတွေ သုံးလို့မှမသက်သာဘူးဆိုရင် ပါရာစီတမော ဆေးဝယ်သောက်နိုင်ပါတယ်။ တကယ်လို့ ဆေးတွေသောက်လို့မှမသက်သာဘူးဆို နီးစပ်ရာဆရာဝန်နဲ့ သွားရောက်ပြသဖို့ အကြံပြုရင်းနိဂုံးချုပ်လိုက်ရပါတယ်ခင်ဗျာ။ ။
Author: Dr. Wayne