ဆီးချို ရောဂါ နှစ်ကြာလာတဲ့အခါ နောက်ဆက်တွဲဆိုးကျိုးတွေ တဖြေးဖြေး စုပြုံပြီးဝင်လာတတ်ကြတယ်။
ဒီအထဲမှာမှ ခြေဖဝါးတွေ ကျိန်းတာနာတာလည်း တစ်ခုအပါအဝင်ပါ။
ဆီးချိုရောဂါသည်တွေမှာ နဂိုတည်းကိုက ခြေထောက်မထိခိုက်စေဖို့၊ အနာမဖြစ်စေဖို့ အရမ်းဂရုစိုက်ရပါတယ်။
ဆီးချိုရဲ့နောက်ဆက်တွဲတစ်ခုဖြစ်တဲ့ ခြေလက်ထုံကျင်တာကလည်း တွဲဖြစ်နေတတ်ပါသေးတယ်။ ထုံနေတော့ ထိမိလို့ထိမိမှန်းမသိတာလည်းဖြစ်နိုင်တယ်။ ဖိနပ်စီးထားလည်း မသိ ဖိနပ်ကျွတ်သွားလည်းမသိ ဖြစ်တတ်တယ်။
ထုံကျင်နေတဲ့နောက်ပိုင်းမှာ တဖြေးဖြေးနဲ့ ခြေဖဝါးတစ်ခုလုံး ကျိန်းလာတတ်တယ်။
တစ်ခါတစ်လေပိုးကောင်လေးတွေတက်နေသလို အပ်နဲ့ထိုးသလိုလည်းနာတတ်တယ်။
ခြေထောက်တစ်ခုလုံးတင်းပြီး နေတတ်တယ်။ ဘယ်အချိန်ရယ်လို့သတ်သတ်မှတ်မှတ်မရှိပါဘူး။ အချိန်တိုင်းဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ခြေထောက်ကိုချနင်းလိုက်ရင် ပိုဆိုးတတ်ကြတယ်။
လက်ထက်စာရင် ခြေဖဝါးကျိန်းတာက ပိုဆိုးပါတယ်။
ဒီလိုခြေဖဝါးကျိန်းတာကို သက်သာအောင်ဘယ်လိုကုကြမလဲ ပေါ့ ။
သက်သာအောင်ပဲ ပြောလို့ရပါတယ်။ အပြီးမပျောက်နိုင်ပါဘူး။
တစ်ဖက်ကလည်း ဆီးချိုကိုသေချာထိန်းဖို့လိုပါတယ်။
ဆီးချို မထိန်းနိုင်တာနဲ့အမျှ ဒီလိုခြေဖဝါးကျိန်းတာက ပိုဆိုးတတ်ပါတယ်။
သောက်နေကျဆေးတွေ နဲ့ ပဲအရင်သေချာ ထိန်းပါ။
အစားအသောက်လည်း သေချာထိန်းပါ။
ခြေဖဝါးအတွက်လည်း အနေအထိုင်ပုံစံ ပြင်ပေးရမှာပါ။
အအေးတွေတော့မခံရပါဘူး။
ရေနွေးစိမ်တာဖြစ်ဖြစ် ရေနွေးလောင်းတာဖြစ်ဖြစ် လုပ်ပေးပါ။ မနက် တစ်ခါညတစ်ခါပါ။
နားနေတဲ့အခါ ခြေကိုအပေါ်ကိုဆန့်ပြီးထောင်ထားပါ။ ထောင်ထားရင်းခြေဖဝါးကို ကော့လိုက်ကုပ်လိုက်လုပ်ပေးပါ။အစပိုင်းမှာတော့ လုပ်ရတာတော်တော်ခက်ပါတယ်။ ခန္ဓာကိုယ် ဝိတ်များတယ်ဆို ပိုဆိုးပါတယ်။
ဒါပေမယ့်လည်း လုပ်နေရင်း တဖြည်းဖြည်းနေသားကျလာမှာပါ။
ဖိနပ်စီးတဲ့အခါလည်း ဖိနပ်မှာ အဖုပါတာမျိုးကို စီးပေးပါ။ ဒါလည်း စီးကာစမှာ ပိုတောင်ကျိန်းတတ်တယ်။
ဒါပေမယ့် အရေပြားကအာရုံကြောတွေနှိပ်ပေးသလိုဖြစ်လို့သင့်တော်ပါတယ်။ ဆေးအပူလိမ်းပြီး နှိပ်ပေးလည်းရပါတယ်။
ဆေးတွေ အနေနဲ့ သောက်ရမယ်ဆိုလည်း အာရုံကြောဆေးတွေ သောက်လို့ရပါတယ်။
တစ်မျိုးချင်းစီနဲ့ စရပါတယ်။ ဆေးတစ်မျိုးကို ခုချက်ချင်းသောက် ခုပျောက်ရယ်လို့တော့ မရပါဘူး။
ဆေးသောက်တဲ့အခါ ဆေးအရှိန်လေးရလာတဲ့အထိတော့ စောင့်ရပါတယ်။
ဆေးတစ်မျိုးသောက်ပြီး နှစ်ပတ်လောက်အထိ စောင့်ကြည့်ပါ။
အာရုံကြောဆေးတွေလည်းသောက်တယ်။ အနေအထိုင်ပုံစံလည်း ပြောင်းပါရက်နဲ့ ခြေဖဝါးကျိန်းတာ ဘယ်လိုမှ မသက်သာတာလည်းဖြစ်နိုင်ပါတယ်။
ဒီလိုအခါမျိုးမှာ ဆီးချိုလည်းပြန်စစ်ပါ ထိန်းနိုင်ရဲ့လားဆိုတာ၊ မထိန်းနိုင်ခဲ့ရင် ထိုးဆေးများလိုနေတာလားဆိုတာ စဉ်းစားရပါမယ်။ ဆီးချိုရောဂါမှာ နောက်ဆက်တွဲရောဂါတွေ ဝင်လာခဲ့တယ်ဆိုရင် ထိုးဆေးလည်းတစ်ခါတစ်လေလိုတတ်ပါတယ်။
ခြေဖဝါးကျိန်းတာ ဘယ်လိုမှ မသက်သာခဲ့ရင်တော့ ဆီးချိုသမားတော်အပြင် အာရုံကြောဆိုင်ရာသမားတော်လည်း ပြဖို့လိုနိုင်ပါတယ်။
တစ်ခုတော့ရှိပါတယ်။ဆီးချိုမှာဖြစ်တဲ့ ခြေဖဝါးကျိန်းတာက အပြီးပျောက်ဖို့ထက် သက်သာဖို့ပဲ ရှိတာပါ။
ဒါကြောင့် ဆီးချိုရယ်လို့ဖြစ်လာရင် ဖြစ်စတည်းက ဆီးချိုသေချာထိန်းဖို့နဲ့ အနေအထိုင်အစားအသောက်ပုံစံပြင်ဖို့ အလွန်အရေးကြီးပါတယ်။
Author : Dr. CST