ဆီးချိုရောဂါရှိသူတွေရဲ့ လေးပုံတပုံ ကျော်လောက်ဟာ ဆယ်စုနှစ်တစု ကျော်ကြာတဲ့အခါမှာ ဆီးချိုရဲ့နောက်ဆက်တွဲအနေနဲ့ဖြစ်တဲ့ အမြင်လွှာပျက်စီးမှုရောဂါ ကို ခံစားကြရလေ့ရှိပါတယ်။
ဆီးချိုကြောင့်ဖြစ်တဲ့ အမြင်လွှာပျက်စီးမှုကို ဆေးပညာအရ Diabetic Retinopathy လို့ခေါ်ပါတယ်။
အသက်ကြီးကြီး ဆီးချိုရောဂါဝေဒနာရှင်များမှာ ဖြစ်တဲ့ မျက်စိကွယ်ရခြင်းအကြောင်းတွေထဲမှာ ဒီရောဂါဟာ အဓိကအနေနဲ့ပါဝင်ပါတယ်။
အထူးသဖြင့် ဆီးချိုကို ဆေးတို့အစားသောက်ပုံစံတို့နဲ့သေချာ မထိန်းတဲ့ ဆီးချိုဝေဒနာရှင်တွေမှာ ပိုဖြစ်နိုင်ခြေများပါတယ်။
မထိန်းချုပ်နိုင်ဘဲ မြင့်တက်နေတဲ့သွေးတွင်းသကြားပမာဏဟာ ရေရှည်မှာ ခန္ဓာကိုယ်အတွင်းရှိသွေးကြောငယ်တွေရဲ့နံရံတွေကိုထိခိုက်ပျက်စီးစေပါတယ်။
မျက်စိအမြင်လွှာဖြစ်တဲ့ Retina ကို သွေး၊အာဟာရထောက်ပံနေတဲ့ မျက်လုံးအတွင်းသွေးကြောငယ်လေးတွေရှိပါတယ်။ရေရှည်ဆီးချိုတက်တဲ့အခါမှာ ထိုသွေးကြောငယ်လေးတွေထိခိုက်ကာ သွေးကြောငယ်လေးတွေဖူးရောင်လာပြီး သွေးယိုတာ၊သွေးခဲဖြစ်ပြီးပိတ်တာ၊ပုံမှန်မဟုတ်တဲ့အပိုသွေးကြောအသစ်တွေပေါ်တာ မျိုးတွေဖြစ်လာပါတယ်။
ဒီလိုမျိုးတွေ ဖြစ်လာရင်ကျ အမြင်လွှာထိခိုက်ပြီး သိပ်မကြာခင်မှာ ကောင်းကောင်းမမြင်ရတာ၊အမြင်ပိတ်ဆို့တာ ရွဲ့စောင်းတာတွေဖြစ်လာနိုင်ပါတယ်။
အများအားဖြင့် ဆီးချိုနောက်ဆက်တွဲအနေနဲ့ဖြစ်တဲ့ဒီအမြင်လွှာထိခိုက်မှုဟာ တဖြည်းဖြည်းချင်းနဲ့ ဖြစ်တာဖြစ်လို့ ဆီးချိုရောဂါဖြစ်သူအများစုဟာ သိပ်ပြီးသတိမမှုမိတတ်ကြပါဘူး။သူတို့ရဲ့မျက်စိအမြင်ဝါးတာ မမြင်ရတော့တာတွေဖြစ်လို့ စစ်ဆေးကြည့်မှတာ သိရှိကြရလေ့ရှိပါတယ်။
အဲ့အခါကျ အမြင်လွှာကတအားထိခိုက်ပျက်စီးနေတာဖြစ်လို့ ပကတိအကောင်းအတိုင်းကုသနိုင်ဖို့မလွယ်ပါဘူး။
ပိုမဆိုးအောင်ကတော့ မျက်စိဆရာဝန်နဲ့ တိုင်ပင်ပြီး လေဆာပစ်တာ(Laser photocoagulation)၊ခွဲစိတ်ကုသတာ(Vitrectomy)စတဲ့နည်းလမ်းတွေ လုပ်နိုင်ပါတယ်။
ဒီရောဂါဖြစ်လာရင်ကျ မျက်စိဆရာဝန်နဲ့ပြသတာအပြင် ရှိနေတဲ့ဆီးချိုကိုလည်းမတက်အောင် သက်ဆိုင်ရာဆရာဝန်နဲ့ပြသစစ်ဆေးပြီး ထိန်းဖို့လိုအပ်ပါတယ်။
ဆီးချိုနောက်ဆက်တွဲအနေနဲ့ဖြစ်တဲ့အမြင်လွှာထိခိုက်မှုရောဂါ(Diabetic Retinopathy)မဖြစ်အောင် ကာကွယ်မှုအနေနဲ့ကတော့ ဆီးချိုရောဂါရှိသူတိုင်းဟာ ဆီးချိုကိုပုံမှန်အတွင်းမှာထိန်းဖို့အတွက် အထွေထွေသမားတော်နဲ့သုံးလတကြိမ်လောက်အနည်းဆုံး ပုံမှန်ပြနေဖို့လိုသလို မျက်စိဆရာဝန်နဲ့တနှစ်တခါလောက်စမ်းသပ်စစ်ဆေးနေဖို့လိုပါတယ်။
ဆေးလိပ်သောက်နေရင်လည်း ဖြတ်ဖို့လိုသလို သွေးပေါင်လည်း တပတ်တခါလောက်ပုံမှန်ချိန်ပေးဖို့လိုပါတယ်။