အကြောပြတ်ခြင်းဆိုသည်မှာ အရေပြားကျုံ့ ဆန့်နိုင်သည့် ပမာဏကို ကျော်လွန်၍ ခန္ဓာကိုယ်ကြီးထွားမှုများဖြစ်ပေါ်လာသောအခါ အရေပြားပေါ်တွင် ဖြစ်ပေါ်လာလေ့ရှိသော အစင်းကြောင်းများ၊ အရာများကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ အထူးသဖြင့် အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်သည့်အချိန်အခါနှင့် ခန္ဓာကိုယ်အလေးချိန် အတက်အကျ လျင်မြန်စွာ ဖြစ်သည့်အချိန်မျိုးတွင် အကြောပြတ်ရာများ ပေါ်ပေါက်လာလေ့ရှိပါသည်။
အကယ်၍ ထိုအကြောပြတ်ရာများကြောင့် အလှပျက်သည်ဟု ယူဆကာ မိမိကိုယ် မိမိ ယုံကြည်မှုကျဆင်းလာပါက ထိုအကြောပြတ်ရာများ လျော့ပါးသက်သာစေမည့် နည်းလမ်းများကို လေ့လာ လုပ်ဆောင်ကြည့်သင့်ပါသည်။ အောက်ပါနည်းလမ်းများသည် အကြောပြတ်ရာများကို လျော့ပါးသက်သာစေမည့် သဘာဝနည်းလမ်းများ ဖြစ်ကြပါသည်။
၁။ ဆဲလ်သေများကို ဖယ်ရှားခြင်း
ဆဲလ်သေများကို ဖယ်ရှားခြင်းသည် အကြောပြတ်ရာများကို ကုသခြင်းနှင့် လျော့နည်းအောင် ပြုလုပ်ခြင်းတို့တွင် အဓိက အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ အရေပြား အပေါ်ယံလွှာမှ ခြောက်သွေ့လျက်ရှိသော ဆဲလ်သေများကို ဖယ်ရှားလိုက်ခြင်းအားဖြင့် ဆဲလ်အသစ်များ ကြီးထွားဖွံ့ဖြိုး လာစေရန်အတွက် နေရာသစ်များကို ဖြစ်ပေါ်လာစေပါသည်။ ထို့အပြင် အရေပြားကို အထောက်အပံ့ဖြစ်စေမည့် အာဟာရဓာတ်များကိုလည်း ပိုမိုစုပ်ယူနိုင်စေရန် အကူအညီ ပေးခြင်းအားဖြင့် အကြောပြတ်ရာများကို လျော့နည်းသက်သာစေပါသည်။ ဆဲလ်သေများကို ဖယ်ရှားရန်အတွက် Oatmeal၊ သကြားကဲ့သို့သော ပစ္စည်းများကို အသုံးပြုနိုင်ပါသည်။
(က) Oatmeal
Oatmeal ကို အရေပြားကျန်းမာရေးနှင့် အလှအပရေးရာအတွက် အသုံးပြုခဲ့သည်မှာ အချိန်ကာလ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ၎င်းကို အရေပြားချောမွေ့စေရန် အသုံးပြုနိုင်သည့်အပြင် Psoriasis နှင့် နှင်းခူရောဂါကဲ့သို့သော အရေပြားရောဂါများကုသသည့် နေရာတွင်လည်း အသုံးပြုနိုင်ပါသည်။
Oatmeal ကိုအသုံးပြု၍ ဆဲလ်သေများကို ဖယ်ရှားရန်အတွက် Quick rolled Oats (instant အမျိုးအစား မဟုတ်ပါ) ကို ပျားရည်အနည်းငယ်နှင့် ရေတို့ဖြင့် ရောစပ်ကာ ရေချိုးသည့် အချိန်တိုင်းတွင် အကြောပြတ်ရာများရှိသည့် နေရာများပေါ်သို့ ပွတ်လိမ်းနိုင်ပါသည်။
(ခ) သကြား
ဆဲလ်သေများကို ဖယ်ရှားရန်အတွက် သကြားကို အသုံးပြုခြင်းသည် အရေပြားယားယံခြင်း မရှိသည့်အပြင် အရေပြားမှ ရေဓာတ်များကို ဆုံးရှံးမှု မရှိစေရန်လည်း ထိန်းသိမ်းပေးနိုင်ပါသည်။ ထို့အပြင် အရေပြားဆဲလ်များ အနာကျက်ပြုပြင်မှုဖြစ်စဉ်ကိုလည်း အားပေးကူညီနိုင်ပါသည်။
သကြားတွင် ပါဝင်သော Alpha hydroxy acid (AHA) သည် ဆဲလ်များပြန်လည် ပွားများခြင်းကို အားပေးပါသည်။ AHA ကို နေရောင်ခြည်ကြောင့် အရေပြားပျက်စီးခြင်းများကို ပြန်လည်ကောင်းမွန်စေရန်အတွက် အလှကုန်ပစ္စည်းအများစုတွင် ထည့်သွင်းထုတ်လုပ်လေ့ရှိကြပါသည်။
ဆဲလ်သေများကို ဖယ်ရှားရန်အတွက် သကြားကို အုန်းဆီ သို့မဟုတ် မိမိ နှစ်သက်ရာဆီတစ်မျိုးမျိုးဖြင့် ရော၍ အကြောပြတ်ရာများရှိသော အရေပြားပေါ်တွင် အသာအယာပွတ်တိုက်ပြီးနောက် ရေဆေးချနိုင်ပါသည်။
၂။ အရေပြားကို အားဖြည့်ပေးခြင်း
အရေပြား၏ ရုန်းပြန်မှုနှင့် တင်းရင်းမှု ကို တိုးတက်စေသည့် သဘာ၀ပစ္စည်းများကို အသုံးပြုခြင်းအားဖြင့် အကြောပြတ်ရာများကို လျော့နည်းသက်သာစေရန် ဆောင်ရွက်လို့ ရပါသည်။ ထိုသို့ ပြုလုပ်ရာတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုကြသည့် ပစ္စည်းတစ်မျိုးမှာ ရှားစောင်းလက်ပပ်ဖြစ်ပါသည်။
ရှားစောင်းလက်ပပ်သည် ဆဲလ်များကို ပြန်လည်ပြုပြင်ခြင်းနှင့် အနာကျက်ခြင်းတို့အတွက် အလွန်အမင်း အစွမ်းထက်သော အပင်တစ်မျိုးအဖြစ် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားကြပါသည်။ ထို့အပြင် ၁၉၉၅ ခုနှစ်မှာ စတင်၍ မီးလောင်၊ အပူလောင် ဒဏ်ရာများကို ကုသရန်အတွက်လည်း အသုံးပြုလာကြပါသည်။ ရှားစောင်းလက်ပပ်သည် အရေပြားဆဲလ်များကို အာဟာရဖြစ်စေသည့် အပြင် အရေပြားဆဲလ်အသစ် ပြန်လည် ထုတ်လုပ်ခြင်းတွင် အရေးပါသည့် ပရိုတင်းတစ်မျိုးဖြစ်သည့် ကော်လဂျင်ထုတ်လုပ်မှုကိုလည်း များပြားလာစေသည်ဟု ယုံကြည်ကြပါသည်။ ထို့ကြောင့် ရှားစောင်းလက်ပပ်ကို အသုံးပြု၍ အရေပြားကို အားဖြည့်ပေးခြင်းဖြင့် အကြောပြတ်ရာများကို သက်သာပျောက်ကင်းအောင် ပြုလုပ်၍ ရနိုင်ပါကြောင်း တင်ပြလိုက်ပါသည်။