ကိုယ်ခံအားစနစ်အားနည်းမှုကြောင့် ဖြစ်ပေါ်လာသော ရောဂါများထဲမှ တစ်ဝက်လောက်သည် အစားအစာများကို ဂရုပြု၍ မှန်ကန်အောင်စားသုံးခြင်းအားဖြင့် သက်သာပျောက်ကင်းအောင် ပြုလုပ်လို့ရပါသည်။
အချို့သောအစားအစာများသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို တိုးမြင့်စေရန် ကူညီပေးနိုင်ပြီး ရောဂါများကို ကာကွယ်ခြင်း၊ သက်သာပျောက်ကင်းစေခြင်း စသည့် အစွမ်းသတ္တိများရှိပါသည်။ အအေးမိချောင်းဆိုးခြင်းသည်လည်း ကိုယ်ခံအားစနစ်အားနည်းနေမှုကို ပြသသော ရောဂါတစ်ခုပင်ဖြစ်ပါသည်။
အောက်ပါတို့သည် အအေးမိချောင်းဆိုးသည့်အခါ ကိုယ်ခံအားစနစ်ကို တိုးတက်စေရန်နှင့် ရောဂါလက္ခဏာများကိုသက်သာစေရန် စားသင့်သောအစားအစာများထဲမှ အချို့ဖြစ်ပါသည်။
ကြက်စွပ်ပြုတ်ရည်
ကြက်စွပ်ပြုတ်ရည်သည် ရောင်ရမ်းခြင်းကို သက်သာစေသည့် ဂုဏ်သတ္တိကြောင့် အအေးမိသည့်အခါ စားသုံးသင့်သည့် အကောင်းဆုံးအစားအစာတစ်မျိုး ဖြစ်ပါသည်။
ဗီတာမင်၊ သတ္တုဓာတ်၊ ကယ်လိုရီ၊ အသားဓာတ် စသည့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သည့် အာဟာရဓာတ်များ အားလုံးကို ရရှိနိုင်သည့် အလွယ်ကူဆုံးသော အရင်းအမြစ်တစ်ခုပင်ဖြစ်ပါသည်။
ထို့ပြင် ကြက်စွပ်ပြုတ်ရည် ပူပူလေးတစ်ပန်းကန်သည် နှာပိတ်၊နှာမွှန်ခြင်းများကိုလည်း သက်သာပျောက်ကင်းစေနိုင်သည့် အစွမ်းသတ္တိရှိပါသည်။
ချဉ်သောအစားအစာများ
အအေးမိခြင်းကို ရှောင်ရှားရန်အတွက် အကောင်းဆုံးနည်းမှာ လုံလောက်သော ဗီတာမင် C ပမာဏ ရရှိရန်ဖြစ်ပါသည်။ ချဉ်သော အစားအစာများတွင် ဗီတာမင် C အမြောက်အမြားပါဝင်ပါသည်။
ထို့ပြင် မတော်တဆ အအေးမိဖျားနာ၍ ပါးစပ်ပျက်နေသည့်အချိန်တွင် လိမ္မော်သီး၊ သံပရာသီးကဲ့သို့သော အသီးအနှံများသည် ပါးစပ်ပျက်ခြင်းကို သက်သာစေသည့်အပြင် အအေးမိဖျားနာခြင်းကိုလည်း အမြန်ဆုံး သက်သာပျောက်ကင်းစေနိုင်ပါသည်။
ရောဂါပိုးများကိုတိုက်ဖျက်ပေးသော အစားအစာများ
ဘရိုကိုလီ၊ ကညွတ်၊ လက်ဖက်စိမ်း၊ ကြက်သွန်နီ၊ ဘလူးဘယ်ရီ ကဲ့သို့သော အစားအစာများတွင် ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်သော အစွမ်းသတ္တိများရှိပါသည်။
ထိုအစားအစာများတွင် အအေးမိခြင်းကို သက်သာပျောက်ကင်းစေနိုင်သည့် Quercetin ဟုခေါ်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်ပါသည်။ ထို့အပြင် ဗီတာမင်၊ သတ္တုဓာတ်နှင့် အမျှင်ဓာတ်များလည်း ကြွယ်ဝကြပါသည်။
ပူစပ်သောအစားအစာများ
ပူစပ်သောအစားအစာများသည် အသက်ရှူလမ်းကြောင်းအတွင်းရှိ အချွဲများကို ပျော်စေ၍ ကောင်းမွန်စွာ အသက်ရှူနိုင်စေရန်ကူညီပေးပါသည်။
ငရုတ်သီးကဲ့သို့သော ပူစပ်သည့် အစားအစာများတွင် ပါဝင်သော Capsaicin ဟုခေါ်သော ဒြပ်ပေါင်း တစ်မျိုးသည် ချောင်းဆိုးခြင်းကိုလည်းသက်သာစေနိုင်ပါသည်။
သို့သော် အစာအိမ်ရောဂါအခံရှိသည့်သူများတွင်မူ ပူစပ်သော အစားအစာများကို ဂရုပြုစားသောက်ရမည်ဖြစ်ပါသည်။
ချင်း
လက်ဖက်ရည်ကြမ်းတစ်ခွက်တွင် ချင်းအနည်းငယ်ရောထည့်၍ သောက်ခြင်းသည် အအေးမိဖျားနာသည့်အခါ သင့်တော်ကောင်းမွန်သည့် အမယ်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ ၎င်းသည် လည်ပင်းနာခြင်းကို သက်သာစေသည့်အပြင် လည်ချောင်းထဲတွင် တင်းကျပ်နေသည့် အရာများကိုလည်း ပြေလျော့စေပါသည်။
ချောင်းဆိုးသည့်အခါ တစ်ခါတစ်ရံတွင် အန်ချင်စိတ်များလည်းဖြစ်ပေါ်လာတတ်ပါသည်။ ထိုအခါ ချင်းကို အန်ချင်စိတ် ပျောက်ကင်းသက်သာစေရန် အသုံးပြုနိုင်ပါသည်။
ထို့အပြင် ချင်းတွင် ဓာတ်တိုးဆန့်ကျင်သည့် ဂုဏ်သတ္တိ၊ ရောဂါပိုးမွှားများကို သတ်နိုင်သည့် ဂုဏ်သတ္တိနှင့် ကင်ဆာရောဂါကို ဆန့်ကျင်ကာကွယ်ပေးသည့် ဂုဏ်သတ္တိများလည်းရှိပါသည်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူသည် ခန္ဓာကိုယ်တစ်ခုလုံး၏ ကျန်းမာရေး အတွက် လွန်စွာမှအကျိုးရှိကြောင်း ရှေးနှစ်ပေါင်းများစွာကတည်းက လက်ခံထားကြပါသည်။
ကြက်သွန်ဖြူတစ်မြွှာ သို့မဟုတ် နှစ်မြွှာခန့်ကို ကြက်စွပ်ပြုတ်ရည်ထဲတွင်ထည့်၍ ပြုတ်ခြင်းအားဖြင့် အနံ့အရသာကို ပြည့်စုံကောင်းမွန်စေသကဲ့သို့ အအေးမိနှာစေးခြင်း လက္ခဏာရပ်များကိုလည်း သက်သာစေပါသည်။
ကြက်သွန်ဖြူတွင် ဗိုင်းရပ်စ်ပိုးများကို တိုက်ထုတ်နိုင်သည့်အစွမ်းသတ္တိ၊ ဗက်တီးရီးယားရောဂါပိုးများကို တိုက်ထုတ်နိုင်သည့်အစွမ်းသတ္တိနှင့် မှိုရောဂါပိုးများကို တိုက်ထုတ်နိုင်သည့် အစွမ်းသတ္တိများရှိပါသည်။
အုန်းရည်
အအေးမိချောင်းဆိုးသောအခါ ခန္ဓာကိုယ်တွင်ရေဓာတ်ဆုံးရှုံးတတ်သောကြောင့် ပြန်လည်ဖြည့်တင်းပေးရန် အရေးကြီးပါသည်။
အုန်းရည်သည် အနံ့အရသာ ကောင်းမွန်သည်သာမက ဂလူးကို့စ်နှင့် ခန္ဓာကိုယ်အတွက် အရေးကြီးသည့် Electrolytes များလည်း ကြွယ်ဝသောကြောင့် အုန်းရည်ကိုသောက်သုံးနိုင်ပါသည်။
ပျားရည်
နေထိုင်မကောင်းသည့်အခါ (အထူးသဖြင့် ဗက်တီးရီးယား ရောဂါပိုးများကြောင့် လည်ပင်းနာသည့်အခါ) ပျားရည်ကို သောက်သုံးရန် ဆရာဝန်များက တိုက်တွန်းလေ့ရှိကြပါသည်။
ပျားရည်တွင် ရောဂါပိုးမွှားများကို တိုက်ထုတ်နိုင်သည့် ဓာတုပစ္စည်းများ ကြွယ်ဝပါသည်။
နွားနို့ပူပူလေးတစ်ခွက် သို့မဟုတ် ရေနွေး သို့မဟုတ် လက်ဖက်ရည်ထဲသို့ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ထည့်၍ သောက်သုံးပေးခြင်းအားဖြင့် ရောဂါလက္ခဏာများကို လျင်မြန်စွာသက်သာစေပါသည်။
ငှက်ပျောသီး
နေထိုင်မကောင်းသည့်အခါ ပါးစပ်ပျက်ခြင်းကြောင့် မစားချင်၊ မသောက်ချင်ဖြစ်တတ်ပါသည်။
ထိုအခါမျိုးတွင် ကယ်လိုရီနှင့် အမျှင်ဓာတ်ကြွယ်ဝသည့် ငှက်ပျောသီးကို စားသုံးပေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ်များကို ရရှိစေနိုင်ပါသည်။
အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ
ဖျားနာနေစဉ်အတွင်း ဗီတာမင်ဓာတ်များနှင့် သတ္တုဓာတ်များ အားလုံးကို ဆက်လက်ရရှိရန် အရေးကြီးပါသည်။
ထိုသို့ရရှိရန် အကောင်းဆုံးနည်းလမ်းမှာ အစိမ်းရောင်ဟင်းသီးဟင်းရွက်များကို အများအပြားစားသုံးပေးခြင်းပင်ဖြစ်ပါသည်။
အစိမ်းရောင်ဟင်းသီးဟင်းရွက်များသည် ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုများကို လျော့ကျစေသည့်အပြင် ဆဲလ်များထိခိုက်ပျက်စီးမှုကိုလည်း ကာကွယ်ပေးနိုင်သည့် အရေးပါသည့် အပင်ထွက် ဓာတုဒြပ်ပေါင်း အများအပြားပါဝင်ပါသည်။
ဟင်းနုနွယ်၊ ဆလတ်ရွက်ကဲ့သို့သော အစိမ်းရောင်ရှိသည့် ဟင်းသီးဟင်းရွက်များသည် ဗီတာမင်၊ သတ္တုဓာတ်နှင့် အမျှင်ဓာတ်များ အများအပြားကြွယ်ဝသော အရင်းအမြစ်များဖြစ်ကြပါသည်။
Author : Dr. မိုး (ဆေး ၁)