လေ့လာတွေ့ရှိချက်များအရ ညဘက်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်သောသူများသည် ကျန်းမာရေးဆိုးကျိုးများစွာ ဖြစ်စေနိုင်ကြောင်းတွေ့ရှိရပါသည်။ အိပ်စက်ခြင်းကို အကျိုးသက်ရောက်မှုရှိစေသော အချက်များတွင် အစားအစာသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။
အချို့အစားအစာများသည် နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်သော်လည်း အချို့မှာမူ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်းတွေ့ရှိရပါသည်။
အောက်ပါအစားအစာများသည် အိပ်ပျော်ခြင်းကို အနှောင့်အယှက်ပေးစေနိုင်သော အစားအစာများဖြစ်ကြပါသည်။
( ၁ ) ကဖင်းဓာတ်များသော အစားအစာများ
ချောကလက်၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်း၊ လက်ဖက်သုပ် နှင့် အချိုရည်အအေးများတွင် ပါဝင်သော ကဖင်းဓာတ်သည် နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း၏ အကြောင်းရင်းတစ်ရပ်ပင် ဖြစ်ပါသည်။
ကဖင်းဓာတ်သည် ဗဟိုအာရုံကြောစနစ်ကို တက်ကြွစေရန် လှုံ့ဆော်ပေးသော အာနိသင်ရှိကြောင်းတွေ့ရှိရပါသည်။ ထို့ပြင် ၎င်းဓာတ်၏ အကျိုးသက်ရောက်မှုသည် ခန္ဓာကိုယ်ထဲတွင် ရှိသင့်သည့် အချိန်ပမာဏထက်ပို၍ ကြာရှည်ခံကြောင်းတွေ့ရှိရပါသည်။
ထို့ကြောင့် ကဖင်းဓာတ်ပါဝင်သော အစားအစာများကို အိပ်ခါနီးအချိန်တွင် စားသောက်ခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။
( ၂ ) သကြားဓာတ်များသော အစားအစာများ
သကြားဓာတ်များသော အစားအစာများကို စားသုံးလိုက်သောအခါ သွေးတွင်း အချိုဓာတ်အလွန်အမင်းမြင့်တက်ခြင်းကို ဖြစ်လာစေပါသည်။
ထိုသို့ သွေးတွင်းအချိုဓာတ်မြင့်မားလာခြင်းကြောင့် စွမ်းအင်များ လွန်ကဲစွာ ထုတ်လွှတ်ခြင်းကို ဖြစ်စေပြီး စားသုံးသောသူများအား ဂနာမငြိမ်ဖြစ်ခြင်းကို ခံစားရစေနိုင်ကြောင်းတွေ့ရပါသည်။ သကြားဓာတ်များသဖြင့် ညအိပ်ခါနီးတွင် စားသုံးရန်မသင့်လျော်သော အစားအစာများမှာ ဆိုဒါပါဝင်သော အချိုရည်အအေးများ၊ ကာဗိုဟိုက်ဒရိတ်ဓာတ်များစွာပါဝင်သော အစားအစာများ စသည်တို့ဖြစ်ကြပါသည်။
ထိုကျန်းမာရေး ပြဿနာကို ဖြေရှင်းရန်အတွက် စီးပွားရေးလုပ်ငန်းရှင်၊ ထုတ်လုပ်သူများသည် ယခုနောက်ပိုင်းတွင် သကြားအစား ဖန်တီးထားသောအချိုဓာတ်များကို အစားထိုးထုတ်လုပ်လာကြပါသည်။ သို့သော်ဖန်တီးထားသော အချိုဓာတ်များဖြင့် ပြောင်းလဲထုတ်လုပ်ထားသော အစားအစာများကို စားသုံးခြင်းသည်လည်း အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်သေးကြောင်းတွေ့ရှိရပါသည်။
( ၃ ) အဆီဓာတ်များနှင့် အသားဓာတ် ( ပရိုတင်းဓာတ် ) များစွာပါဝင်သော အစားအစာများ။
အဆီဓာတ်များနှင့် အသားဓာတ်များသည် အစာခြေဖျက်ရန် အချိန်ပို၍ လိုအပ်သော အစာအာဟာရဓာတ်များဖြစ်ပါသည်။ ထို့ကြောင့် ထိုအစားအစာများကို ညအိပ်စက်ခါနီးတွင် စားသုံးခြင်းသည်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးမည်ဖြစ်ပါသည်။
ပရိုတင်းဓာတ်ကို ခြေဖျက်ပြီးလျှင် ရရှိသော အမိုင်နိုအက်ဆစ်များတွင် Tyrosine ဟုခေါ်သော အမိုင်နိုအက်ဆစ်တစ်မျိုးသည် ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးသော Epinephrine နှင့် Norepinephrine ဟော်မုန်းများကို ထုတ်လွှတ်ပေးပါသည်။
ထိုဟော်မုန်းများသည် အာရုံကြောစနစ်ကို နိုးကြားတက်ကြွစေကာ ဇီ၀ကမ္မဖြစ်နှုန်းကို မြန်ဆန်စေခြင်းဖြင့် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါသည်။
ထို့ကြောင့် ညဘက်အိပ်ချိန်နီးသည့်အခါမျိုးတွင် အဆီဓာတ်နှင့် အသားဓာတ်များသော အစားအစာများကို မစားသုံးသင့်ပါ။
( ၄ ) ပူစပ်သော အစားအစာများ
ပူစပ်သော အစားအစာများကို စားသုံးသည့်အခါ အစာအိမ်အတွင်းရှိ အက်ဆစ်ချဉ်ရည် ဆန်တက်ခြင်းကို ဖြစ်ပေါ်စေခြင်းကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းမအီမသာ ရောဂါလက္ခဏာများကို ခံစားရစေပါသည်။
ထို့ကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်လိုသူများသည် ညအိပ်ခါနီးတွင် အပူအစပ်များသော အစားအစာများကို စားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။
( ၅ ) အရက်
အရက်သည် ဗဟိုအာရုံကြောစနစ်ကို စိတ်ကြွစေရန်နှင့် စိတ်ကျစေရန် လှုံ့ဆော်ပေးသော အရာတစ်ခုဖြစ်ပါသည်။ အရက်သောက်ခြင်းကြောင့် အိပ်ချင်သောစိတ်ကို ဖြစ်စေနိုင်သော်လည်း နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းမျိုးမဟုတ်ဘဲ ညသန်းခေါင်အချိန်တွင် မကြာခဏ နိုးထခြင်းကို ဖြစ်စေကြောင်းတွေ့ရှိရပါသည်။
ထို့ကြောင့် အိပ်မပျော်သော ရောဂါဝေဒနာကို ခံစားနေရသူများအနေဖြင့် ညအိပ်ခါနီးတွင် အရက်သောက်ခြင်းကို မပြုသင့်ပါ။
အိပ်စက်ခြင်းကို ကောင်းမွန်စေသော အစာစားခြင်း အလေ့အကျင့်များ
၁။ အစားအစာများကို နည်းနည်းနှင့် အကြိမ်များများစားပါ
ညဘက် အိပ်စက်ခါနီးတွင် အစားအစာများကို ပမာဏများများစားသုံးခြင်းသည် အစာခြေဖျက်ရန် ခက်ခဲခြင်းကို ဖြစ်စေပြီး ဗဟိုအာရုံကြောစနစ်ကို နိုးကြားစေသော အာရုံကြောသတင်းပေးပို့သည့် ဓာတုပစ္စည်းများကို ထုတ်လွှတ်ပေးပါသည်။
၎င်း၏ အကျိုးဆက်အနေဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါသည်။
ထိုအကြောင်းရင်းများကြောင့် အစားအစာများကို စားသုံးသည့်အခါ ပမာဏနည်းနည်းနှင့် အကြိမ်များများစားသုံးခြင်းသည် အိပ်စက်ခြင်းကို အထောက်အကူပြုနိုင်ကြောင်း တွေ့ရှိရပါသည်။
၂။ ညစာကို စောစောစားပါ
နောက်ကျမှ ညစာစားခြင်းသည် ခန္ဓာကိုယ်အတွင်း၌ အိပ်စက်ခြင်းကို အားပေးသော Melatonin ဟော်မုန်းကို ထုတ်လွှတ်ခြင်းအား တားဆီးနိုင်ကြောင်းတွေ့ရှိရပါသည်။
ထိုအကြောင်းရင်းကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လိုသူများသည် ညစာကို ညအိပ်ရာဝင်ခါနီးအချိန်နှင့် အနည်းဆုံး ( ၃ ) နာရီခန့်စော၍ စားသော အလေ့အထကို ပြုလုပ်သင့်ပါသည်။
၃။ ညအိပ်ခါနီး ရေများများသောက်ခြင်းမှ ရှောင်ကြဉ်ပါ
ရေများများသောက်ခြင်းသည် ကျန်းမာရေးအတွက် ကောင်းမွန်သော အလေ့အကျင့်တစ်ခုဖြစ်ပါသည်။
သို့သော် ညအိပ်ချိန်နီးချိန်၌ ရေများများသောက်ခြင်းသည် အိပ်စက်နေချိန်တွင် ဆီးသွားချင်သဖြင့် မကြာခဏထရခြင်းကို ဖြစ်စေပါသည်။ ထိုသို့ ဆီးမကြာခဏသွားခြင်းကြောင့် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သဖြင့် ညအိပ်ခါနီးအချိန်တွင် ရေကိုလျှော့၍သောက်သော အလေ့အကျင့်ကို ပြုလုပ်ရန် အရေးကြီးပါသည်။
Author: Author : Dr. မိုး (ဆေး ၁)