ရာကွန်းဥသည် မြေအောက်တွင်ပေါက်ရောက်သော အခြားသစ်ဥသစ်ဖုများထက် တစ်မူထူးခြားစွာ ကျန်းမာရေးအတွက်များစွာ အကျိုးကျေးဇူးပေးနိုင်ပါသည်။
ထူးခြားသည့် အချိုဓါတ်အမျိုးအစားတစ်မျိုးဖြစ်သည့် Fructooligosaccharides (FOS) ကို အဓိကအားဖြင့် သိုလှောင်ပေးပါသည်။
FOS သည် သကြားဓါတ်ဖြစ်သော်လည်း ကယ်လိုရီအနည်းငယ်သာပါဝင်သည့်အတွက်ကြောင့် သွေးတွင်းအချိုဓါတ်များကို မြင့်တက်စေခြင်း မရှိပေ။ ထို့အပြင် ၎င်းသည်အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း နေထိုင်သည့် ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားများ၏ ကြီးထွားပေါက်ပွားမှုကိုလည်း အားပေးကူညီသည့် Prebiotics များလည်းဖြစ်ပါသည်။
ရာကွန်းဥ၏ကောင်းကျိုးများနှင့် ဂုဏ်သတ္တိများ
၁။ ဆီးချိုရောဂါကိုကာကွယ်ပေးခြင်းနှင့် ကုသပေးခြင်း
ရာကွန်းဥသည်သွေးတွင်းသကြားဓါတ်ကို လျော့ကျစေရာတွင် အလွန်ထိရောက်စွာ စွမ်းဆောင်နိုင်ပါသည်။
FOS များသည် သကြားကဲ့သို့ချိုသော်လည်း သကြားနှင့်မတူညီသည်မှာ သွေးတွင်းသကြားဓါတ်များကို မြင့်တက်စေခြင်း မရှိခြင်းပင်ဖြစ်ပါသည်။
ထို့ကြောင့် အင်ဆူလင်ဟော်မုန်း၏ အကျိုးသက်ရောက်မှုနည်းနေသည့် ပြဿနာများကို ကူညီဖြေရှင်းပေးနိုင်ပါသည်။ ထို့ကြောင့်ဆီးချိုသမားများတွင် ဖြည့်စွက်အာဟာရအဖြစ် အသုံးပြုနိုင်ပါသည်။
၂။ ကိုယ်အလေးချိန်ကိုကျစေခြင်း
ရာကွန်းဥတွင်ပါဝင်သော FOS များကို ခန္ဓာကိုယ်၏ အစာခြေစနစ်က ခြေဖျက်ခြင်းမရှိသောကြောင့် အနည်းငယ်သော ကယ်လိုရီပမာဏကိုသာ ခန္ဓာကိုယ်အား ရရှိစေပါသည်။ ထို့အပြင် FOS များသည် အစာစားချင်စိတ်ကိုဖြစ်ပေါ်စေသည့် ဟော်မုန်းဖြစ်သည့် Ghrelin ထုတ်လွှတ်မှုကို လျော့ကျစေသည့်အတွက်ကြောင့် အစာစားခြင်းကိုထိန်းချုပ်ပေးပြီး ကိုယ်အလေးချိန်ကျဆင်းခြင်းကို တိုးတက်စေပါသည်။
၃။ Antioxidant ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝခြင်း
အစားအစာများတွင် Antioxidant ကြွယ်ဝသော အစားအစာများကို ပုံမှန်စားသုံးပေးခြင်းသည် free radical များ၏အကျိုးသက်ရောက်မှုကို ပျက်ပြယ်စေ၍ ကျန်းမာရေးပြဿနာအများအပြားကို ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သော ရာကွန်းဥကဲ့သို့သော အစားအစာများကို ပုံမှန်စားသုံးရန်လိုအပ်ပါသည်။
၄။ အစာအိမ်ကျန်းမာရေးကိုတိုးတက်စေခြင်း
ရာကွန်းဥတွင်ပါဝင်သော FOS များနှင့် Inulin များသည် အစာခြေစနစ်၏လုပ်ငန်းဆောင်တာများနှင့် အစာခြေစနစ်၏ ကျန်းမာရေးကို ကောင်းမွန်စေရန် ထိန်းသိမ်းပေးသော ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားများ၏ အစာအရင်းအမြစ် ဖြစ်ပါသည်။
ထို့အပြင် ရာကွန်းဥသည် အူလှိုင်းထရွေ့လျားမှုကို တိုးတက်စေ၍ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။
သတ္တုဓါတ်များ၏ စုပ်ယူခြင်းနှင့် ဇီဝရုပ်ဖြစ်ပျက်ခြင်းများကိုလည်း လျင်မြန်စေနိုင်ပါသည်။
၅။ နှလုံးကျန်းမာရေးကိုတိုးတက်စေခြင်း၊
လေ့လာတွေ့ရှိမှုများအရ ရာကွန်းဥကိုစားသုံးခြင်းဖြင့် LDL cholesterol များကိုလျော့ကျစေခြင်း၊ triglycerides များကိုလျော့ကျစေခြင်းနှင့် သွေးပေါင်ချိန်များကို လျော့ကျစေခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။
ထို့ကြောင့် ရာကွန်းဥသည် နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ရန်အတွက်လည်း ကောင်းမွန်သည့် အစားအစာတစ်ခုဖြစ်ပါသည်။
၆။ အရိုးသိပ်သည်းဆများကို တိုးတက်စေခြင်း
ရာကွန်းဥသည် Calcium နှင့် Magnesium ကဲ့သို့သော သတ္တုဓါတ်များ စုပ်ယူခြင်းကို တိုးတက်စေခြင်းအားဖြင့် အရိုးသိပ်သည်းဆများကို တိုးတက်စေနိုင်ပါသည်။
၇။ ဆီးသွားများစေနိုင်ခြင်း
ရာကွန်းဥသည် ဆီးသွားသည့်အကြိမ်ရေနှင့် ဆီးပမာဏကို များစေခြင်းအားဖြင့် ကျောက်ကပ်တွင် ကျောက်တည်ခြင်းနှင့် ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ခြင်းများကို ဖြစ်ပေါ်စေနိုင်သည့် အဆိပ်အတောက်များကို ခန္ဓာကိုယ်၏ ပြင်ပသို့ ပိုမိုစွန့်ပစ်စေနိုင်ပါသည်။
၈။ သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း
သံဓါတ်ချို့တဲ့ခြင်းသည် သွေးအားနည်းခြင်း၏ အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်ပါသည်။ ရာကွန်းဥသည် အရသာရှိသည့်အပြင် သံဓါတ်စုပ်ယူမှုကို တိုးတက်စေ၍ သွေးအားနည်းရောဂါ ဖြစ်ပေါ်ခြင်းကို တားဆီးပေးနိုင်ပါသည်။