fbpx

Myanmar (Covid-19 Stats)

😷 87,977 Total Cases
😥 1,887 Deaths
😇 67,588 Recovered

ခန္ဓာကိုယ်၏ခုခံအားစနစ်ကိုကောင်းမွန်စေသော ဗီတာမင်များနှင့်ဖြည့်စွက်စာများ

အခုလိုမျိုး ကူးစက်ကပ်ရောဂါများဖြစ်ပေါ်နေသည့်အချိန်တွင် ခန္ဓာကိုယ်၏ခုခံအားစနစ်ကောင်းမွန် တိုးတက်နေခြင်းထက် ပိုမိုအရေးကြီးသည့်အရာမရှိနိုင်ပေ။

ထိုသို့ခုခံအားစနစ်တိုးတက်ကောင်းမွန်စေရန် ပြုလုပ်နိုင်သည့်နည်းလမ်းများအနက် အလွယ်ကူဆုံးနည်းလမ်းတစ်ခုမှာ အစားအစာများကို အာဟာရပြည့်ဝမျှတအောင် စားသောက်ခြင်းနည်းလမ်းပင်ဖြစ်ပါသည်။

မိမိတို့စားသောက်လိုက်သည့်အစားအစာများထဲတွင် ဗီတာမင်၊ သတ္တုဓါတ်နှင့် Essential Fatty Acids များ အချိုးအစားမျှတစွာ ပါဝင်နေခြင်းသည် ခန္ဓာကိုယ်၏ခုခံအားစနစ်အတွက် လွန်စွာမှအရေးပါပါသည်။

အောက်ပါတို့သည် ခန္ဓာကိုယ်၏ခုခံအားစနစ်အတွက် အရေးပါဆုံးသော ဗီတာမင်များနှင့် ဖြည့်စွက်အာဟာရများဖြစ်ကြပါသည်။

 

ဗီတာမင်အေ

ဗီတာမင်-အေ သည် ခန္ဓာကိုယ်၏ခုခံအားစနစ်အတွက်ရေးပါသည့် သွေးဖြူဥ အမျိုးအစားတစ်ခုဖြစ်သော Lymphocytes များကိုထုတ်လုပ်ခြင်းနှင့် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို တိုးတက်စေနိုင်သည့် ဂုဏ်သတ္တိရှိပါသည်။

Lymphocytes များသည် ခန္ဓာကိုယ်အတွင်းဝင်ရောက်လာသော ရောဂါပိုးမွှားများကို တိုက်ခိုက်နိုင်သည့်အပြင် ခုခံအားစနစ်အတွက် အရေးပါသည့် ပဋိပစ္စည်းဟုခေါ်သည့် Protein များကို ထုတ်လုပ်သည့်နေရာတွင်လည်း ကူညီပေးနိုင်ပါသည်။

ဗီတာမင်-အေ ကြွယ်ဝသောအစားအစာများမှာ နို့ထွက်အစားအစာများ၊ ဘရိုကိုလီ၊ ကညွတ်နှင့် ကြက်ဥ၊ ဘဲဥ တို့ဖြစ်ကြပါသည်။

 

ဗီတာမင်စီ

ခန္ဓာကိုယ်အား ရောဂါပိုးမွှားများ၏အန္တရာယ်မှ ရှေ့တန်းက မားမားမတ်မတ်ရပ်တည်ကာကွယ်ပေးနေသည့် နေရာသည် နှာခေါင်း၊ အူလမ်းကြောင်းနှင့် အဆုတ်တွင်ရှိသည့် အပေါ်ယံအလွှာများဖြစ်ကြပါသည်။

ထိုအပေါ်ယံအလွှာများ ကြံ့ခိုင်သန်စွမ်းမှုအတွက် ကော်လာဂျင်များသည် မရှိမဖြစ်အရေးပါသည့်အစိတ်အပိုင်းများ ဖြစ်ကြပါသည်။

ဗီတာမင်-စီသည် ကော်လာဂျင်များ ထုတ်လုပ်မှုအတွက် အရေးပါသည့်အခန်းကဏ္ဍတွင် ရပ်တည်နေပါသည်။

ဗီတာမင်-စီ ချို့တဲ့ပါက ကော်လာဂျင်များမထုတ်လုပ်နိုင်မှုကြောင့် ခန္ဓာကိုယ်၏ခုခံအားစနစ်များသည်လည်း လိုက်ပါကျဆင်းလာတတ်ပါသည်။

ထို့အပြင် ဗီတာမင်-စီသည် ခန္ဓာကိုယ်၏ ခုခံအားကာကွယ်မှုစနစ်တွင် အရေးပါသည့် သွေးဖြူဥများ၊ အင်ဇိုင်းများနှင့် ပဋိပစ္စည်းများ ထုတ်လုပ်မှုကိုတိုးတက်စေခြင်းအားဖြင့်လည်း ဗိုင်းရပ်စ်များ၊ ကူးစက်ရောဂါပိုးများကို ခုခံရာတွင်များစွာ အထောက်အကူပေးပါသည်။

 

ထို့အပြင် ခုခံအား တုံ့ပြန်မှုဖြစ်စဉ်များအတောအတွင်း ထွက်ပေါ်လာသည့် Free radicals များကြောင့် ဖြစ်ပေါ်လာသည့် တစ်ရှူးများ၊ ဆဲလ်များပျက်စီးမှုများကို ကန့်သတ်တားမြစ်ပေးရာတွင်လည်း ဗီတာမင်-စီသည် အရေးပါပါသည်။

ရောင်ရမ်းမှုဆန့်ကျင့်သည့် အကျိုးအသက်ရောက်မှုများနှင့် ဓါတ်တိုးဆန့်ကျင်အကျိုးသက်ရောက်မှုများလည်း ဗီတာမင်-စီတွင် ရှိပါသည်။

ဗီတာမင်-စီ ကြွယ်ဝသောအစားအစာများမှာ ချဉ်သောအသီးအနှံများနှင့် ဖျော်ရည်များ၊ ငရုတ်သီး၊ ဘယ်ရီသီး၊ ဟင်းနုနွယ်တို့ဖြစ်ကြပါသည်။

 

ဗီတာမင်အီး

ဗီတာမင်-အီးသည် ခန္ဓာကိုယ်ဆဲလ်များ၏ ဆဲလ်နံရံများအား တောင့်တင်းခိုင်မာစေခြင်းအားဖြင့် ဆဲလ်များကိုကာကွယ်ရာတွင် ကူညီပေးနိုင်သည့် အစွမ်းထက်ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ဖြစ်ပါသည်။

ထို့အပြင် ခုခံအားစနစ်၏ စစ်သားများဖြစ်ကြသော T-cells သွေးဖြူဥများကိုလည်း ထောက်ပံ့ကူညီပေးပါသည်။

ဗီတာမင်-အီး ကြွယ်ဝသော အစားအစာများမှာ အသီးအနှံများ၊ အဆီများ၊ အခွံမာသီးများနှင့် အစေ့အဆန်များ ဖြစ်ကြပါသည်။

 

ဗီတာမင်ဒီ

ခုခံအားစနစ်၏ များစွာသောဆဲလ်များတွင် ဗီတာမင်-ဒီ Receptors များရှိခြင်းကြောင့် ဗီတာမင်-ဒီ သည်လည်း ခုခံအားစနစ်အတွက် အရေးပါဆုံးအာဟာရဓါတ်တစ်မျိုးဖြစ်ပါသည်။

ဗီတာမင်-ဒီ သည် ခုခံအားစနစ်၏အရေးပါသော T-cells များကို လှုံ့ဆော်မှုပေးခြင်းအားဖြင့် အရေးပါသောအခန်းကဏ္ဍတွင် တည်ရှိနေပါသည်။

ထို့အပြင် ဘက်တီးရီးယားများနှင့် ဗိုင်းရပ်စ်များကို တိုက်ခိုက်ရာတွင် အရေးပါသည့် inflammatory cytokines များထုတ်လုပ်ခြင်းကိုလည်း ထိန်းညှိပေးပါသည်။

ဗီတာမင်-ဒီ သည် ငါးကြီးဆီများနှင့် ကြက်ဥ၊ ဘဲဥများတွင်သာ ပါဝင်ပါသည်။

 

ဇင့်ဓါတ်

ဇင့်ဓါတ်နည်းပါပါက ပထမဆုံး စတင်အားနည်းမည့်စနစ်သည် ခုခံအားတုန့်ပြန်သည့်စနစ်များ ဖြစ်ပါသည်။

ထို့အပြင် ဓါတ်တိုးဖိစီးမှု (Oxidative stress) များနှင့် ရောင်ရမ်းနာကျင်မှုဖြစ်စဉ်များလည်း ဖြစ်ပေါ်လာနိုင်သည့် အလားအလာများရှိပါသည်။

ခန္ဓာကိုယ်၏ခုခံအားစနစ်တွင် အရေးပါသည့် T-cells များ ထုတ်လုပ်ပေးသော Thymus gland များ၏ ကျန်းမာရေးတွင်လည်း ဇင့်ဓါတ်သည် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်နေပါသည်။

ဇင့်ဓါတ် ပါဝင်သော အစားအစာများမှာ ပင်လယ်စာများ၊ ဝက်သားနှင့် ပဲတို့ ဖြစ်ကြပါသည်။

Author : Dr. CK

ဆက်စပ် ဆောင်းပါးများ