ကယ်လ်ဆီယမ်သည် တောင့်တင်းခိုင်မာသောအရိုးများကို တည်ဆောက်ရန်အတွက် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်ပါသည်။
အရိုးအဖွဲ့အစည်းတည်ဆောက်ရာတွင် အဓိကကျသည့် အခြေခံပါဝင်ပစ္စည်းတစ်ခုဖြစ်သကဲ့သို့ ခန္ဓာကိုယ်တွင်ရှိသော များစွာသော ပျော့ပျောင်းသည့် တစ်ရှူးများတွင်လည်း ပါဝင်ဖွဲ့စည်းထားပါသည်။
ထို့ပြင် ကယ်လ်ဆီယမ်သည် ကြွက်သားအာရုံကြောဆိုင်ရာ သတင်းပေးပို့မှုများ၊ အင်ဇိုင်းများ၏ ဓါတ်ကူ လုပ်ဆောင်ချက်များ၊ ဟော်မုန်းများ၏ သတင်းပေးပို့ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများနှင့် ခန္ဓာကိုယ်၏ ဇီဝရုပ်ဖြစ်ပျက်ခြင်းဆိုင်ရာ လုပ်ဆောင်မှုများတွင် ပါဝင်ပတ်သက်နေပါသည်။
ထို့ကြောင့် ကယ်လ်ဆီယမ်ကို နေ့စဉ်စားသုံးခြင်းနှင့် အူလမ်းကြောင်းမှ ကောင်းမွန်စွာစုပ်ယူနိုင်ခြင်းသည် အကောင်းဆုံးသောကျန်းမာရေးကို ထိန်းသိမ်းရန်အတွက် မရှိမဖြစ် လိုအပ်ပါသည်။
ကယ်လ်ဆီယမ်ကို နို့နှင့်အခြားနို့ထွက်ပစ္စည်းများ၊ အစိမ်းရောင်အရွက်ရှိသောဟင်းသီးဟင်းရွက်များ၊ ပင်လယ်စာများ၊ အခွံမာ အသီးများ၊ မြေပဲ၊ လိမ္မော်ရည်၊ cereals များ၊ ပေါင်မုန့် စသည်တို့တွင် ကြွယ်ဝစွာ တွေ့ရှိရပါသည်။
ကယ်လ်ဆီယမ်ချို့တဲ့ခြင်း၏ အကျိုးသက်ရောက်မှုများ
အောက်ပါတို့သည် အသက်အရွယ်အလိုက် ကယ်လ်ဆီယမ်ချို့တဲ့ခြင်း၏ အကျိုးသက်ရောက်မှုများထဲမှ အချို့ဖြစ်ပါသည်။
ကလေးများနှင့် မြီးကောင်ပေါက်အရွယ်လူငယ်များ
ကယ်လ်ဆီယမ်သည် အရိုးများ၏ကြီးထွားဖွံဖြိုးမှုတွင် မရှိမဖြစ်အရေးပါသည့်အတွက်ကြောင့် ကလေးများနှင့် မြီးကောင်ပေါက်အရွယ်လူငယ်များ ကြီးထွားဖွံဖြိုးနေစဉ်အတောအတွင်း အရိုးများ အကောင်းမွန်ဆုံး သန်မာစေရန်အတွက် ကယ်လ်ဆီယမ်များကို ပိုမိုလိုအပ်ပါသည်။
ငယ်ရွယ်သည့်အချိန်တွင် အရိုးများတွင် သတ္ထုဓာတ်များ၏ သိပ်သည်းဆများကို တိုးတက်စေရန် ကယ်လ်ဆီယမ်က ကူညီပေးခြင်းအားဖြင့် အသက်အရွယ်ကြီးရင့်လာသည့်အခါ အရိုးပါး၍အားနည်းခြင်းများ ဖြစ်ပေါ်နိုင်သည့် အလားအလာများကို လျော့ချပေးနိုင်ပါသည်။
မီးယပ်သွေးဆုံးပြီးသော အမျိုးသမီးများ
မီးယပ်သွေးဆုံးပြီးသော အမျိုးသမီးများတွင် Estrogen ဟော်မုန်းထုတ်လုပ်မှု ကျဆင်းသွားသည့်အတွက်ကြောင့် အရိုးများ ပါးလွှာအားနည်းလာခြင်းနှင့် ကယ်လ်ဆီယမ်များ အူလမ်းကြောင်းအတွင်းမှ စုပ်ယူခြင်းများလျော့နည်းလာတတ်ပါသည်။
ထိုသို့ ကယ်လ်ဆီယမ်ပမာဏနည်းပါးလာခြင်းကြောင့် မီးယပ်သွေးဆုံးပြီး ပထမ ၅ နှစ် အတွင်းတွင် အရိုးများ လျင်မြန်စွာ ယိုယွင်းပျက်စီးမှု ကြုံတွေ့ရလေ့ ရှိပါသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများ
ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင်လည်း ဝမ်းဗိုက်ထဲတွင်ရှိသော သန္ဓေသားများ၏ အရိုးများ ဖွဲ့စည်းတည်ဆောက်ရန်အတွက် ကယ်လ်ဆီယမ်များပိုမိုလိုအပ်သောကြောင့် ကယ်လ်ဆီယမ်ဓာတ်ချို့တဲ့မှုနှင့် ကြုံတွေ့ရလေ့ရှိပါသည်။
ထို့ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် ကယ်လ်ဆီယမ်နှင့် ဗီတာမင်-ဒီ ဖြည့်စွက်ဆေးဝါးများကို သောက်သုံးသင့်ပါသည်။
သက်သတ်လွတ်စားသောသူများ
သက်သတ်လွတ်စားသောသူများ စားသုံးလေ့ရှိသော အပင်ထွက်အစားအစာများတွင် ကယ်လ်ဆီယမ်စုပ်ယူမှုကို အနှောင့်အယှက်ပြုသည့် Oxalic acid နှင့် Phytic acid များ ပါဝင်သည့်အတွက်ကြောင့် ကယ်လ်ဆီယမ်ချို့တဲ့ခြင်းအလားအလာ များပြားပါသည်။
ထို့ကြောင့် ကယ်လ်ဆီယမ်ဖြည့်စွက်ဆေးများကို သောက်သုံးသင့်ပါသည်။
ကယ်လ်ဆီယမ်ချို့တဲ့ခြင်း လက္ခဏာများ
ကယ်လ်ဆီယမ်ချို့တဲ့ခြင်း၏ လက္ခဏာရပ်များကို အစောပိုင်းကာလများတွင် တွေ့ရလေ့မရှိသော်လည်း တဖြည်းဖြည်း ဆိုးရွားလာသည်နှင့်အမျှ အောက်ပါလက္ခဏာများ ပေါ်ပေါက်လာလေ့ရှိပါသည်။
ကြွက်တက်ခြင်း
ကြွက်တက်ခြင်းသည် ကယ်လ်ဆီယမ်ချို့တဲ့ခြင်း၏ အစောဆုံးလက္ခဏာများတွင် တစ်ခုအပါအဝင် ဖြစ်ပါသည်။ ထို့ပြင် လှုပ်ရှားသည့်အခါများနှင့် လမ်းလျှောက်သည့်အခါများတွင် ပေါင်၊ လက်မောင်းရှိကြွက်သားများ နာကျင့်လေ့ရှိပါသည်။ ဤသို့ကြွက်တက်ခြင်းဖြစ်စဉ်များသည် ညဘက်တွင် ပိုမိုဖြစ်ပွားလေ့ရှိပါသည်။
အရေပြားခြောက်သွေ့ခြင်းနှင့် လက်သည်းများကြွပ်ဆပ်ခြင်း
ကယ်လ်ဆီယမ်ချို့တဲ့ခြင်းသည် အရိုးများတွင်သာမက လက်သည်းနှင့်အရေပြားများ အပေါ်တွင်လည်း အကျိုးသက်ရောက်မှုရှိပါသည်။ ကယ်လ်ဆီယမ်ချို့တဲ့သည့်အခါ အရေပြားပိုမိုခြောက်သွေ့လာ၍ လက်သည်းခြေသည်းများသည်လည်း အားနည်းကာ ကြွပ်ဆပ်လာလေ့ရှိပါသည်။
အပျိုဖော်ဝင်နောက်ကျခြင်းနှင့် ရာသီစက်ဝန်းဆိုင်ရာ ပြဿနာများဖြစ်ခြင်း
မြီးကောင်ပေါက်အရွယ် အမျိုးသမီးများတွင် အပျိုဖော်ဝင်နောက်ကျခြင်းသည်လည်း ကယ်လ်ဆီယမ်ချို့တဲ့ခြင်း၏ လက္ခဏာတစ်ခုဖြစ်ပါသည်။ ထို့ပြင် ရာသီလာသည့်အချိန်တွင် နာကျင်ခြင်း၊ ရာသီလာသည့် သွေးပမာဏပြောင်းလဲခြင်း စသည့်ရာသီစက်ဝန်းဆိုင်ရာ ပြဿနာများနှင့်လည်း ကြုံတွေ့ရတတ်ပါသည်။
သွားနှင့်သက်ဆိုင်သော ပြဿနာများဖြစ်ခြင်း
ကယ်လ်ဆီယမ်သည် သွားတွင်အရေးပါသည့် ပါဝင်ပစ္စည်းတစ်ခုဖြစ်သောကြောင့် ကယ်လ်ဆီယမ်ချို့တဲ့သည့်အခါ သွားကိုများစွာအကျိုးသက်ရောက်မှု ဖြစ်စေပါသည်။
ကယ်လ်ဆီယမ်ချို့တဲ့သည့်အခါ သွားဝါခြင်းများစတင်ဖြစ်ပေါ်လာသကဲ့သို့ သွားပိုးစားခြင်း၊ သွားအပေါက်ဖြစ်ခြင်း၊ သွားပျက်စီးခြင်း စသည့်သွားနှင့်သက်ဆိုင်သည့် ပြဿနာအများအပြားကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။
ကလေးများတွင် ကယ်လ်ဆီယမ်ချို့တဲ့သည့်အခါ သွားပေါက်ခြင်းဖြစ်စဉ် နှေးကွေးခြင်းများလည်း ဖြစ်ပေါ်နိုင်ခြေရှိပါသည်။
အရိုးဆိုင်ရာ ပြဿနာများဖြစ်ခြင်း
ကယ်လ်ဆီယမ်သည် အရိုးများတွင်လည်း အဓိကအရေးကြီးသည့် ပါဝင်ပစ္စည်းဖြစ်သောကြောင့် ကယ်လ်ဆီယမ်ချို့တဲ့သည့်အခါ အရိုးများအားနည်းလာခြင်းနှင့်အတူ မကြာခဏ အရိုးကျိုးခြင်းပြဿနာများ ကြုံတွေ့ရနိုင်ခြေရှိပါသည်။
အိပ်မပျော်ခြင်း
ကယ်လ်ဆီယမ်ချို့တဲ့သောသူများသည် အိပ်မပျော်ခြင်းရောဂါများကို ကြုံတွေ့ရနိုင်ခြေရှိပါသည်။ တစ်ခါတစ်ရံ အိပ်ပျော်သော်လည်း နှစ်ခြိုက်စွာအိပ်ပျော်ခြင်း မရရှိသည့် ပြဿနာများကြုံတွေ့ရတတ်ပါသည်။
ထို့ကြောင့် လူ့ခန္ဓာကိုယ်အတွက် အရေးကြီးလှသော ကယ်လ်ဆီယမ်ဓါတ်ကို ပြည့်ဝအောင် အစားအစာများမှသော်လည်းကောင်း၊ ကယ်လ်ဆီယမ်ပါဝင်သော ဖြည့်စွက်ဆေးဝါးများကို သောက်သုံးခြင်းအားဖြင့်သော်လည်းကောင်း ဖြည့်တင်းရမည် ဖြစ်ပါတော့သည်။
Author : Dr. CK