fbpx

Myanmar (Covid-19 Stats)

😷 87,977 Total Cases
😥 1,887 Deaths
😇 67,588 Recovered

ဒဏ်ရာအနာ ပိုးဝင်ပြည်တည်ခြင်းဆိုသည်မှာ

ဒဏ်ရာများ၊ အနာများသည် ကောင်းစွာဂရုစိုက် ကုသမှုမရှိပါက အန္တရာယ်ရှိသော ရောဂါပိုးမွှားများ  ကူးစက်ဝင်ရောက်ခြင်းနှင့် ကြုံတွေ့ရနိုင်ပါသည်။

ထိုသို့ရောဂါပိုးဝင်ရောက်ခြင်းခံရပါက ဒဏ်ရာ အနာကျက်နှေးခြင်းများ ဖြစ်ပေါ်စေနိုင်သည့်အပြင် အမာရွတ် ထင်ရှားကြီးမားစွာ ကျန်ခဲ့နိုင်သည့် အလားအလာလည်း များပြားလာပါသည်။

တစ်ခါတစ်ရံ ရောဂါပိုးသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားတတ်ပါသည်။ မေးခိုင်ရောဂါပိုးကဲ့သို့သော ပြင်းထန်သည့်ရောဂါပိုးများ ကူးစက်ဝင်ရောက်ခြင်းခံရပါက အသက်အန္တရာယ် ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။ ထို့ကြောင့် ဒဏ်ရာအနာများအတွင်းသို့ ရောဂါပိုး ဝင်ရောက်ခြင်း၏ လက္ခဏာများ၊ ကာကွယ်ခြင်းနည်းလမ်းများနှင့် ကုသခြင်းနည်းလမ်းများကို ဖော်ပြပေးလိုက်ရပါသည်။

 

ဒဏ်ရာအနာရောဂါပိုးဝင်နိုင်သည့် အန္တရာယ်ရှိသည့် အခြေအနေများ

အောက်ပါအခြေအနေများတွင် ဒဏ်ရာသည် ရောဂါပိုးဝင်နိုင်သည့် အန္တရာယ်ရှိနိုင်ပါသည်။

  • ဒဏ်ရာသည် သံ သို့မဟုတ် ပုလင်းကွဲစ စူးမိ၊ ထိုးမိသောကြောင့် ရခဲ့သောဒဏ်ရာဖြစ်ခဲ့လျှင်၊
  • လူအချင်းချင်း သို့မဟုတ် တိရစ္ဆာန် တစ်ကောင်ကောင် အကိုက်ခံရ၍ ရရှိလာသော ဒဏ်ရာဖြစ်ခဲ့လျှင်
  • ဒဏ်ရာအနာရရှိပြီးနောက် ဒဏ်ရာကို ကောင်းစွာ ဆေးကြောသန့်စင်ခြင်း မပြုလုပ်ခဲ့လျှင် သို့မဟုတ် ကောင်းစွာကုသမှု မခံယူခဲ့လျှင်
  • အကယ်၍ ထိခိုက်ရှနာဒဏ်ရာသည် ခြေထောက်၊ လက်၊ ချိုင်း၊ ပေါင်ခြံ စသော နေရာများတွင် ဖြစ်ပွားခဲ့လျှင်
  • ဒဏ်ရာအနာအတွင်းသို့ ဖုန်မှုန့် သို့မဟုတ် တံတွေးများ ဝင်ရောက်ခဲ့လျှင်
  • ဒဏ်ရာအနာကျက်နှေးနေလျှင်
  • ဒဏ်ရာရရှိသူတွင် ဆီးချိုရောဂါ၊ အရက်အလွန်အကျွံသောက်ခြင်း၊ ခုခံအား အားနည်းနေခြင်းနှင့် သွေးလှည့်ပတ်မှု မကောင်းခြင်း စသောအခြေအနေများ ရှိခဲ့လျှင် ဒဏ်ရာသည် ရောဂါပိုး ဝင်ရောက်ရန်အတွက် အလားအလာပိုများပါသည်။

 

ဒဏ်ရာအနာအတွင်းသို့ ရောဂါပိုးဝင်ရောက်ခြင်း၏ လက္ခဏာရပ်များ

အောက်ပါလက္ခဏာရပ်များရှိပါက ဒဏ်ရာအနာအတွင်းသို့ ရောဂါပိုးဝင်ရောက်နေပြီဖြစ်ကြောင်း သိရှိနိုင်ပါသည်။

  • ဒဏ်ရာအနာ တစ်ဝိုက်တွင် နီ၍ပူနွေးလာခြင်း
  • ဒဏ်ရာအနာ၏ အနားသတ်များသည် ကောင်းစွာမကျက်ပဲ ပွင့်နေသကဲ့သို့ဖြစ်နေခြင်း
  • ဒဏ်ရာအနာမှ အဝါရောင်၊ စိမ်းဝါရောင် သို့မဟုတ် အနံ့အသက်မကောင်းသည့် အရည်များ အပြင်ဘက်သို့ စီးထွက်လာခြင်း
  • ဒဏ်ရာအနာ၏ အထဲတွင် သို့မဟုတ် အနီးတစ်ဝိုက်တွင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ အနီရောင်ပြောင်းလာခြင်း
  • ဒဏ်ရာအနာ၏ အရောင်နှင့်အရွယ်အစား ပြောင်းလဲလာခြင်း
  • ဒဏ်ရာအနာ၏ အနီးတစ်ဝိုက်တွင် အနီရောင်အစင်းကြောင်းများ ပေါ်ပေါက်လာခြင်း
  • ကိုယ်ပူချိန်မြင့်တက်လာခြင်း စသည့် လက္ခဏာများကို တွေ့ရှိရပါက ဒဏ်ရာအနာကို ပိုးဝင်နေပြီဖြစ်ကြောင်း သိနိုင်ပါသည်။


ဒဏ်ရာအနာပိုးဝင်ခြင်းကို ဘယ်လိုကုသမလဲ

ဒဏ်ရာအနာပိုးဝင်ခြင်းကို ကုသမှုသည် ကူးစက်ခံရသော ရောဂါပိုးအမျိုးအစားနှင့် ကူးစက်ခံရမှု မည်မျှပြင်းထန်သည် စသည်တို့အပေါ် မူတည်၍ ကွဲပြားမှုရှိနိုင်ပါသည်။

ပုံမှန်အားဖြင့် ပဋိဇီဝ ပိုးသတ်ဆေးများကို တိုက်ကျွေးလေ့ရှိကြပါသည်။

ထို့အပြင် အနာကို ပိုးသတ်ဆေးရည် သို့မဟုတ် ပိုးသတ်ဆေး ခရင်မ်ဖြင့်လည်း သန့်စင်ကြပါသည်။

တစ်ခါတစ်ရံ အနာတွင် ပြည်တည်ခြင်းများလည်း ဖြစ်ပေါ်နိုင်ပါသည်။ ထိုအခါမျိုးတွင် ပြည်များကို ဖောက်ထုတ် ရှင်းလင်းရန် လိုအပ်ပါသည်။

အကယ်၍ ပိုးဝင်သည့် အနာသည် ဆိုးရွားပြင်းထန်ခဲ့ပါက ဆေးဘက်ဆိုင်ရာ ပညာရှင်များနှင့် ပြသခြင်း၊ ဆေးရုံတွင် ကုသမှုခံယူခြင်း စသည်တို့ ပြုလုပ်ရန် လိုအပ်ပါသည်။

 

ဒဏ်ရာအနာအတွင်းသို့ ရောဂါပိုးမဝင်စေရန် ကာကွယ်ခြင်း

အောက်ပါအချက်များကို ပြုလုပ်၍ ဒဏ်ရာအနာအတွင်းသို့  ရောဂါပိုးများမဝင်ရောက်စေရန် ကာကွယ်နိုင်ပါသည်။

  • ဒဏ်ရာရသည်နှင့် ဆပ်ပြာနှင့် ရေဖြင့် ဆေးကြောပါ။
  • ပိုးသတ်ဆေးရည် သို့မဟုတ် ပိုးသတ်ဆေးခရင်မ် ကို ဒဏ်ရာတွင် လိမ်းပါ။
  • ဒဏ်ရာကို ပတ်တီး သို့မဟုတ် အနာအုပ်ပိတ်စဖြင့် ဖုံးအုပ်ထားပါ။
  • ထိုပတ်တီး သို့မဟုတ် ပိတ်စကို နေ့စဉ် သို့မဟုတ် ညစ်ပတ်လာတိုင်း၊ စိုစွတ်လာတိုင်း လဲလှယ်ပေးပါ။
  • ဒဏ်ရာရပြီး ပထမ ၂၄ နာရီ အတောအတွင်း ဒဏ်ရာအနာကို သန့်ရှင်းခြောက်သွေ့စေရန် ဂရုစိုက်ပါ။
  • ဒဏ်ရာကို မကိုင်တွယ်ခင်နှင့် ကိုင်တွယ်ပြီးတိုင်း လက်ကိုသေချာစွာ ဆေးကြောပါ။

အထက်ပါ အချက်များကို ပြုလုပ်ပေးခြင်းအားဖြင့် ဒဏ်ရာအနာပိုးဝင်ခြင်းကို ကာကွယ်နိုင်ပါကြောင်း ဖော်ပြလိုက်ရပါသည်။

Dr. မိုး (ဆေး ၁)

ဆက်စပ် ဆောင်းပါးများ