ငါးစားခြင်းဟာ ခန္ဓါကိုယ်ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိစေတာကို လူအများသိရှိပြီးဖြစ်ကြမှာပါ။ သို့သော်လည်း ငါးမှာပါဝင်တဲ့ အာဟာရဓါတ်တွေ၊ ဗီတာမင်နဲ့သတ္တုဓါတ်တွေအကြောင်းကိုတော့ စုံစုံလင်လင်သိရှိသူနည်းပါတယ်။ ငါးတွေမှာ အသားဓါတ်(ပရိုတင်းဓါတ်)တွေ ပါဝင်တဲ့အပြင် omega 3 fatty acids လို့ခေါ်တဲ့ ငါးကြီးဆီဓါတ်တွေလည်း အပြည့်အဝပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိစေမှာဖြစ်ပါတယ်။ ငါးမှပေးတဲ့ အာဟာရဓါတ်၊ ဗီတာမင်နဲ့သတ္တုဓါတ်တွေကတော့
(၁) omega 3 fatty acids ခေါ်ငါးကြီးဆီ
ငါးကြီးဆီဟာ ငါးသလောက်၊ ဆယ်လမွန်နဲ့ တူနာငါးစတဲ့ ငါးတွေမှာ အဓိကပါဝင်နေပါတယ်။ ငါးကြီးဆီဟာ နှလုံးသွေးကြောကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ငါးကြီးဆီဟာ နှလုံးသွေးကြောကျဥ်းခြင်းနဲ့ နှလုံးရောဂါဖြစ်ပေါ်နိုင်ခြေကို လျှော့ချပေးနိုင်ခြင်း၊ သွေးတွင်းမကောင်းတဲ့အဆီတွေကို ဖယ်ရှားပေးနိုင်ပြီး ကောင်းတဲ့အဆီဓါတ်ကို များပြားလာစေခြင်း၊ သွေးပေါင်ခြင်းထိန်းပေးနိုင်ခြင်း စတဲ့ကျန်းမာရေးကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။ ဒါ့အပြင် ငါးကြီးဆီဟာ ဦးနှောက်ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူဖြစ်စေပါတယ်။
(၂) ဗီတာမင် A
အဆီများတဲ့ငါးတွေ များများစားပေးမယ်ဆိုရင် ဗီတာမင် A ကို ရရှိစေနိုင်ပါတယ်။ ဗီတာမင် A ဟာ အမြင်အာရုံကောင်းမွန်စေခြင်း၊ မျက်စိရောဂါတွေဖြစ်လာနိုင်ခြေကို လျှော့ချပေးနိုင်ခြင်း၊ အရိုးနဲ့သွားတွေ ကြီးထွားသန်မာလာစေခြင်း စတဲ့ အကျိုးကျေးဇူးများစွာကို ရရှိလာစေမှာဖြစ်ပါတယ်။
(၃) ဗီတာမင် B-complex
ငါးတွေမှာ နောက်ထပ်ပါဝင်တဲ့ ဗီတာမင်ဓါတ်တွေကတော့ ဗီတာမင် B1, B2, B6, B12 စတာတွေဘဲဖြစ်ပါတယ်။ ဗီတာမင် B-complex ဟာဆိုရင် ဦးနှောက်နဲ့အာရုံကြောစနစ်ကောင်းမွန်စေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။
(၄) ဗီတာမင် D
ငါးတွေမှာ အရိုးနဲ့သွားကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ဗီတာမင် D လည်းများစွာပါဝင်နေပါတယ်။ ဗီတာမင် D ဟာ ကိုယ်ခံအားစနစ်မြင့်တက်စေဖို့လည်း ကူညီပေးနိုင်ပါတယ်။
(၅) ကယ်လ်စီယမ်
ဗီတာမင် D အပြင် အရိုးကျန်းမာဖွံ့ဖြိုးရေးအတွက်လိုအပ်တဲ့ ကယ်လ်စီယမ်ဓါတ်ဟာလည်း ငါးတွေမှာ ပါရှိပါတယ်။
(၆) မဂ္ဂနီဆီယမ်
ငါးတွေမှာ ပါဝင်တဲ့မဂ္ဂနီဆီယမ်ဓါတ်ဟာ နှလုံးနဲ့ ကြွက်သားကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေခြင်း၊ ဆီးချိုရောဂါဖြစ်ပေါ်နိုင်ခြေကို လျှော့ချပေးနိုင်ခြင်းစတဲ့ကောင်းကျိုးများစွာကို ရရှိစေနိုင်ပါတယ်။
(၇) ဇင့်ဓါတ်
ငါးတွေမှာ ခန္ဓါကိုယ်တွင်းဆဲလ်တွေ ကြီးထွားဖွံ့ဖြိုးစေဖို့နဲ့ ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ ဇင့်ဓါတ်လည်း ပါရှိပါတယ်။
(၈) သံဓါတ်
ငါးတွေမှာ သံဓါတ်ပါဝင်တာကြောင့် သံဓါတ်ချို့တဲ့ပြီး သွေးအားနည်းခြင်းကင်းဝေးစေဖို့ ငါးများများစားသုံးပေးသင့်ပါတယ်။
ငါးများများစားသုံးခြင်းဖြင့် ဗီတာမင်နဲ့သတ္တုဓါတ်တွေ ကြွယ်ဝစွာရရှိစေနိုင်တာကြောင့် တစ်ပတ်ကိုအနည်းဆုံး ၃ကြိမ်ခန့် ငါးကို စားသုံးပေးသင့်ပါတယ်။ မာကျူရီတွေလွန်ကဲစွာ ပါဝင်နေတဲ့ ငါးတွေမစားမိစေဖို့တော့ သတိပြုရပါမယ်။ ငါးတွေဟာ အသားတွေစားသကဲ့သို့ ပရိုတင်းဓါတ်ရရှိစေတဲ့အပြင် ငါးကြီးဆီလည်း ပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရရှိစေမှာဘဲဖြစ်ပါတယ်။
Author : Dr.Aye Myat Mon