သွေးတွင်းအဆီဆိုရင် အများစုက သွေးတွင်းကိုလက်စထရောကိုဘဲ မြင်မိတတ်ကြပါတယ်။ တကယ်တော့ သွေးတွင်းအဆီလို့ဆိုရာမှာ LDL, HDL, TAG နဲ့ total cholesterol ဆိုပြီး ၄မျိုးကို စစ်ဆေးကြရလေ့ရှိပါတယ်။ HDL ဆိုတာကတော့ ကျန်းမာရေးအတွက် ကောင်းစေတဲ့ အဆီအမျိုးအစားဖြစ်ပြီး ကျန်၃မျိုးကတော့ မကောင်းတဲ့အဆီတွေဖြစ်ပြီး ကျန်းမာရေးအတွက်အန္တရာယ်ရှိစေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းအဆီစစ်ဆေးကြည့်တဲ့အခါ LDL နဲ့ TAG ပမာဏမြင့်တက်နေမယ်ဆိုရင် နေ့စဥ်နေထိုင်မှုပုံစံကို ပြောင်းလဲပြုပြင်ဖို့ လိုအပ်ပါတယ်။
ဘာကြောင့် သွေးတွင်းအဆီများရသလဲ?
အဆီများတဲ့အစားအစာတွေစားလွန်းတာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ အသက်အရွယ်ကြီးမြင့်လာတာ၊ အဝလွန်တာ၊ ဆေးလိပ်သောက်တာ၊ အရက်အလွန်အကျွံသောက်တာ စတဲ့အချက်တွေဟာ သွေးတွင်းအဆီများခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
သွေးတွင်းအဆီဓါတ်များနေရင် ဘာလက္ခဏာတွေပြတတ်လဲ?
သွေးတွင်းအဆီဓါတ်များခြင်းဟာ လက္ခဏာပြလေ့မရှိပါဘူး။ ဒါကြောင့် LDL, HDL, TAG နဲ့ total cholesterol level တို့ကို သွေးဖောက်ပြီး စစ်ဆေးမှသာ သိရှိနိုင်မှာဖြစ်ပါတယ်။
သွေးတွင်းအဆီများနေရင် ဘယ်လို့လျော့ချနိုင်မလဲ?
သွေးတွင်းအဆီဓါတ်ကို လျှော့ချနိုင်ဖို့ဆိုရင် နေ့စဥ်စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲပြုပြင်ဖို့လိုပါတယ်။ အဆီများလွန်းတဲ့ အစားအစာတွေကို ရှောင်ကြဥ်တာ၊ နေ့စဥ်ကိုယ်လက်လှုပ်ရှားမှုမှန်မှန်ပြုလုပ်တာ၊ အရက်ဆေးလိပ်ဖြတ်တာ၊ ရေများများသောက်တာ၊ စိတ်ဖိစီးမှုတွေလျှော့ချတာ စသဖြင့် ကျန်းမာတဲ့နေထိုင်မှုပုံစံကို လိုက်နာနေထိုင်ကြရပါမယ်။
သွေးတွင်းအဆီဓါတ်များခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေက ဘာတွေလဲ?
သွေးတွင်းအဆီဓါတ်များတဲ့အခါ ခန္ဓါကိုယ် အနှံ့အပြားက သွေးကြောနံရံတွေမှာ အဆီတွေစုပုံလာတာကြောင့် ဆိုးကျိုးပြသာနာတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။ သွေးတွင်းအဆီများခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကတော့
(၁) နှလုံးသွေးကြောကျဥ်းခြင်း
သွေးတွင်းအဆီတွေဟာ နှလုံးသွေးကြောနံရံတွေပေါ် စုပုံလာတဲ့အခါ နှလုံးသွေးကြောကျဥ်းခြင်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။ နှလုံးသွေးကြောတွေကျဥ်းသွားတဲ့အခါ သွေးစီးဆင်းမှုနည်းသွားတာကြောင့် ရင်ဘတ်အောင့်ခြင်းနဲ့ heart attack တို့ ခံစားရနိုင်ခြေ ပိုမိုများပြားလာပါတယ်။
(၂) လေဖြတ်ခြင်း
သွေးတွင်းအဆီတွေဟာ ဦးနှောက် နဲ့အနီးတစ်ဝိုက်မှာရှိတဲ့ သွေးကြောနံရံတွေမှာလည်း စုပုံလာနိုင်ပါတယ်။ အဆီများလွန်းတာကြောင့် ဦးနှောက်သွေးကြောပိတ်သွားတဲ့အခါ လေဖြတ်ခြင်းဖြစ်ပေါ်လာနိုင်ပါတယ်။
(၃) သွေးတိုးခြင်း
သွေးတွင်းအဆီဓါတ်များနေတဲ့အခါ ခန္ဓါကိုယ်အနှံ့အပြားက သွေးကြောတွေမှာ အဆီခဲတွေပုံလာတဲ့အခါ သွေးကြောကျဥ်းလာပြီး သွေးတွေဟာ ပုံမှန်အတိုင်းမစီးဆင်းနိုင်တော့တဲ့အတွက် သွေးပေါင်ချိန်တက်လာပါတော့တယ်။ ဒါကြောင့် သွေးတွင်းအဆီဓါတ်များလာရင် သွေးတိုးရောဂါပါ ခံစားလာရမှာဖြစ်ပါတယ်။
(၄) ခြေ၊ လက် ကြွက်တက်တတ်ခြင်း
သွေးတွင်းအဆီခဲတွေဟာ နှလုံး၊ ဦးနှောက်တို့မှာရှိတဲ့ အရေးကြီးတဲ့သွေးကြောတွေကို ပိတ်ဆို့စေရုံသာမက ခြေလက်သွေးကြောတွေကိုပါ ပိတ်ဆို့ပြီး ကြွက်တက်ကာ နာကျင်လာစေနိုင်ပါတယ်။
သွေးတွင်းအဆီများခြင်းကို ဘယ်လိုကုသရမလဲ?
သွေးတွင်းအဆီများနေပြီဆိုရင် atorvastatin, simvastatin ကဲ့သို့သော အဆီကျဆေးတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ သောက်သုံးရမှာဖြစ်ပါတယ်။ ဒါ့အပြင် omega 3 ခေါ် ငါးကြီးဆီပါဝင်တဲ့ ဆေးနဲ့အစားအစာတွေဟာ သွေးတွင်းအဆီဓါတ်ကို လျော့ကျစေနိုင်တာကြောင့် များများစားသုံးပေးသင့်ပါတယ်။
Author : Dr.Aye Myat Mon