ချောင်းဆိုးရောဂါဝေဒနာကို အစောပိုင်းကာလတွင် လူအများစုက လျစ်လျူရှုထားလေ့ရှိကာ ဆိုးရွားပြင်းထန်လာသောအခါတွင်မှ ကုသမှုခံယူရန် စဉ်းစားတတ်ကြပါတယ်။ ထိုအခါ မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများ ပိုမိုဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ချောင်းဆိုးခြင်း စတင်ဖြစ်ပေါ်တဲ့အချိန်မှ စတင်ကာ ပိုမိုမဆိုးရွားလာဘဲ အမြန်ပျောက်ကင်းအောင် ဂရုစိုက်ခြင်းအားဖြင့် နောက်ဆက်တွဲ ပြဿနာများကို များစွာ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
အောက်ပါအချက်များဟာ ချောင်းဆိုးဝေဒနာခံစားနေရစဉ် ရှောင်ကြဉ်သင့်သော အချက်များဖြစ်ပါတယ်။
( ၁ ) အေးသော အစားအစာများစားသောက်ခြင်းမှ ရှောင်ကြဉ်ပါ။
ရေခဲမုန့်၊ ရေခဲချောင်း၊ အအေးနှင့် အေးသောအဖျော်ယမကာများ စသောအစားအစာများသည် ချောင်းဆိုးခြင်းကို ပိုမိုဆိုးရွားစေနိုင်ကြောင်းတွေ့ရှိရပါတယ်။ အေးသောအစားအစာများဟာ အသက်ရှူလမ်းကြောင်းရဲ့အနားသတ်ကို ခြောက်သွေ့စေခြင်းကြောင့် မအီမသာခံစားရကာ ချောင်းဆိုးခြင်းဝေဒနာကို ပိုမိုဆိုးရွားလာစေခြင်း ဖြစ်ပါတယ်။
( ၂ ) ညအိပ်ခါနီးတွင် အစာပမာဏများစွာ စားခြင်းမှ ရှောင်ကြဉ်ပါ။
အထူးသဖြင့် အစာရေမျိုပြွန်အတွင်းသို့ အစာအိမ်အတွင်းမှ အစာခြေအက်စစ် ချဉ်ရည်ဆန်တက်သော ရောဂါရှိသူများဟာ ညဘက်တွင် အစားအစာ များများမစားသင့်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသို့သောရောဂါရှိသူများတွင် အစာများများစားလိုက်တဲ့အခါ အစာအိမ်မှ အက်ဆစ်များဟာ အထက်သို့ပို၍ ဆန်တက်လာကာ လည်ချောင်းတွင်မအီမသာခံစားရခြင်းကြောင့် ချောင်းဆိုးခြင်းကို ပိုမိုအားပေးကြောင်းတွေ့ရှိရပါတယ်။
( ၃ ) ချောင်းဆိုးနေတဲ့အခါ ပက်လက်အိပ်ခြင်းမှ ရှောင်ကြဉ်ပါ။
အိပ်စက်သော အနေအထားပုံစံဟာလည်း ချောင်းဆိုးခြင်းကို အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ ပက်လက်အနေအထား အိပ်စက်တဲ့အခါ တစ်နေ့တာလုံး ထွက်ရှိစုဝေးနေသော ချွဲသလိပ်များဟာ လည်ချောင်းဆီသို့ ဆန်တက်ကာ ချောင်းဆိုးခြင်းကို ပိုမိုဆိုးရွားလာစေပါတယ်။ ဒါ့ကြောင့် ချောင်းဆိုးရောဂါခံစားနေရချိန်တွင် ပက်လက်မအိပ်ဘဲ ဘေးစောင်းအနေအထားဖြင့် အိပ်စက်ခြင်းဖြင့် ရောဂါလက္ခဏာများကို သက်သာစေမှာဖြစ်ပါတယ်။
( ၄ ) ဆီကြော်အစားအစာများကို စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။
ဆီကြော်အစားအစာများတွင် လည်ချောင်းယားယံခြင်းနှင့်ချောင်းဆိုးခြင်းကို ဖြစ်စေသော Acrolein ဟူသော ဒြပ်ပေါင်းတစ်မျိုးပါဝင်ကြောင်းတွေ့ရှိရပါတယ်။ ထိုအချက်ကြောင့် ဆီကြော်အစားအစာများဟာ ချောင်းဆိုးနေစဉ်တွင် မစားသင့်သော အစားအစာများတွင် ပါဝင်နေခြင်းဖြစ်ပါတယ်။
(၅) ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။
ဆေးလိပ်သောက်ခြင်းဟာ အဆုတ်လေပြွန်ရောင်ရမ်းခြင်းကြောင့် နာတာရှည်ချောင်းဆိုးခြင်း အကြောင်းရင်းများတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ လည်ချောင်းရဲ့အနားသတ်ကို မအီမသာဖြစ်စေပြီး ချောင်းဆိုးခြင်းကိုအားပေးရုံသာမက အဆုတ်ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကိုလည်း မြင့်မားစေကြောင်းတွေ့ရှိရပါတယ်။
( ၆ ) ကဖင်းဓာတ်ပါသော အဖျော်ယမကာများ
အစာအိမ်အက်ဆစ်အထွက်များခြင်းနှင့် အစာအိမ်အက်ဆစ်ချဉ်ရည်ဆန်တက်သောရောဂါကြောင့် ချောင်းဆိုးသောသူများတွင် ကဖင်းဓာတ်ပါသော အစားအစာများကို ရှောင်ကြဉ်ရပါမယ်။ ကဖင်းဓာတ်ဟာ အစာရေမျိုပြွန်နှင့် အစာအိမ်ကို ဆက်သွယ်ပေးထားသော ရှုံ့ကြွ ကြွက်သားကို ပြေလျော့စေသဖြင့် အစာရေမျိုပြွန်ဆီသို့ အက်ဆစ်များကိုပိုမို ဆန်တက်စေကာ ချောင်းဆိုးခြင်းကို ပိုမိုပြင်းထန်စေကြောင်းတွေ့ရှိရပါတယ်။
( ၇ ) အလုပ်အလွန်အကျွံ လုပ်ခြင်းမှရှောင်ကြဉ်ပါ။
ချောင်းဆိုးခြင်းကြောင့် အလုပ်မှခွင့်ယူရန်မလိုအပ်ပါ။ သို့သော် ချောင်းဆိုးရောဂါဟာလည်း ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးစနစ်တွင် တစ်စုံတစ်ခု ချွတ်ယွင်းနေသော လက္ခဏာတစ်ရပ်ဖြစ်တာကြောင့် အလုပ်အလွန်အကျွံမလုပ်ဘဲ အနားယူခြင်းဖြင့် ခုခံအားစနစ်တိုးတက်လာကာ ရောဂါဝေဒနာများ အမြန်သက်သာပျောက်ကင်းလာနိုင်မှာဖြစ်ပါတယ်။
အထက်ပါ အချက်အလက်များကို ချောင်းဆိုးတဲ့အခါ သတိပြုရှောင်ကြဉ်ခြင်းအားဖြင့် ချောင်းဆိုးခြင်းကို အမြန်ဆုံးသက်သာပျောက်ကင်းစေကာ နောက်ဆက်တွဲပြဿနာများကိုလည်း မဖြစ်ပွားစေရန် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
Author: Dr. မိုး (ဆေး ၁)