ကလေးကို အစားကျွေးရတယ်ဆိုတာ တစ်ချို့မိဘတွေအတွက်ဘာမှမခက်ခဲပေမယ့် တစ်ချို့အတွက်များတော့လည်း စိန်ခေါ်မှုတွေအပြည့်နဲ့ပါ။ ထမင်းပဲကျွေးကျွေး၊ သရေစာမုန့်ကျွေးကျွေးပေါ့ အခက်အခဲတွေကတော့မျိုးစုံပါပဲ။ ဒီထဲကမှ ရှားပါးတဲ့တစ်ခုကတော့ ကလေးကမစားစေချင်တဲ့မုန့်တွေကိုတောင်းနေတတ်ပြီး စားစေချင်တာကျကျွေးမရ ဖြစ်နေတတ်တာမျိုးပါ။ မေမေနဲ့ကလေး အားပြိုင်ခန်းတွေပေါ့။ ဒီတော့မိမိတို့ကလေးတွေ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မုန့်ပဲသရေစာတွေကို ရွေးချယ်တတ်အောင်၊ စားတတ်အောင် ဘယ်လိုများလုပ်ကြမလဲဆိုရင် ဒီအချက်လေးတွေကတော့အကူအညီဖြစ်နိုင်ကောင်းလို့ တင်ပြပေးလိုက်ပါတယ်။
(၁) စားစေချင်တဲ့သရေစာမုန့်ကိုပဲ အိမ်မှာထားပါ။
သူလက်ညှိုးတထိုးထိုးနဲ့ဘာကိုပဲတောင်းတောင်းကိုယ်ကျွေးချင်တာတွေပဲဖြစ်နေရင် တိုက်ပွဲနည်းလာပါလိမ့်မယ်။
(၂)ကလေးကိုရွေးချယ်ပါစေ။
ဒီအသီးစားမလား၊ ကန်စွန်းဥစားမလား၊ နွားနို့သောက်မလား၊ ဒိန်ချဉ်စားမလား စသဖြင့် သူ့ကိုပေးရွေးချယ်ပါ။ နေ့တိုင်းဒါချည်းပဲဆိုရင် ကလေးလည်းကိုယ့်လိုပဲငြီးငွေ့တတ်လို့ပါ။
(၃) သူ့အတွက်မုန့်တွေပြင်ဆင်တဲ့အခါ အရွယ်နဲ့လိုက်ပြီးသူနိုင်တဲ့အပိုင်းလေးတွေမှာကလေးတွေကိုပါ၀င်ခွင့်ပေးပါ။
ပေါင်မုန့်ကိုယိုသုတ်ပေးတာ၊ငှက်ပျောသီးစိတ်ပေးတာစသဖြင့်ပေါ့။ အနည်းအပါးပျက်စီးတာလောက်တော့ခွင့်ပြုထားပေးလိုက်ပါ။
(၄) လုံး၀မစားစေချင်တဲ့မုန့်တွေကိုလုံး၀အကျင့်မလုပ်ပါနဲ့။
ကိတ်မုန့်၊ သကြားလုံး၊ ရေခဲမုန့်၊ အာလူးကြော်၊ ကြက်ကြော်၊ ဘာဂါ၊ ပီဇာ စသဖြင့် အသင့်စားမုန့်တွေဟာ တစ်ခါတစ်ရံစားတာအဆင်ပြေပေမယ့် လေဖောင်းမုန့်တွေ၊ ဆိုဒါအအေးတွေကတော့ လုံး၀အစမလုပ်သင့်တဲ့သရေစာမုန့်တွေဖြစ်ပါတယ်။
(၅) မုန့်စားချိန်ကိုသတ်သတ်မှတ်မှတ်လေးထားပါ။
မနက်စာ နဲ့ နေ့လယ်စာရဲ့အလယ်၊ နေ့လယ်စာနဲ့ညစာရဲ့အလယ် စသဖြင့်ပေါ့။ မစားခင်ဆော့နေပါစေ။ သူတို့ဆော့တော့ ဆာပြီးကျွေးရတာလည်းပိုလွယ်ပါတယ်။
(၆) ကလေးကိုအရောင်စုံစားတတ်အောင်သင်ပေးပါ။
သစ်သီးရောင်စုံလေးတွေ၊ အစေ့အဆံလေးတွေစသဖြင့် စုံအောင်ထည့်ကျွေးရင်း အစားအစာတစ်ခုချင်းစီမှာရှိတဲ့ အာဟာရဓါတ်လေးတွေအကြောင်းရှင်းပြနိုင်ပါတယ်။
(၇) သူ့ကိုဆုချချင်တဲ့အခါ သကြားလုံးတွေ၊ အာလူးကြော်တွေသုံးတာမျိုးမလုပ်ပါနဲ့။
တစ်ခြားအဟာရပြည့်မုန့်တွေထက် ဒါတွေကပိုကောင်းနေသယောင်ထင်သွားနိုင်ပါတယ်။
(၈) ငယ်ငယ်ထဲက အစားဂျီးမများတတ်အောင်သင်ပေးပါ။ အရသာအားလုံးကိုမိတ်ဆက်ပေးထားပါ။
(၉) တောင်းတိုင်းလည်း တကယ်စားချင်တာလား သေချာအောင်လုပ်ပါဦး။
တစ်ခါတစ်လေ ပျင်းတာ၊ ဂရုစိုက်ခံချင်တာမျိုးကြောင့်လည်း ဗိုက်ဆာတယ်လုပ်တတ်ကြသေးတာပါ။ အဲ့လိုအချိန်မျိုးဆို ဟုတ်တိပတ်တိမစားတတ်ကြပြန်ပါဘူး။
(၁၀) နောက်ဆုံးအချက်အနေနဲ့ကတော့ မိဘဟာကလေးတွေရဲ့စံပြပါ။ သူတို့က မိဘကိုကြည့်ပြီးသင်ပါတယ်။
သင်စားသလိုသူတို့စားပါတယ်။ သင်မစားတာတွေကို သူတို့လည်းစားရကောင်းမှန်းမသိပါဘူး။ သူတို့ရှေ့မှာ မတည့်တာတွေကိုစားမပြပါနဲ့။ သူတို့ကိုလက်ဆွဲပြီး မုန့်ဆိုင်ကမုန့်ထုတ်တွေ တဗြုတ်ဗြုတ်ဖြုတ်မပြပါနဲ့။ ပြောနေတာထက်လုပ်ပြလိုက်တာက ပိုထိရောက်ပါတယ်။
မုန့်ပဲသရေစာထက် အာဟာရဖြစ်အစားအစာကို ကလေးတွေ ရွေးချယ်စားတတ်အောင်လေ့ကျင့်ပေးနိုင်ကြစေ ဖေဖေ၊ မေမေတို့ရေ။
Author : ဒေါက်တာဖြိုးဆုရည်မွန်