လူတိုင်းနီးပါး ဘဝမှာ ကြုံဖူးတတ်တဲ့ ဝေဒနာတစ်မျိုးဖြစ်တဲ့ ခေါင်းကိုက်ခြင်းဟာ ခံစားရခက်တဲ့ ဝေဒနာလက္ခဏာတစ်ခုဖြစ်ပါတယ်။ ရိုးရိုးခေါင်းကိုက်တာ မဟုတ်ဘဲ ခေါင်းတစ်ခြမ်းကပဲ ထိုးထိုးပြီး ကိုက်နေတာမျိုး ကြုံဖူးကြပါသလား။ Migraine လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာဟာ တကယ်တော့ အဖြစ်များတဲ့ ဝေဒနာတစ်ခုပါ။ သုတေသနတွေအရ အမျိုးသမီး ၅ ယောက်မှာ တစ်ယောက်ခန့်နဲ့ အမျိုးသား ၁၅ ယောက်မှာ တစ်ယောက်ခန့်ဟာ ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာကို ခံစားဖူးကြတယ်လို့ သိရပါတယ်။
ဘယ်လို ခံစားရလဲ?
တချို့တွေမှာ ခေါင်းတစ်ခြမ်းမကိုက်ခင် တစ်ရက်နှစ်ရက်အလိုတည်းက စိတ်ဓာတ်ကျနေတာ၊ မကြာခဏ သမ်းဝေတာ၊ အစားတွေ မကြာခဏစားချင်တာ၊ ဝမ်းချုပ်တာ၊ ဆီးမကြာခဏ သွားတာလိုမျိုးတွေ ခံစားရနိုင်ပါတယ်။ ခေါင်းမကိုက်ခင် နာရီပိုင်းလောက်မှာ မျက်စိထဲမှာ လင်းကနဲလက်ကနဲဖြစ်နေတာ၊ အမြင်အာရုံနည်းသွားတာ၊ လက်မောင်းနဲ့ခြေထောက်တွေမှာ စူးကနဲစူးကနဲ နာနေတာ၊ မျက်နှာတစ်ခြမ်း သို့မဟုတ် ခန္ဓာကိုယ်တစ်ခြမ်း ထုံနေနာနေတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။
ခေါင်းကိုက်တာနဲ့အတူ အလင်းရောင်စူးစူးတွေကို မကြည့်နိုင်တာ၊ ဆူညံသံတွေ နားမခံနိုင်တာ၊ အနံတွေ မခံနိုင်တာ၊ ပျို့ချင်အန်ချင်တာတွေ အဖြစ်များပြီး ခေါင်းကိုက်ပြီးတဲ့အခါ လူကမလှုပ်ချင်မရှားချင် ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာဟာ တခါတရံ ရက်ပိုင်းလပိုင်းအထိ ကြာတတ်ပါတယ်။
ဘာကြောင့်ဖြစ်တာလဲ?
ဦးနှောက်ထဲက နာကျင်မှုကို ထိန်းချုပ်တဲ့လမ်းကြောင်းက အာရုံကြောတွေ ချို့ယွင်းတာ၊ အာရုံကြောတွေထဲက ဆီရိုတိုနင် serotonin လို့ခေါ်တဲ့ နာကျင်မှုကိုထိန်းချုပ်တဲ့ ဓာတုပစ္စည်းတွေ မညီမျှတာတွေကြောင့် ဖြစ်တတ်ပါတယ်။
-အမျိုးသမီးတွေမှာ estrogen ဟော်မုန်း မညီမျှတဲ့အခါ (ရာသီလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ သွေးဆုံးချိန်)
-ဟော်မုန်းတားဆေးတွေနဲ့ သွေးကြောကျယ်စေတဲ့ဆေးတွေ သောက်တဲ့အခါ
-အရက်ဘီယာ၊ ဝိုင်နဲ့ ကော်ဖီတွေ အလွန်အကျွံသောက်တဲ့အခါ
-အိပ်ရေးမဝတဲ့အခါ
-စိတ်ဖိစီးမှုများတဲ့အခါ
-ရာသီဥတုအပြောင်းအလဲမှာ သို့မဟုတ် လေထုထဲက barometric pressure လို့ခေါ်တဲ့ ဖိအားပြောင်းလဲတဲ့အခါ (လေယာဉ်စီးရင် ၊ တောင်ပေါ်ဒေသတွေ အလည်သွားရင်)
-ဆားနဲ့ အချိုမှုန့်များတဲ့ အစားအစာတွေ၊ ရက်လွန်နေတဲ့ ချိစ်တွေစားတဲ့အခါတွေမှာ ခေါင်းတစ်ခြမ်းကိုက်တတ်ပါတယ်။
-ခေါင်းတစ်ခြမ်းကိုက်တာဟာ မျိုးရိုးလည်း လိုက်တတ်ပါတယ်။
ဒါပေမယ့် ခေါင်းကိုက်ရုံတင်မဟုတ်ဘဲ စကားပြောရင် ဗလုံးဗထွေးဖြစ်လာတာ၊ အဖျားကြီးတာ၊ လည်ပင်းတောင့်နေတာ၊ ကိုယ်တစ်ခြမ်းလေးလာတာ၊ နှစ်ထပ်မြင်နေတာ၊ တက်တာ၊ သတိလစ်တာ စတဲ့သတိပေးတဲ့ လက္ခဏာ Red flag signs တွေ ခံစားလာရင် လေဖြတ်တာ၊ ဦးနှောက်အမြှေးယောင်တာတွေ ဖြစ်နိုင်တာမို့ ဆေးရုံးဆေးခန်းချက်ချင်း သွားသင့်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်တာအတွက် ကုသမှုအနေနဲ့ကတော့ paracetamol ပါရာစီတမောလ်လို၊ ibuprofen လို အကိုက်အခဲပျောက်ဆေးတွေ သောက်နိုင်ပါတယ်။ အိပ်ရေးဝအောင်အိပ်တာ၊ စိတ်ဖိစီးမှုလျော့အောင် နေတာ၊ နေထိုင်စားသောက်မှုပုံစံပြောင်းတာတွေက ခေါင်းတခြမ်းကိုက်ခြင်းကို သက်သာစေမှာပါ။ သာမာန်အကိုက်အခဲပျောက်ဆေးနဲ့ မသက်သာပဲ ဝေဒနာပြင်းထန်လျှင် ၊အချိန်ကြာလာလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး ကုသမှုခံယူသင့်ပါတယ်။
ခေါင်းတခြမ်းကိုက်လို့ စိတ်ညစ်စိတ်ဓာတ်ကျနေရင်၊ စိုးရိမ်နေရင် ခေါင်းပိုကိုက်ပါလိမ့်မယ်။ ဘာကြောင့် ခေါင်းတစ်ခြမ်းကိုက်ရလဲဆိုတာကို အထက်ပါအကြောင်းရင်းများထဲမှ အဖြေရှာပြီး ခေါင်းကိုက်မှုကင်းစင်ပြီး ပျော်ရွှင်နိုင်ကြပါစေ။
Author: Dr.Yee Mon