လူတွေရဲ့ နေ့စဉ်လူမှု အိပ်စက်ခြင်းကလည်း အရေးပါတဲ့ အချိန်အပိုင်းအခြား တစ်ခုပါ။ နေ့စဉ် ၂၄နာရီ ရှိတဲ့အထဲမှာ အရွယ်ရောက်ပြီးသား လူတစ်ယောက်ဟာ ၇-၈ နာရီခန့် အိပ်စက်မှ ကျန်းမာရေးအတွက် လုံလောက်ပါတယ်။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေ ထုတ်လုပ်မှုနဲ့ ဇီဝကမ္မဖြစ်စဉ်တွေဟာ အိပ်စက်ခြင်းနဲ့ ဆက်စပ်နေပြီး အိပ်ချိန် မလုံလောက်တဲ့အခါ သို့မဟုတ် အိပ်ရေးပျက်တာ များတဲ့အခါ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်လာသလို ဇီဝကမ္မဖြစ်စဉ်တွေလည်း ကမောက်ကမ ဖြစ်လာပါလိမ့်မယ်။
ဇီဝကမ္မဖြစ်စဉ်ဆိုတာ လွယ်လွယ်ပြောရရင် ခန္ဓာကိုယ်ထဲက ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင် (energy) တွေကို ထုတ်လုပ်ပေးတဲ့ လုပ်ငန်းပါ။ ဇီဝကမ္မဖြစ်စဉ်တွေဟာ အိပ်နေစဉ်မှာ နိုးနေချိန်ထက် ၁၅ ရာခိုင်နှုန်းခန့် ပိုမိုနှေးကွေး နေလေ့ရှိပါတယ်။ နိုးနေစဉ်မှာ အကြောင်းကြောင်းကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဆဲလ်တွေကို အိပ်စက်နေချိန်မှာ ပြန်လည်ပြုပြင်ပေးပါတယ်။
အိပ်ရေးပျက်တဲ့အခါ ဇီဝကမ္မဖြစ်စဉ်တွေ ဘယ်လို ပြောင်းလဲသလဲ?
• အင်ဆူလင်ဟော်မုန်းဟာ ခန္ဓာကိုယ်ထဲက ဂလူးကိုစ့်တွေကို ချေဖျက်ပြီး စွမ်းအင်အဖြစ် ပြောင်းလဲပေးတာက အရေးကြီးတဲ့ ဇီဝကမ္မလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ အိပ်ချိန်မလုံလောက်တဲ့အခါ ခန္ဓာကိုယ်က အင်ဆူလင်ကို တုန့်ပြန်နိုင်စွမ်း လျော့ကျလာပြီး သွေးထဲမှာ ဂလူးကိုစ့်သကြားဓာတ်တွေ စုပုံလာပါလိမ့်မယ်။ ဒါကြောင့် အိပ်ရေးပျက်လေ့ရှိသူတွေဟာ ဆီးချိုဖြစ်နိုင်ခြေ ပိုများပါတယ်။
• ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားတဲ့ အဆီတွေကိုလည်း ချေဖျက်ပြီး စွမ်းအင်အဖြစ် ပြောင်းလဲအသုံးပြုရပါတယ်။ အိပ်ရေးပျက်တဲ့အခါ အဆီတွေကို ချေဖျက်ရမယ့်အစား ဆက်လက် သိုလှောင်ထားတဲ့အတွက် အဆီတွေစုပြီး ဝိတ်တက်လာမှာဖြစ်သလို နှလုံးသွေးကြောကျဉ်းနဲ့ အသည်းအဆီဖုံးတာလို ရောဂါတွေ ဖြစ်လာနိုင်ခြေ ရှိပါတယ်။
• ဒါ့အပြင် ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲမှုတွေကြောင့် ဟော်မုန်းတွေ ကမောက်ကမဖြစ်လာတာ၊ ခန္ဓာကိုယ်တွင်း ရောင်ရမ်းတာနဲ့ အာရုံကြောပြဿနာတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။
ညနက်တဲ့ထိအိပ်မပျော်သူတွေဟာ အစားပိုစားဖြစ်ပြီး အဝလွန်နိုင်ခြေ များပါတယ်။ အစာစားချင်စိတ်နဲ့ ဆက်စပ်နေတဲ့ ဟော်မုန်းတွေ ရှိပါတယ်။ ဆာလောင်ခြင်းကို ဖြစ်စေတဲ့ ghrelin နဲ့ ဗိုက်ပြည့်တဲ့ ခံစားချက်ကို ရစေတဲ့ leptin တို့ပါ။ ဟော်မုန်းတွေဟာ တစ်နေ့တာမှာ သူ့အချိန်နဲ့သူ အတက်အကျ ရှိပါတယ်။ ညဘက် အိပ်မပျော်တဲ့အခါ ghrelin တွေ ပိုများလာပြီး leptin တွေ နည်းလာတတ်ပါတယ်။ ဒါကြောင့် ညဘက်အိပ်မပျော်တဲ့သူတွေဟာ ဗိုက်ပိုဆာတတ်သလို ဗိုက်ဆာတဲ့အခါ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုပြီး ရွေးချယ်မိတတ်တာကြောင့် အဝလွန်လာခြင်း ဖြစ်ပါတယ်။
အိပ်စက်ခြင်းဟာ နေ့စဉ်လိုအပ်ချက် တစ်ခုပါပဲ။ ညဘက်အိပ်ပျော်နိုင်ဖို့ ပုံမှန်အိပ်ချိန် သတ်မှတ်တာ၊ အရက်၊ ဆေးလိပ်နဲ့ ကော်ဖီ လျှော့သောက်တာ၊ မအိပ်ခင် တစ်နာရီခန့် အလိုလောက်တည်းက ဖုန်း၊ ကွန်ပြူတာ မကြည့်တော့တာ wind down time၊ နေ့စဉ် ကိုယ်လက်လှုပ်ရှား လုပ်တာ၊ နေ့ခင်းဘက် နာရီဝက်ထက်ပိုပြီး တစ်ရေးတစ်မော မအိပ်တာ၊ ညဘက် ရေနွေးနွေးလေးနဲ့ ရေချိုးတာ၊ နွားနို့ပူပူလေး သောက်တာတွေက အိပ်ပျော်ဖို့ အထောက်အကူ ဖြစ်ပါတယ်။ ဘယ်လိုမှ အိပ်မပျော်နိုင်ဘူး ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။
Author: Dr.Yee Mon