ဇော်ဇော်တစ်ယောက် ဒီနေ့တစ်နေ့ခင်းလုံး ဗိုက်အောင့်နေသည်။ ရင်ခေါင်းတည့်တည့်က ပူပူလောင်လောင်ကြီးဖြစ်နေသည်တော့ကြာပြီ။ ဒီနေ့မှ ပိုဆိုးလာခြင်းဖြစ်သည်။ တစ်နေ့ခင်းလုံး အလုပ်ထဲတွင် အာရုံမရှိ။ ဗိုက်အောင့်တာကိုပဲ စိတ်ကရောက်နေသည်။ အလုပ်အတူတွဲလုပ်ဖက် နိုင်လင်းက ညနေဆေးခန်းသွားပြပါ။ သူအဖော်လိုက်ခဲ့ပေးမည်ဟု ပြောနေသည်။ ဇော်ဇော်တစ်ယောက် ညနေရုံးက အပြန် ဆေးခန်းသို့ ဝင်လိုက်သည်။ နိုင်လင်းက သူ့ကတိအတိုင်း ဆေးခန်းသို့လိုက်လာသည်။
ဆရာဝန်က ဗိုက်ကိုစမ်းသပ်စစ်ဆေးပြီး ရောဂါရာဇဝင်ကို သေသေချာချာမေးနေသည်။
“အစာစားချိန်မှန်ရဲ့လား ”
” အစာစားချိန်က မမှန်ပါဘူးဆရာ တစ်ချိုနေ့တွေ အလုပ်များတဲ့နေ့ဆိုရင် မနက်စာ ညစာ ပေါင်းစားတာတောင်ရှိတယ်။ အစာစားတာကတော့ မမှန်ပါဘူး”
“ဒီလိုမျိုး အစာစားချိန်မမှန်တာကလည်း အစာအိမ်အောင့်တာတွေ အစာအိမ်ယောင်တာတွေ ဖြစ်တတ်တယ်။ ” ဆရာဝန်မှ အပြစ်တင်သလိုမျိုးပြောလိုက်သည်။ ဇော်ဇော်ကလည်း ဆရာဝန်ကို အတွန့်တက်သည့်သဘောမျိုးနှင့် အကြောင်းပြချက်ပေးလိုက်သည်။
” ကျွန်တော် အစာစားချိန်မမှန်ပေမဲ့ ကော်ဖီတော့ မှန်မှန်သောက်ပါတယ်”
“ကော်ဖီကို အစာမရှိတဲ့အချိန်တွေမှာ သောက်တာလား။ ” ဆရာဝန်မလေးသည် စာငုံ့ရေးနေရာမှ မော့လာကာ အလန့်တကြားမေးလိုက်သည်။
” ဟုတ်ပါတယ်။ တစ်ချို့အလုပ်များတဲ့နေ့တွေဆိုရင် ထမင်းမစားပဲ ကော်ဖီ တစ်ခွက်သောက်လိုက်တယ်။ ကော်ဖီက လူကိုလန်းစေတော့ မနက်တစ်ခွက် နေ့လည်တစ်ခွက်တော့ သောက်မိတယ်” ဆရာဝန်မှ ကိုင်ထားသော ဘောပင်လေးအား လက်မှ ချရင်း ဇော်ဇော်ကို စိတ်ရှည်ရှည်နှင့် ရှင်းပြပေးနေသည်။
“အခု အစာအိမ်အောင့်တာက အစာစားချိန်မမှန်တာရယ်။ အစာမရှိတဲ့ အချိန်တွေမှာ ကော်ဖီသောက်လို့လည်း ဖြစ်တယ်။ နောက်ကို အစာစားချိန်မှန်ပါစေ။ ဘယ်လောက် အလုပ်များများ အစားစားချိန်ရောက်ရင် အစာတစ်ခုခု စားနိုင်အောင်ကြိုးစားပါ။ အစာမခံပါနဲ့။ ထမင်းစားဖို့ အချိန်မရှိဘူးဆိုရင်တောင် အစာပြေစားဖို့ ပေါင်မုန့်လေး ဘီစကွတ်မုန့်လေးတွေကို ကိုယ်နဲ့မကွာဆောင်ထားပါ။ အစာလုံးဝမခံပါနဲ့။ ”
” ဟုတ်ကဲ့ပါ ဆရာမ” ဇော်ဇော်တစ်ယောက် ခေါင်းလေးငြိမ့်ကာ ပြန်ပြောလိုက်သည်။
“နောက်တစ်ချက်ကတော့ ကော်ဖီ လက်ဖက်ရည်ကိုလည်း မသောက်ပါနဲ့ဦး။ လုံးဝဖြတ်ထားပါ။ အခု တစ်လကတော့ လုံးဝကို မသောက်ပါနဲ့။ နောင်ကို သောက်မယ်ဆိုရင်လည်း ကိုယ်က အစာအိမ်ဖြစ်ဖူးလို့ အစာမရှိတဲ့ အချိန်တွေမှာ မသောက်ပါနဲ့” ဒီလိုဆိုတော့လည်း ဆရာဝန်မလေးက သဘောကောင်းသည်ဟုကောက်ချက် ချလိုက်သည်။
“ဟုတ်ကဲ့ပါ”
“‘ဒါ့အပြင် အအေးသောက်ခဲ့မယ်ဆိုရင်လည်း Gas ပါတဲ့ အအေးတွေကို လုံးဝမသောက်ပါနဲ့။ သောက်ချင်တယ်ဆိုရင်တော့ နွားနို့၊ Ovaline, Milo တို့ကို သောက်ပါ ”
” နွားနို့. Ovatine , Milo ကို ကျွန်တော်မကြိုက်ဘူးဆရာမ။ တခြားဘာအရည်တွေများ သောက်လို့ရသေးလဲ” နောက်တစ်ကြိမ် အတွန့်တက်လိုက်သည်။
“ထမင်းရည်၊ ဒါမှ မဟုတ် ဆန်ပြုတ်တော့ ဒီရက်ပိုင်းသောက်ရမယ်။ ဒီရက်ပိုင်း အစာမာမာတွေ မစားပါနဲ့ဦး။ အစာပျော့ပျော့လေးတွေကို့ပဲ စားပါ ”
“ဟုတ်ကဲ့ပါ ဆရာမ။ ” မကြိုက်သော်လည်း အောင့်အီးပြီး စားရမည်ဟု တွေးနေမိသည်။
“ကျွန်တော် တစ်ခုလောက်မေးချင်လို့ပါ ”
“မေးပါ ”
“အရက်ဘီယာရော တည့်လားဟင် ” အရဲစွန့်၍ မေးလိုက်ခြင်းဖြစ်သည်။
“အရက် ဘီယာလည်း မသောက်သင့်ပါဘူး။ သူတို့ကလည်း အစာအိမ်ကို ယောင်စေပါတယ်။ ဒီတစ်လတော့ ရှောင်ပါဦး” ဆရာဝန်မ က စိတ်ကို လျော့ထားပုံရသည်။
“ဟုတ်ကဲ့ပါ ဆရာမရယ်။ ကျွန်တော် ရင်ခေါင်းတည့်တည့်က ပူနေတာကြာပါပြီ။ စဖြစ်တဲ့နေ နေ့မတိုင်ခင် သူငယ်ချင်းတစ်ယောက် မွေးနေ့ ပွဲမှာ အရက်တွေ အလွန်အကျွံ သောက်လိုက်သည်။ အစာစားတာ နည်း ပြီး အရည်သောက်တာများသွားတယ်။ ဒီပွဲ ပြီး နောက်တစ်နေ့က စပြီး ကျွန်တော် ဗိုက်အောင့်တာပါ။ ခါတိုင်းလည်းသောက်နေကျပါ။” ဇော်ဇော်တစ်ယောက် သေသေချာချာကို ပြန်ရှင်းပြနေသည်။
” အရင်ကတည်း က အစားစားချိန်မမှန်တာကြောင့် အစားအိမ်က ယောင်ချင်နေတာပါ။ အဲဒီမှာ ကော်ဖီသောက်တာရော အရက်သောက်တာရောကြောင့် အစာအိမ်ကနေ မခံမရပ်နိုင်အောင် အောင့်လာတာပါ။ ဒီလိုမျိုး အစာအိမ်အောင့်နေတဲ့အချိန်တွေမှာ အရက်ဘီယာလည်း လုံးဝမသောက်ရပါဘူး။ အခုတော့ ဆေးပေးလိုက်တယ်။ ပြောထားတာတွေကို လိုက်နာပါ။ ဒါဆိုရင် ပျောက်သွားပါလိမ့်မယ်။”
“ဟုတ်ကဲ့ပါ ဆရာမ။ ကျေးဇူးတင်ပါတယ် ”
ဇော်ဇော်နှင့် နိုင်လင်းတို့နှစ်ယောက် ကျေးဇူးတင်စကားပြောပြီး ဆေးခန်း ထဲမှ ထွက်လာကြသည်။
“ခါတိုင်းလည်း ငါတို့ ဘီယာတွေ အရက်တွေ သောက်နေကျပါကွာ။ ” ဇော်ဇော်တစ်ယောက် နိုင်လင်းကို အားမလို အားမရနှင့် ပြောနေသည်။
“မင်းမကြားလိုက်ဘူးလား။ ဆရာဝန်မလေးက မင်းကို ရှင်းပြနေတယ်လေကွာ။ အစာစားချိန်မမှန်လို့ အစာအိမ်ယောင်ချင်နေတဲ့အချိန်မှာ မင်းက အရက်တွေသောက်လိုက်လို့ အစာအိမ် အရမ်းအောင့်လာတာပါလို့။ ဘာမှ မစိုးရိမ်ပါနဲ့။ တစ်လလောက်နေရင်ကောင်းသွားမှာပါ။ ငါတို့လည်း ဒီလိုဖြစ်ဖူးတာပဲ။ နောက်ကိုတော့ မင်း ကော်ဖီသောက်တာတွေတော့ လျော့ရမယ်။ အခုလောလောဆယ်တော့ ဗိုက်ဆာတယ်ကွာ။ လက်ဖက်ရည်ဆိုထိုင်ရအောင်။ ” ပြောပြောဆိုဆိုနှင့် နိုင်လင်းတစ်ယောက် ကားဂိတ်နားမှ လက်ဖက်ရည်ဆိုင်ထဲ ဝင်သွားသည်။
” လက်ဖက်ရည် ပေါ့စိမ့်တစ်ခွက်နှင့် နွားနို့တစ်ခွက်” ဟု မှာလိုက်သည်။ နွားနို့က ဇော်ဇော်အတွက်ဆိုသည်မှာ သေချာနေသည်။
“မင်းက နွားနို့နဲ့ပဲ တည့်တယ်” ဟု လှမ်းပြောသည်။ နွားနို့ ပန်းကန်လာချတော့ ငုံ့ကြည့်လိုက်သည်။ အငွေ့တထောင်းထောင်းထနေသည်။
“သောက်လို့ကောင်းပါတယ်။ သောက်ပါ ” ဟု နိုင်လင်းက ပြောလိုက်သေးသည်။
ဗိုက်ကလည်းဆာနေသည်ဆိုတော့ နွားနို့ကိုသာ ကြိတ်မှိတ်သောက်လိုက်မည်ဟု ဇော်ဇော်တစ်ယောက် ဆုံးဖြတ်လိုက်သည်။ မျက်လုံးများကတော့ နိုင်လင်းရှေ့တွင် ရှိနေသော လက်ဖက်ရည်ခွက်ဆီတွင်။
Author: Dr. အေးချမ်းမိုး