အမျိုးသမီးတို့ကို ထိတ်လန့်စေတဲ့ ခန္ဓာကိုယ်တွင်းက ပျက်စီးမှုတွေမှာ အရိုးပွရောဂါဟာ တစ်ခုအပါအဝင်ပါပဲ။ အရိုးထုရဲ့ ၉၉ ရာခိုင်နှုန်းဟာ ကယ်လ်စီယမ်ဓာတ်နဲ့ ဖွဲ့စည်းထားတာပါ။
သွေးအတွက်လိုတဲ့ ကယ်စီယမ်ပမာဏကို အစားအသောက်တွေကနေ ရရှိပါတယ်။ လုံလောက်တဲ့ ပမာဏကို မရတဲ့အခါမှာတော့ အရိုးထုထဲကနေ ကယ်လ်စီယမ်ဓာတ်တွေကို သွေးအတွက် ထုပ်လွှတ်ပေးပါတယ်။ အဲဒီလိုနဲ့ အရိုးထုမှာရှိတဲ့ ကယ်လ်စီယမ်ပမာဏဟာ နည်းလာပြီး အရိုုးထဲမှာ အပေါက်ကြီးတွေဖြစ်ကာ အရိုးကြွပ်ဆတ်လာပါတယ်။ သာမန်ထိခိုက်လဲကျရုံနဲ့ အရိုးကျိုးလွယ်လာပါတယ်။ အသက် ၃၅ နှစ်ကျော်တာနဲ့ အရိုးပါးလာပြီး အားနည်းလာပါတယ်။ အမျိုးသမီးတွေ ပိုမိုအဖြစ်များပြီး သုံးနှစ်ကနေ ခြောက်နှစ်ကျော်လာတဲ့ အချိန်မှာ ပိုမိုမြန်ဆန်အရိုးပွလာပါတယ်။
မိသားစုထဲမှာ အရိုးပွရောဂါရှိရင် ပိုမိုဖြစ်နိုင်ချေများပါတယ်။ မျိုးရိုးလိုက်ပြီး အရိုးဖြစ်ပွားစေမယ့် အခြေအနေကို ထိပါးနိုင်ပါတယ်။ အထိုင်များပြီး လှုပ်ရှားမှုနည်းသူတွေနဲ့ နေ့စဉ်စားသောက်တဲ့ အစားအသောက်ထဲမှာ ကယ်လ်စီယမ်ဓာတ်နဲ့ ဗီတာမင်ဓာတ် လုံလောက်စွာ မပါဝင်ရင် အရိုးပွလာပါလိမ့်မယ်း။ ၄၅ နှစ်မတိုင်ခင် စောစော သွေးဆုံးတဲ့အမျိုးသမီးတွေမှာ အီထရိုဂျင် ချို့ယွင်းနေတဲ့အတွက် အရိုးပွရောဂါဖြစ်စေပါတယ်။
စတီးရွိုက်ဆေး (ပရီနီစလုံး) ကို ရေရှည်သုံးစွဲသူတွေမှာလည်း အီစရိုဂျင်ဓာတ်လျော့နည်းလာပြီး အရိုးပွခြင်းဖြစ်နိုင်သလို ဆေးလိပ်အသောက်များတဲ့ အမျိုးသားတွေလည်း တက်စရိုစတီးရုန်း ကျားဟော်မုန်းဓာတ်နည်းကာ အရိုးပွစေပါတယ်။ အရိုးဖြစ်ထွန်းစေမယ့် ဆဲလ်တွေ ခန္ဓာကိုယ်က ထုတ်လွှတ်ပေးတာဆို အရက်က ဟန့်တားလျော့နည်းစေတာမို့ အရက်သောက်များနေရင်လည်း အရိုးပွရောဂါဖြစ်ဖို့ များပါတယ်။
အရိုးပွရောဂါကြောင့် စိတ်မညစ်ရအောင် ကြိုတင်ကာကွယ်ဖို့က ကယ်လ်လီစီယမ် အများဆုံးရတဲ့ နိို့၊ နို့ခဲနဲ့ ဒိန်ချဉ်တို့ကို သောက်ပေးပါ။ နို့တစ်ဖန်ခွက်မှာ ၃၀၀ မီလီဂရမ် ပါဝင်ပါတယ်။ ဒိန်ချဉ်တစ်ဖန်ခွက်မှာ ၄၀၀ မီလီဂရမ်ပါဝင်တာကြောင့် တစ်နေ့တာလိုအပ်တဲ့ ကယ်လ်စီယမ်ကို ဒိန်ချဉ်တစ်နေ့သုံးခွက်လောက် သောက်သုံးပေးခြင်းကနေ ရနိုင်ပါတယ်။
အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကနေလည်း ကယ်လ်စီယမ်ဓာတ်ကို ရနိုင်ပါတယ်။ မုန်ညှင်းဖူး ဂေါ်ဖီထုပ်တွေကို ချက်ပြုတ်ပြီး ဟင်းရည်သောက်ပန်းကန်လုံး အသေးတစ်လုံးစာ စားခြင်းဖြင့် ၂၀၀ မီလီဂရမ်ရှိတဲ့ ကယ်လ်စီယမ်ဓာတ်ကို ရစေပါတယ်။
ပဲပိစပ်နဲ့ တို့ဟူးဟာ အရိုးကို သန်မာသိပ်သည်းကြံ့ခိုင်စေပြီး တို့ဟူးပန်ကန်လုံးတစ်ဝက်ဟာ ၂၅၀ မီလီဂရမ်နဲ့ ညီမျှတဲ့အတွက် အဖြစ်များတဲ့ အရိုးပွရောဂါကို ကာကွယ်ပေးပါတယ်။
ဆီးသီးဟာလည်း ဘိုရွန်၊ ပိုတက်စီယမ်နဲ့ ဗီတာမင်အေ အဓိက ပါဝင်တာကြောင့် အရိုးကျန်းမာရေးအတွက် အစွမ်းထက်ပြီး အရိုးထုထည် ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်တဲ့အတွက် စားသုံးသင့်ပါတယ်။
ဆားအလွန်အကျွံ စားသုံးတာဟာ ဆီးသွားတဲ့အခါ ကယ်လ်စီယမ်ဓာတ် တော်တော်များများကို ဆုံးရှုံးစေတာကြောင့် ဆားလျှော့စားပါ။ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ပါ။
လမ်းအမြန်လျှောက်ခြင်း၊ တင်းနစ်၊ ယောဂနှင့် ကခုန်ခြင်းတွေဟာ အရိုးတွေ သန်မာမှုအတွက် များစွာအထောက်အကူ ဖြစ်စေပါတယ်။
မှန်ကန်တဲ့ စားသောက်နေထိုင်မှုနဲ့ အရိုးသန်စွမ်းကျန်းမာကာ ဘဝသက်တာ ပျော်ရွှင်နိုင်ကြပါစေ။
Author – ညီညီကျော် (Healthcare Journal)