ဝမ်းချုပ်ခြင်း
အခုခေတ်မှာဆီကြော်တွေ၊ အမြန်စာ (Fast Foods) တွေ၊ ရယ်ဒီမိတ် အစားအစာတွေ၊ အကင်တွေ အစားများလာပြီး ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေ အစားနည်းလာကြပါတယ်။ ဒါ့အပြင် ခေတ်မှီလာတာနဲ့အမျှ ဖုန်းတွေ၊ တီဗွီတွေ ကွန်ပျူတာတွေ ပေါများလာကာ ကိုယ်လက်လှုပ်ရှားမှုပါ နည်းလာတာကြောင့် ဝမ်းချုပ်ခြင်းဝေဒနာကို ခံစားရတဲ့သူတွေ များလာပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဝမ်းချုပ်တတ်တဲ့သူတွေလည်း အများကြီးပါ။
ဝမ်းချုပ်ခြင်းကို အင်္ဂလိပ်လို Constipation လို့ခေါ်ပါတယ်။ ဆေးပညာအရ သတ်မှတ်ထားတာကတော့ လူတယောက်ဟာ တပတ်မှာ အနည်းဆုံး ဝမ်းသုံးကြိမ် သွားရပါမယ်။ အဲ့လိုမှမသွားဘူးဆိုရင်တော့ ဝမ်းချုပ်တယ်လို့ သတ်မှတ်ပါတယ်။
သို့သော် ဝမ်းချုပ်ခြင်းဆိုတဲ့ အနက်အဓိပ္ပာယ်က တော်တော်ကျယ်ပြန့်ပါတယ်။ သွားတဲ့ဝမ်းဟာ ခြောက်ကပ်မာခဲနေပြီး ဝမ်းသွားဖို့ တအားညှစ်နေရတာကိုလည်း ဝမ်းချုပ်တယ်လို့ ပြောနိုင်သလို ဝမ်းသွားပြီးနောက် အထဲမှာ ဝမ်းကျန်နေသလိုမျိုးခံစားရရင်လည်း ဝမ်းချုပ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။
ဝမ်းချုပ်ခြင်းကို ဖြစ်စေတဲ့ အကြောင်းတွေကတော့ အများကြီးပါပဲ။ အသားအစားများပြီး ဟင်းသီးဟင်းရွက် အစားနည်းတာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတာ၊ ဟော်မုန်းရောဂါ တခု ခုခံစားနေရတာ (ဥပမာ Hypothyroid ရောဂါ)၊ အူနဲ့ဆိုင်တဲ့ ရောဂါတခုခု ခံစားနေရတာ၊ ဝမ်းနုတ်ဆေးတွေကိုဆရာဝန် ညွန်ကြားချက်မပါဘဲ ရေရှည်သောက်နေတာ စသဖြင့် ဝမ်းချုပ်စေတဲ့ အကြောင်းတွေ အများကြီးပါ။
ဝမ်းတလုံးကောင်းရင် ခေါင်းမခဲဘူးလို့ ဆိုရိုးစကားရှိပါတယ်။ ဆိုလိုတာက ဝမ်းမှန်ရင် ခေါင်းကိုက်ခြင်း ခေါင်းမကြည်လင်ခြင်းမဖြစ်ဘူးလို့ပြောတာပါ။ ဝမ်းချုပ်တဲ့သူမှာကျ အစာဟောင်းအိမ်(Rectum)ထဲက မစင်တွေဟာ အပြင်ကို မထွက်တဲ့အတွက် အူထဲမှာ မကောင်းတဲ့ ဂက်စ်တွေများလာပါတယ်။ အဲ့ဂက်စ်တွေဟာ ဇက်ကြောထိုး အကြောတက်တာ၊ ခေါင်းကိုက်တာ၊ ခေါင်းမကြည်တာ၊ မျက်စိအမြင် ဝေဝါးတာကို ဖြစ်လာစေနိုင်ပါတယ်။
ဒါ့အပြင် ဝမ်းချုပ်တဲ့သူဟာ ဝမ်းသွားတဲ့အခါမှာ အလွန်အားစိုက် ညှစ်ရလေ့ရှိသောကြောင့် နောက်ဆက်တွဲအနေနဲ့ လိပ်ခေါင်းရောဂါပါ ဖြစ်လာတတ်ပါတယ်။
ဝမ်းချုပ်ခြင်းကိုသက်သာစေရန်အတွက်နည်းလမ်းတွေကတော့ အမျှင်ဓါတ်ပါတဲ့ဟင်းသီးဟင်းရွက် (Vegetables) များများစားပါ။ ရေများများ သောက်ပေးပါ။ မနက်အိပ်ရာ နိုးနိုးချင်းကို ရေတခွက် အပြည့်သောက်ပေးပါ။ ထမင်းစားရင် ဟင်းရည်တခုခု ပါအောင်စားပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။ အထိုင်မများပါစေနဲ့။ ဝမ်းနုတ်ဆေးများကို မိမိသဘောနဲ့မိမိ ရေရှည်သောက်ခြင်းမျိုးကို ရှောင်ပါ။
အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ ဝမ်းမှန်နေတဲ့သူက ရုတ်တရက်ဝမ်းချုပ်ပြီး ဗိုက်တအားနာတာ၊ အန်တာ၊ အစားသောက်ပျက်တာ၊ ပိန်လာတာမျိုးရှိပါက စောစောစီးစီး ဆေးခန်း သို့မဟုတ် ဆေးရုံပြကာ ဆရာဝန်နဲ့စမ်းသပ်စစ်ဆေးမှုခံယူပါ။
Author : Dr. 528