fbpx

Myanmar (Covid-19 Stats)

😷 44,774 Total Cases
😥 1,095 Deaths
😇 24,920 Recovered

သန်ကောင်တွေ အန်ထွက်လာပြီ

သန်ကောင်တွေ အန်ထွက်လာပြီ

ဒေါ်လှမေတစ်ယောက် ဒီမူလတန်းကျောင်းလေးကို ရောက်တာ ၁၀ နှစ်ကျော်ခဲ့ပြီ။ ကျောင်း ဆရာမနှင့် အသက်မွေးဝမ်းကျောင်း လုပ်မည်ဆိုကတည်းက ဒီကျောင်းကို ရောက်နေခဲ့တာ။ ဒီနှစ်တော့ တတိယတန်း ၏ အတန်းပိုင် ဆရာမဖြစ်သည်။ ကလေးများကား ပုံမှန် လက်လုပ်လက်စား မိသားစုများမှ လာသော ကလေးများဖြစ်သောကြောင့် ချို့တဲ့ကြရှာသည်။ ကျောင်းအကျႌမှစလို့ ကျောင်းထမင်းဗူး အဆုံး ချို့ချို့တဲ့တဲ့နှင့် ကျောင်းတက်ရရှာသော ကလေးများကို ကြည့်ပြီး ဒေါ်လှမေတစ်ယောက် ရင်မောရသည်။

အတန်းထဲတွင် အောင်အောင်ဆိုသော ကျောင်းသားကား စာတော်သည်။ ညဖက် စံပယ်ပန်းရောင်းရင်း ကျောင်းတက်ရသော ကလေးဖြစ်သော်လည်း စာကိုလိုချင်သော ကျောင်းသားဖြစ်သောကြောင့် ဒေါ်လှမေတစ်ယောက် ဒီနှစ် စာသင်နှစ် အစကတည်းက အောင်အောင့်ကို သတိထားမိသည်။ အရွယ်နှင့် မလိုက်အောင် သိနားလည်ပုံရသော အောင်အောင်က ဗိုက်ပူနံ့ကားလေးနှင့် ချစ်ဖို့တော့ ကောင်းနေသည်။ အတန်းထဲတွင် အလယ်အလတ် ကျောင်းသားဖြစ်သော်လည်း ဆရာ ဆရာမများက ချစ်ခင် ကြသည်။ သူငယ်ချင်းများ က ခင်မင်ရင်းနှီးကြသည်။ တစ်နေ့ နေ့လည် မုန့်စားဆင်းချိန်တွင် ကျောင်းသား တစ်ယောက် ဒေါ်လှမေဆီ သို့ ရောက်လာသည်။

“အောင်အောင်တစ်ယောက် အန်ချင်လို့တဲ့ ဆရာမ ”

ဒေါ်လှမေ အောင်အောင်ကို နားနေခန်းသို့ ခေါ်ခိုင်းလိုက်သည်။

“မနက် က ဘာစားခဲ့လဲ ကလေး” ကလေးနဖူးလေးကို စမ်းရင်း မေးလိုက်သည်။ အဖျားတော့ ရှိမနေပါ ။ ခြေဖျားလက်ဖျားများကို စမ်းကြည့်လိုက်သည်။ အေးလည်းမနေပါ။ နွေးလည်းမ နေပါ။ ပုံမှန် အခြေအနေပင်။

“ကျွန်တော် မနက် က ထမင်းနည်းနည်းစားခဲ့ပါတယ် ဆရာမ၊ ဒါပေမဲ့ မစားနိုင်လို့ တစ်လုတ်နှစ်လုတ်ပဲစားခဲ့တယ်”

“ဘာလို့ မစားနိုင်ရတာလဲ”

“ကျွန်တော် အန်ချင်နေလို့ပါဆရာမ။ မနေ့ညနေ ကတည်းက အန်ချင်သလိုလို ဖြစ်နေတာပါ။ ”

” ဟုတ်လား။ ဆေးခန်းသွားပြလိုက်သေးလား”

” ဆေးခန်းတော့ မပြဖြစ်ဖူး ဆရာမ။  အမေက ဆန်ပြုတ်တိုက်ပါတယ်။ မနေ့ညက ဆေးလည်း တိုက်ပါတယ်။ ဒီမနက်လည်း အန်ချင်သလိုလို ဖြစ်နေလို့ပါ။ ဗိုက်လည်း နည်းနည်းအောင့်တယ်။ ”

“ဟုတ်လား ကလေး ဘာဆေးသောက်ထားလဲ”

“ညကပဲ အမေတိုက်တဲ့ ဆေးကို သောက်ထားတာ။ အခုတော့ ဘာမှ  မသောက်ရသေးပါဘူး” အောင်အောင်တစ်ယောက် ဆရာမ အမေးများကို ရိုရိုသေသေ ပြန်ဖြေကြားသည်။  ထိုသို့ လိမ္မာရေးခြားရှိသော်ကြောင့်လည်း ဆရာ ဆရာမများက ချစ်ခင်ကြခြင်းဖြစ်သည်။

“ဒါဆို ဆရာမတို့ ဆေးခန်းသွားပြကြတာပေါ့”

ဒေါ်လှမေတစ်ယောက် ကျောင်းအုပ်ကြီးကို ခွင့်တောင်းကာ ဆေးခန်းသို့ ထွက်လာခဲ့သည်။ ဆရာဝန်မလေးမှ စမ်းသပ်ကြည့်သည်။

“ကလေးက သန်ထတာ ဖြစ်နိုင်တယ်။ သန်ချဆေး ပေးလိုက်ပါမယ်။ ညဖက် အိပ်ခါနီးမှ  သောက်ရမှာ ပါ။ ကလေးမိဘတွေကို သေချာ မှာပေးပါ “ဟု ဒေါ်လှမေအား စိုးရိမ်တကြီးမှာလိုက်သည်။ ဗိုက်အောင့် ပျောက်ဆေးဆိုတာလေးလည်း တွဲပေးလိုက်သည်။

” စိုးရိမ်စရာရှိလား ဆရာမ။ တခြားရောဂါတော့ မဟုတ်ပါဘူးနော် ”

” တခြားကြောင့် မဖြစ်နိုင်ပါဘူး။ ကလေးက သန်ကောင်တွေကြောင့် ဗိုက်အောင့်တာတွေ ဖြစ်နေတာပါ။ ပေးလိုက်တဲ့ ဆေးတွေကိုသာ အချိန်မှန်တိုက်ပါ။ ” ဒေါ်လှမေ တစ်ယောက် ဆရာဝန်မလေး စကားကြောင့် စိတ်အေးသွားသည်။

အောင်အောင်ကို ခေါ်ကာ ဒေါ်လှမေ တစ်ယောက် ကျောင်းသို့ ပြန်လာခဲ့သည်။ ကျောင်းဝင်းထဲ ဝင်ခါနီးမှာ အောင်အောင်တစ်ယောက် အန်ချင်တယ် ဆရာမ ဆိုပြီး အန်ချလိုက်သည်။ ဒေါ်လှမေ အောင်အောင် ကျောလေးကို ပွတ်ပေးနေမိသည်။ အောင်အောင် အန်ချလိုက်သည် က ခေါက်ဆွဲဖတ်လို ဖြူဖြူ အထွေးလိုက်ကြီး။

“ကလေး ပြောတော့ မနက်က ထမင်းစားခဲ့တာဆို” လို့ ပြောမယ်လုပ်ပြီးမှ ဒေါ်လှမေတစ်ယောက် မပြောနိုင်ပဲ တစ်သွားခဲ့သည်။

ဘုရားဘုရားဟု တမိသည်။ သူထင်သလို ခေါက်ဆွဲ ဖတ်တွေ မဟုတ် ။ အောင်အောင်တစ်ယောက် သန်ကောင်တွေ အန်ချလိုက်ခြင်းဖြစ်သည်။ သန်ကောင်တွေ ဗိုက်ထဲတွင် အဆမတန် များပြားနေသောကြောင့် အထက်သို့ ပြန်တက်လာကာ အန်ချလိုက်ခြင်းဖြစ်သည်။

ဘယ်နှစ်ကောင်မှန်းကို ဒေါ်လှမေတစ်ယောက် မကြည့်ရဲ။  အောင်အောင်အား နားနေခန်းသို့ ပြန်ခေါ်လာခဲ့သည်။

“အခု မအန်ချင်တော့ဘူး ဆရာမ။ နေလို့ကောင်းသွားပြီ” အောင်အောင်ကား ပြုံးပြုံးရွှင်ရွှင်နှင့်ပြောသည်။
“အေးပေါ့ ခုနတုန်းက သန်ကောင်တွေ အန်ချလိုက်တာကိုး။”  ဒေါ်  လှမေ တစ်ယောက် ရင်ဖတ်လေးကို ဖိထားလိုက်သည်။ ခုချိန်ထိ မောနေတုန်း။

“ဗိုက်ဆာသလိုပဲ ဆရာမ”

“အေးအေး ဆရာမ ထမင်းချိုင့် စားလိုက် ကလေး”

အောင်အောင်အားထမင်းချိုင့်လေး ပေးလိုက်သည်။ ဒေါ်လှမေတစ်ယောက်တော့ ဒီနေ့ ထမင်းမစားနိုင်တော့ပါ။ ဒါကြောင့်မို့လည်း ကလေးက ဗိုက်ပူနံကားလေး ဖြစ်နေတာဖြစ်မည်။ ဆရာဝန်မလေး ပေးသည့် သန်ချဆေးကို တိုက်လိုက်ရင်တော့ သန်ကောင်တွေ သေသွားနိုင်ပါရဲ့ဟု တွေးနေမိသည်။ ကလေးကို ခြောက်လ တစ်ကြိမ် သန်ချဆေး တိုက်ဖို့ကိုလည်း မိဘများအား တိုက်တွန်းရမည်။ မိဘများကို တွေ့ရန်အတွက် ညနေ ကျောင်းဆင်းချိန် အောင်အောင် အိမ်သို့လိုက်သွားရန် ဆုံးဖြတ်လိုက်တော့သည်။

Author : Dr. အေးချမ်းမိုး

ဆက်စပ် ဆောင်းပါးများ