မျက်ကွင်းတွေ မညိုအောင် ဘယ်လိုလုပ်မလဲ
မျက်လုံးဘေးတဝိုက် အရေပြားလေးတွေ ညိုမည်းနေတာကို မျက်ကွင်းညိုတယ်လို့ ခေါ်ပါတယ်။
ကျွန်တော်တို့ရဲ့ မျက်လုံးနားတဝိုက်က အရေပြားလေးတွေဟာ တခြားနေရာက အရေပြားအလွှာထက်ပါးပါတယ်။
အဲ့ဒီအရေပြားပါးပါးလေးတွေအောက်မှာ မျက်စိကိုထောက်ပံ့ပေးတဲ့ ဆံချည်မျှင်သွေးကြောလေးတွေ ရှိပါတယ်။
အကြောင်းတခုခုကြောင့် ဆံချည်မျှင်သွေးကြောလေးတွေ ဖောင်းတာ ယောင်တာ ထိခိုက်တာတွေရှိရင် မျက်လုံးနားတဝိုက်ကအရေပြားက တအားပါးတာကြောင့် သိပ်မကြာခင်မှာ မျက်လုံးဘေးနားတဝိုက်မှာ အညိုမည်းတွေဖြစ်လာတတ်ပါတယ်။
မျက်လုံးဘေးနားတဝိုက်မှာ အညိုမည်းကွင်းလေးတွေဖြစ်တာဟာ ပန်ဒါဝက်ဝံလေးတွေမှာပဲ ကြည့်လို့ကောင်းပြီး ဆွဲဆောင်မှုကာ ချစ်စရာကောင်းတာပါ။
ကျွန်တော်တို့ လူတွေမှ ာဖြစ်ရင်တော့ ကြည့်မကောင်းသလို ဆွဲဆောင်မှုလည်းမရှိပါ။
ဒါ့အပြင် အမျိုးသမီးတွေအတွက်ဆိုရင် မျက်ကွင်းညိုတာဟာ အလှအပကို ထိခိုက်စေနိုင်တဲ့
ကြီးမားတဲ့ ပြဿနာတခုပါ။
ဒီလိုအလှအပရေးရာအတွက် ပြဿနာကြီးတခုဖြစ်ပေမယ့် မျက်ကွင်းညိုတာဟာ ရောဂါတခုလည်း မဟုတ်တဲ့အပြင် အသက်အန္တရာယ် ထိခိုက်စေနိုင်တာမျိုးလည်း မရှိပါ။
မျက်ကွင်းညိုခြင်းကိုဖြစ်စေတဲ့အကြောင်းတွေကတော့
– အိပ်ရေးပျက်ခြင်း
– နေပူထဲအထွက်များခြင်း
– ကွန်ပျူတာ၊ တီဗွီ၊ ဖုန်း စတဲ့ အပြာရောင်အလင်းတန်း (အလင်းစူး) ထွက်တဲ့ မျက်နာပြင်တွေကို အချိန်အကြာကြီးအကြည့်များခြင်း
– တအားငိုမိခဲ့ခြင်း
– အသက်အရွယ်အိုမင်းလာခြင်း
– ရေဓါတ်မလုံလောက်ခြင်း
– နေ့စဉ်ရက်ဆက် ပင်ပန်းမှုများခြင်း
– စိတ်ဖိစီးစရာများခြင်း
– ထိပ်ကပ်နာကဲ့သို့သော နှာခေါင်းနဲ့ပတ်သက်သည့် ရောဂါများဖြစ်ခြင်း
– မျက်လုံးနားတဝိုက် ခိုက်မိဒဏ်ရာရခြင်း စသဖြင့် ဖြစ်စေနိုင်တဲ့ အကြောင်းတွေ အများကြီးရှိပါတယ်။
မျက်ကွင်းညိုတာ ဖြစ်နိုင်ခြေနည်းအောင် နေထိုင်နည်းတွေအနေနဲ့ကတော့
အိပ်ရေး၀၀အိပ်ပါ။ ညအိပ်ချိန် စုစုပေါင်း အနည်းဆုံး ၇ နာရီရှိပါစေ။
စိတ်ဖိစီးမှုနည်းအောင်နေပါ။ တနေ့ကို ရေအနည်းဆုံး ၂ လီတာသောက်ပါ။ နေပူထဲထွက်တဲ့အခါ ထီး၊ ဦးထုပ်၊ နေကာမျက်မှန် တွေဝတ်ဆင်ပါ။ ဖုန်း၊ ကွန်ပျူတာ၊ တီဗီ တွေကို တထိုင်တည်း အချိန်ကြာမြင့်စွာ ကြည့်ရှုအသုံးပြုခြင်းကိုရှောင်ပါ။ လတ်ဆတ်သောဟင်းသီးဟင်းရွက်များနဲ့ အရည်ရွှမ်းသော သစ်သီးများ များများစားပေးပါ။
မျက်ကွင်းညိုတဲ့အခါမှာ သက်သာအောင်ဆိုရင် အာလူးကပ်နိုင်ပါတယ်။ အာလူးကို အခွံခွာ ရေစင်အောင် ဆေးပြီးပါးပါးလှီးပါ။ ပြီးရင် ညိုနေတဲ့ မျက်ကွင်းတဝိုက်နေရာတွေကို လှီးထားတဲ့ အာလူးပါးပါးလေးတွေကို မိနစ် ၂၀ ခန့် ကပ်ပေးပါ။ တပတ်လျှင် နှစ်ကြိမ်လောက်လုပ်ပေးနိုင်ပါတယ်။
ရေသန့်ရေခဲကို အဝတ်သန့်လေးနဲ့ ထုပ်ပြီးလည်း ကပ်ပေးနိုင်ပါတယ်။
သံလွင်ဆီ သို့မဟုတ် ဗီတာမင်အီးပါသော ခရမ်တမျိုးမျိုးလိမ်းပေးနိုင်သလို Organic brand တွေထဲက Eye serum သို့မဟုတ် eye cream တမျိုးမျိုးလည်း ပုံမှန်လိမ်းပေးနိုင်ပါတယ်။
Dr 528