လူတစ်ယောက်၏ အသားအရေသည် ထိုသူ၏ ပုံပန်းသွင်ပြင်ကို ပိုင်းခြား သတ်မှတ်ပေးသည့်နေရာတွင် အရေးပါသော အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်နေပါသည်။ အသားအရေ ကြည်လင်ဝင်းပခြင်း၊ ညီညာလှပခြင်း၊ အစက်အပြောက် ကင်းစင်ခြင်းစသည့် အရေပြား၏ ကောင်းမွန်သော ဂုဏ်အရည်အချင်းများကို လူတိုင်းနီးပါးလိုချင်လေ့ရှိကြသည်။ အထူးသဖြင့် ယနေ့ခေတ် လူငယ်များကြားတွင် အရေပြားကို ဂရုစိုက်ခြင်းသည် မိန်းကလေးများကြားတွင်သာမက၊ ယောက်ျားလေးများကြားတွင်လည်း တစ်နေ့တခြား ရေပန်းစား ခေတ်စားလာလျက်ရှိပါသည်။
အထက်တွင် ဆိုခဲ့သည့်အတိုင်း အသားအရေလှပမှုတွင် အသားအရေညီညာခြင်းသည်လည်း အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်နေသောကြောင့် ယခုဆောင်းပါးတွင် အဆိုပါအကြောင်းအရာကို အဓိကထား၍ ဆွေးနွေးသွားမည် ဖြစ်ပါသည်။
အနာသိဆေးရှိ ဆိုသကဲ့သို့ အသားအရေ မညီခြင်း ဖြစ်စေသည့် အကြောင်းရင်းများကို သိရှိပါက ထိုအကြောင်းရင်းများကို ဂရုပြု ရှောင်ရှားခြင်းအားဖြင့် အသားအရေ မညီညာမှုကို များစွာကာကွယ်နိုင်မည် ဖြစ်ပါသည်။ အောက်တွင် ဖော်ပြဆွေးနွေးမည့် အကြောင်းအရာများသည် အသားအရေ မညီညာခြင်းကို ဖြစ်စေသော အကြောင်းရင်းများအနက် အရေးကြီးသော အချက်အလက်အချို့ ဖြစ်ပါသည်။
နေရောင်ခြည်
နေရောင်ခြည်သည် အသားအရေလှပမှု၏ ရန်သူဖြစ်ပါသည်။ နေရောင်ခြည်ထဲတွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည်သည် အရေပြားတွင်ရှိသော ဆဲလ်များ၊ တစ်ရှူးများကို ပျက်စီးစေကာ အသားအရေကို အန္တရာယ်ဖြစ်စေနိုင်ပါသည်။ ထို့ပြင် မျက်နှာအရေပြားပေါ်တွင် တင်းတိပ်၊ ဝက်ခြံ၊ အမည်းစက်၊ နေလောင်ကွက် စသော အရာများကိုလည်း ပိုမိုထွက်ပေါ်စေရန် အားပေးပါသည်။ ထိုသို့ထွက်ပေါ်လာခြင်းကြောင့် အသားအရေ မညီမညာ ဖြစ်စေသည့်အပြင် ထိုအရာများသက်သာသွားသည့်အခါ ကာလရှည်ကြာစွာ ကျန်ရစ်ခဲ့သည့် အမာရွတ်များကလည်း အသားအရေ ညီညာလှပမှုကို များစွာ ထိခိုက်စေပါသည်။
ထို့ပြင် ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုများသောအခါ အရေပြားတွင် မယ်လနင်ဟုခေါ်သော အမည်းရောင်ခြယ်များပေါ်ထွက်လာကာ အသားအရေ အရောင်အဆင်းကို မညီမညာဖြစ်လာစေပါသည်။ ထို့ကြောင့် အရေပြားကျန်းမာရေးအတွက် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ နေပူရှိန် ပြင်းထန်သည့် နေ့လယ်နေ့ခင်းအချိန်များတွင် တတ်နိုင်သ၍ အရိပ်အာဝါသအောက်တွင် နေထိုင်သင့်ပါသည်။ မတတ်သာ၍ အပြင်သို့ ထွက်မည်ဆိုပါကလည်း နေရောင်ခြည်ကို လုံလောက်စွာ ကာကွယ်နိုင်သော ထီး၊ ဦးထုပ်စသော အဆောင်းအကာများကို အသုံးပြုသင့်ပါသည်။
ထို့ပြင် နေရောင်ကာလိမ်းဆေးများကို လိမ်းပေးခြင်းအားဖြင့်လည်း ခရမ်းလွန်ရောင်ခြည် အန္တရာယ်ကို ကာကွယ်တားဆီးသင့်ပါသည်။ ထိုသို့ အသုံးပြုသည့်အခါ SPF အနည်းဆုံး ၃၀ ပါဝင်သော နေရောင်ကာလိမ်းဆေးများကို ရွေးချယ်အသုံးပြုသင့်ပါသည်။ ထို့ပြင် ခရမ်းလွန်ရောင်ခြည်သည် နေသာသည့် အချိန်တွင်သာမက မိုးအုံ့သည့်အချိန်များတွင်လည်း ကျရောက်နိုင်သောကြောင့် အပြင်သို့ထွက်သည်နှင့် နေရောင်ကာလိမ်းဆေးများကို အနည်းနှင့်အများဆိုသလို လိမ်းတတ်သည့် အလေ့အကျင့်ကို ကြိုးစားလေ့ကျင့်သင့်ပါသည်။
အစားအသောက်
အစာလည်းဆေး၊ ဆေးလည်း အစာဆိုသကဲ့သို့ နေ့စဉ်စားသုံးသော အစားအစာများသည် အသားအရေအပါအဝင် လူတို့၏ ကျန်းမာရေးကို များစွာ အကျိုးသက်ရောက်မှုဖြစ်စေပါသည်။ စပ်လွန်းသော အစားအစာများ၊ ငန်လွန်းသော အစားအစာများ၊ အဆီများလွန်းသော အစားအစာများသည် အရေပြားပေါ်တွင် အဖုအပိန့်များကို ဖြစ်ပေါ်စေကာ အသားအရေ ညီညာမှုကို အနှောင့်အယှက်ဖြစ်စေပါသည်။
အသီးအရွက်များပါဝင်မှုနည်းပါးသော စားသောက်မှုပုံစံကလည်း အသားအရေကို ခြောက်သွေ့စေကာ အသားအရေ စိုပြည်ညီညာမှုကို အတားအဆီးဖြစ်စေပါသည်။ အရက်နှင့် ဂတ်စ်ပါသော အချိုရည်များကို ကာလရှည်ကြာစွာ ပမာဏများစွာ သောက်သုံးခြင်းသည်လည်း အရေပြားအား မညီမညာဖြစ်စေသော အကြောင်းရင်းများအနက် တစ်ခုဖြစ်ပါတယ်။ အရက်ဟု ဆိုရာ၌ အယ်လ်ကိုဟောပါဝင်မှုရာခိုင်နှုန်း အနည်းအများမတူညီသော အဖျော်ယမကာများအားလုံး အကျုံးဝင်ပါသည်။
အယ်လ်ကိုဟောသည် အရေပြားကို ခြောက်သွေ့စေသည့်အတွက် အရေပြားမညီညာမှုကို ဖြစ်စေနိုင်သကဲ့သို့ ဂတ်စ်ပါသော အချိုရည်များတွင် ပါဝင်သည့် သကြားဓာတ်သည်လည်း အရေပြားနှင့် အသားအရေ ကျန်းမာရေးအတွက် ရန်သူတစ်မျိုးပင် ဖြစ်ပါသည်။ လေ့လာတွေ့ရှိမှုများအရ သကြားဓာတ်များပြားစွာ စားသုံးခြင်းသည် အသားအရေမညီမညာ ဖြစ်စေနိုင်သကဲ့သို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုလည်း ဖြစ်စေနိုင်ကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် နေ့စဉ်စားသောက်သော အစားအစာများတွင် အစပ်၊ အငန်၊ အဆီများသော အစားအစာများ မပါဝင်အောင် ဂရုစိုက်ခြင်းအားဖြင့် အသားအရေကို ပိုမိုညီညာ လှပလာစေနိုင်ပါသည်။ အသီးအရွက်များ၊ အသီးအနှံများကို ပိုမိုစားသုံးပေးခြင်းအားဖြင့်လည်း ရေဓါတ်ပြည့်ဝပြီး တင်းရင်းညီညာလှပသော အသားအရေကို ရရှိအောင် ပြုလုပ်နိုင်ပါသည်။ အရက်နှင့် ဂတ်စ်ပါသော အချိုရည်များကို တတ်နိုင်သလောက်ရှောင်ကြဉ်ကာ ရေကိုပိုမိုသောက်သုံးပေးခြင်းအားဖြင့် အသားအရေကို ရေဓာတ်ပိုမို ပြည့်ဝစေကာ ကြည်လင်ဝင်းပစေမည် ဖြစ်ပါသည်။
ဓာတုပစ္စည်းများ၊ အညစ်အကြေးများနှင့် ဖုန်မှုန့်များ
အသားအရေနှင့် အရေပြားကို နောက်ထပ်ပြဿနာဖြစ်စေသည့် အကြောင်းရင်းတစ်ခုမှာ ဓာတုပစ္စည်းများ၊ အညစ်အကြေးများနှင့် ဖုန်မှုန့်များ ဖြစ်ပါသည်။
အရေပြား၏ လုပ်ငန်းဆောင်တာများစွာရှိသည့်အနက် အရေးပါသော လုပ်ငန်းတစ်ခုမှာ အရေပြား၏မျက်နှာပြင်တွင် အဆီများကို ထုတ်လုပ်ခြင်းဖြစ်ပါသည်။ ထိုသို့ထုတ်လုပ်ပေးခြင်းအားဖြင့် အရေပြားနှင့် အသားအရေကို စိုပြည်စေခြင်း၊ အရေပြား အတွင်းပိုင်းသို့ ရေမဝင်စေရန် ကာကွယ်ပေးခြင်း စသော ကောင်းကျိုးများ ရရှိစေနိုင်ပါသည်။ သို့သော် အဆိုပါ ထုတ်လုပ်လိုက်သော အဆီလွှာတွင် ဓာတုပစ္စည်းများ၊ အညစ်အကြေးများ၊ ဖုန်မှုန့်များသည်လည်း အလွယ်တကူ ကပ်ငြိတွယ်ကပ်နိုင်ပါသည်။
အရေပြား၏ နောက်ထပ် လုပ်ငန်းဆောင်တာတစ်ခုမှာ အရေပြားပေါ်တွင်တင်ရှိလာသော အရာဝတ္ထုများကို အရေပြားအတွင်းပိုင်းသို့ စုပ်ယူခြင်း ဖြစ်ပါသည်။ ထိုသို့ စုပ်ယူလိုက်သောအခါ မျက်နှာပြင်အဆီလွှာတွင်ကပ်ငြိနေသော ဓာတုပစ္စည်းများ၊ ဖုန်မှုန့်များ၊ အညစ်အကြေးများကို ခန္ဓာကိုယ်အတွင်းသို့ ယူသွင်းလိုက်သကဲ့သို့ ဖြစ်စေပါသည်။
ဓာတုပစ္စည်းဟုဆိုရာ၌ မော်တော်ကား အင်ဂျင်မှထွက်သော၊ စက်ရုံ၊ အလုပ်ရုံများမှထွက်သော မီးခိုးငွေ့များတွင်ပါဝင်သည့် ဓာတုပစ္စည်းများသာမက အရည်အသွေးညံ့ဖျင်းသော မိတ်ကပ်အပါအဝင် အလှကုန်ပစ္စည်းများကို ကာလရှည်ကြာစွာ သုံးစွဲခြင်းကြောင့် အရေပြားပေါ်တွင် စုပုံလာသော ဓာတုပစ္စည်းများလည်း ပါဝင်ပါသည်။ အဆိုပါဓာတုပစ္စည်းများသည် အရေပြားအတွင်းသို့ စိမ့်ဝင်ကာ မျက်နှာအနီးတစ်ဝိုက်ရှိ အရေပြားနှင့် အသားအရေများကိုသာမက အခန့်မသင့်လျှင် သွေးကြောအတွင်းသို့ ဝင်ရောက်ကာ ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း ပျံ့နှံ့ကာ အန္တရာယ်ဖြစ်စေနိုင်ပါသည်။
ထို့ပြင် ဖုန်မှုန့်နှင့် အညစ်အကြေးများသည်လည်း အရေပြားတွင်ရှိသော ချွေးဂလင်း လမ်းကြောင်းများ၊ အဆီဂလင်း လမ်းကြောင်းများကို ပိတ်ဆို့စေကာ ဝက်ခြံနှင့်တကွ မလိုလားအပ်သောပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။ တစ်ခါတစ်ရံ အဆိုပါ ပိတ်ဆို့နေသော လမ်းကြောင်းများတွင် ဗက်တီးရီးယားများ ပေါက်ဖွားများပြားလာကာ သွေးကြောများမှတစ်ဆင့် ခန္ဓာကိုယ် အနှံ့အပြားကို ပျံ့နှံ့သွားကာ ဆိုးရွားသော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ပေါ်ပေါက်စေနိုင်ပါသည်။
ထို့ပြင် အညစ်အကြေးများ၊ ဖုန်မှုန့်များကို အချိန်ကာလရှည်ကြာစွာ စုပ်ယူထားသော အသားအရည်သည်လည်း ညိုညစ်ညစ်နှင့် ဖုန်ရောင်ဖြစ်ခြင်း၊ အရောင်မညီမညာဖြစ်ခြင်းစသော ပြဿနာများစွာကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။
အဆိုပါ ပြဿနာများကို ကာကွယ်ရန် မျက်နှာကို စနစ်တကျနှင့် ပုံမှန်သန့်စင်သည့် အလေ့အကျင့်ကို ပြုလုပ်ပေးသင့်ပါသည်။ အထူးသဖြင့် ညအိပ်ရာမဝင်ခင်တွင် မိတ်ကပ်များကို စနစ်တကျ ဖျက်ပြီးမှ အိပ်စက်သင့်ပါသည်။ ထို့ပြင် မိမိနှင့် သင့်တော်သော ရေဓါတ်ဖြည့် Moisturizer များကိုလည်း ပုံမှန် အသုံးပြုသင့်ပါသည်။ ထို့ပြင် လျားစောင်းလက်ပပ်ကဲ့သို့သော သဘာဝပစ္စည်းများကိုလည်း အသုံးပြုကာ ရေဓာတ်ဖြည့်တင်းနိုင်ပါသည်။ အနည်းဆုံး နှစ်ပတ်လျှင် တစ်ကြိမ်ခန့် မျက်နှာတွင်ရှိသော ဆဲလ်သေများကို ဖယ်ရှားကာ ဆဲလ်အသစ်များကို ဖြစ်ပေါ်စေသည့် အရေပြားကြေးချွတ်ခြင်းကိုလည်း ပြုလုပ်ပေးသင့်ပါသည်။