ဂလူးကိုစ့်သည် ဦးနှောက်အတွက်သာမက ခန္ဓာကိုယ်တစ်ခုလုံးအတွက် အရေးကြီးသည့် လောင်စာတစ်ခုဖြစ်ပါသည်။
သွေးတွင်းသကြားဓာတ်များကို မှန်ကန်အောင်ထိန်းသိမ်းခြင်းသည် ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက ဦးနှောက်၏ ဓာတုဗေဒ ဖြစ်စဉ်များကို ထိန်းညှိပေးသည့် အာရုံကြောဆဲလ်များ ပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
သွေးတွင်းသကြားဓာတ်များ အလွန်အမင်း မြင့်တက်ခဲ့ပါက ခန္ဓာကိုယ်တွင် ရောင်ရမ်းခြင်းများ ဖြစ်ပေါ်စေခြင်း၊ ဟော်မုန်းများ၏ လုပ်ငန်းဆောင်တာများမှန်ကန်စွာ မလုပ်ဆောင်နိုင်ခြင်း၊ အာရုံကြော သတင်းပေးပို့သည့်ပစ္စည်းများ မညီမျှခြင်းများကိုဖြစ်စေ၍ ဦးနှောက်ရှိ ဆဲလ်များ ပျက်စီးခြင်းကို ဦးတည်စေနိုင်ပါသည်။
ထို့အတူပင် သွေးတွင်းသကြားဓာတ်များ အလွန်အမင်း ကျဆင်းသွားသည့်အခါတွင်လည်း ဦးနှောက်နှင့် အာရုံကြောဆဲလ်များ ကောင်းစွာအလုပ်မလုပ်နိုင်တော့ဘဲ ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် သွေးတွင်းသကြားဓာတ်များကို မနည်းလွန်း၊ မများလွန်းစေရန်ဂရုပြု၍ ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်ပါသည်။
ထိုသို့ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းရန် အောက်ပါအကြံပြုချက်များကို လုပ်ဆောင်နိုင်ပါသည်။
- ပရိုတင်းနှင့် အဆီ ကောင်းစွာပါဝင်သော မနက်စာကို စားသုံးပါ။
- အကယ်၍ သွေးတွင်းသကြားဓာတ်များ အလွန်အမင်းကျဆင်းသွားပါက ပရိုတင်းပမာဏ အနည်းငယ်ကို ၂ နာရီကြား၊ ၃ နာရီ ကြားတစ်ခါ စားပေးပါ။
- ကာဗွန်ဟိုက်ဒရိတ် ပမာဏ အများအပြားစားသုံးခြင်းကို ရှောင်ကြဉ်ပါ။
- အမျှင်ဓာတ်ပါသော အစားအစာများ၊ အဆီ သို့မဟုတ် အသားဓာတ်ပါသော အစားအစာများနှင့် တွဲဖက်ခြင်းမရှိဘဲ ကာဗွန်ဟိုက်ဒရိတ်ကြီးသက်သက် အများအပြား စားသုံးခြင်းကိုရှောင်ကြဉ်ပါ။
- အိပ်ရာမဝင်မီ ချိုသော သို့မဟုတ် ကစီဓာတ်ကြွယ်ဝသော အစားအစာများကို မစားသုံးသင့်ပါ။
- အိပ်ရာဝင်ခါနီးတွင် ကဖင်းဓာတ်ပါသော အစားအစာများ စားသောက်ခြင်းကို ရှောင်ကြဉ်ပါ။ ကဖင်းဓာတ်များကြောင့် Adrenal Glands များ ပိုမိုပင်ပန်းစွာ အလုပ်လုပ်ရနိုင်ပါသည်။
- ဟင်းသီးဟင်းရွက်များ အများအပြားပါဝင်၍ ကျန်းမာရေးနှင့် ညီညွတ်သည့် အသား၊ အဆီ တို့ပါဝင်သည့် အစားအစာများကို စားသုံးပါ။
- အမြန်ရနိုင်သော အစားအစာများ၊ သရေစာများနှင့် ပြုပြင်စီမံထားသော အစားအစာများ စားသုံးခြင်းမှ ရှောင်ကြဉ်ပါစသည့် အကြံပြုချက်များကို လိုက်နာခြင်းအားဖြင့် သွေးတွင်းသကြားဓါတ်များကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ပါသည်။
Author : Dr. မွန်