ခန္ဓာကိုယ်နှင့်ဦးနှောက်အပေါ် အကျိုးကျေးဇူးများစွာပေးနိုင်သည့် Omega-3 Fatty acids (DHA) များသည် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အလွန့်အလွန်အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်ပါသည်။
အောက်ပါအကြောင်းခြင်းရာများသည် အာဟာရပညာရှင်များက Omega -3 Fatty acids (DHA) ၏ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများကို လေ့လာတွေ့ရှိချက်များဖြစ်ကြပါသည်။
စိတ်ပိုင်းဆိုင်ရာကျန်းမာရေး
Omega -3 အဆီများက ကမ္ဘာပေါ်တွင်အဖြစ်အများဆုံး စိတ်ပိုင်းဆိုင်ရာဝေဒနာများဖြစ်သည့် စိတ်ကျဝေဒနာနှင့် စိုးရိမ်ပူပန်မှုလွန်ကဲသောဝေဒနာများကို သက်သာပျောက်ကင်းအောင် ပြုလုပ်ပေးနိုင်ပါသည်။
စိတ်ကျဝေဒနာ၏ လက္ခဏာများမှာ
– အကြောင်းကိစ္စကြီးငယ်မရှိဘဲ စိတ်ဆင်းရဲနေခြင်း
– အားအင်မရှိသကဲ့သို့ဖြစ်နေခြင်း
– နေ့စဉ်ကြုံတွေ့ရသည့်အရာများနှင့် ဖြစ်ရပ်များအပေါ်တွင် စိတ်ဝင်စားမှုနည်းပါးလာခြင်း စသည်တို့ဖြစ်ပါသည်။
စိုးရိမ်ပူပန်မှုလွန်ကဲသောဝေဒနာသည် တစ်ခုခုကိုအစဉ်အမြဲစိုးရိမ်ပူပန်နေခြင်းနှင့် စိတ်လှုပ်ရှားဂနာမငြိမ်ဖြစ်ခြင်း စသည့်လက္ခဏာများဖြစ်ပေါ်ခံစားရသော အတွေ့ရများသည့် စိတ်ပိုင်းဆိုင်ရာ မူမမှန်မှုအခြေအနေတစ်ရပ် ဖြစ်ပါသည်။
လေ့လာတွေ့ရှိချက်များအရ Omega-3 အဆီများကို ပုံမှန်စားသုံးသောသူများသည် စိတ်ကျဝေဒနာနှင့် စိုးရိမ်မှုလွန်ကဲသောဝေဒနာများကို ဖြစ်နိုင်ရန် အခွင့်အရေးနည်းပါးကြောင်းတွေ့ရှိရပါသည်။
ထို့အပြင် စိတ်ကျဝေဒနာနှင့် စိုးရိမ်ပူပန်မှုလွန်ကဲသည့်ဝေဒနာများကို ခံစားနေရသူများသည်လည်း Omega -3 အဆီ ဖြည့်စွက်အာဟာရများကို စားသုံးသည့်အခါ ရောဂါလက္ခဏာများပိုမိုကောင်းမွန်တိုးတက်လာကြောင်း တွေ့ရှိရပါသည်။
မျက်လုံးကျန်းမာရေး
မျက်လုံးထဲတွင်ရှိသော မြင်လွှာတွင် အဓိကပါဝင်ဖွဲ့စည်းထားသည့်အရာမှာ OMEGA-3 အဆီအမျိုးအစားတစ်ခုဖြစ်သော DHA ဖြစ်ပါသည်။
ထို့ကြောင့် DHA ကို လုံလောက်စွာမရရှိသောအခါ အမြင်အာရုံဆိုင်ရာပြဿနာများ ပိုမိုဖြစ်ပွားလာတတ်ပါသည်။
ထို့အပြင် Omega-3 အဆီများ လုံလောက်စွာရရှိမှုသည် ကမ္ဘာပေါ်တွင် မျက်စိဆိုင်ရာ ထိခိုက်ပျက်စီးမှုနှင့် အမြင်အာရုံဆုံးရှုံးခြင်းကို ဖြစ်စေသော အဓိကအကြောင်းရင်းဖြစ်သည့် မျက်ကြည်လွှာ ထိခိုက်ပျက်စီးမှု ဖြစ်နိုင်သည့်အလားအလာကို လျော့နည်းစေကြောင်းတွေ့ရှိရပါသည်။
Omega -3 အဆီများသည် မိခင်၏ ဝမ်းဗိုက်အတွင်း ကိုယ်ဝန်ဆောင်နေစဉ်ကာလနှင့် မွေးဖွားပြီးသည့်နောက်တွင် ကလေး၏ ဦးနှောက် ဖွံ့ဖြိုးတိုးတက်စေရန် မရှိမဖြစ်အရေးပါပါသည်။
DHA သည် ဦးနှောက်တွင်ရှိသော Polyunsaturated fatty acids များ၏ ၄၀% ကို ပါဝင်ဖွဲ့စည်းထားပါသည်။ ထို့အပြင် မျက်လုံး၏ မြင်လွှာတွင်ရှိသော Polyunsaturated fatty acids ၏ ၆၀% ကို ပါဝင်ဖွဲ့စည်းပေးထားပါသည်။ ထို့ကြောင့် DHA ပါဝင်သော ဖော်မြူလာဖြင့် ထုတ်လုပ်ထားသည့် ဖြည့်စွက်အာဟာရ နို့မှုန့်များကို သောက်သုံးသောကလေးငယ်များသည် အမြင်အာရုံပိုင်းဆိုင်ရာ နှင့် ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုတိုးတက်ကောင်းမွန်နေခြင်းဖြစ်ပါသည်။
ထို့အပြင် ကိုယ်ဝန်ဆောင်စဉ်ကာလတွင် Omega-3 အဆီများ လုံလောက်စွာရရှိခြင်းသည်
- ကလေးများကို အသိဉာဏ်ဆိုင်ရာပိုမိုမြင့်မားလာစေခြင်း၊
- ဆက်သွယ်မှုနှင့် လူမှုဆက်ဆံရေးဆိုင်ရာ အရည်အသွေးများပိုမိုကောင်းမွန်လာစေခြင်း၊
- အမူအကျင့်ဆိုင်ရာ၊အပြုအမူဆိုင်ရာနှင့် ပတ်သက်သည့် ပြဿနာများကို ပိုမိုနည်းပါးစေခြင်း၊
- ခန္ဓာကိုယ်၏ အထွေထွေ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နှောင့်နှေးမှုများ ဖြစ်နိုင်သည့်အလားအလာများကို လျော့နည်းစေခြင်း၊
- ကလေးများတွင် ဖြစ်ပွားလေ့ရှိသည့် ဉာဏ်ရည်ဖွံ့ဖြိုးမှုနှင့် သက်ဆိုင်သည့် ရောဂါများဖြစ်သော ADHA၊ Autism နှင့် Cerebral palsy ကဲ့သို့သော ရောဂါများ ဖြစ်ပွားနိုင်ခြင်းကို လျှော့ချပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။