ငါးကြီးဆီဆိုတာဘာလဲ
ငါးကြီးဆီသည် အထူးသဖြင့် အဆီဓါတ်ကြွယ်ဝသော ငါးများ၏တစ်ရှူးများမှ ထုတ်ယူရရှိသော အဆီတစ်မျိုးဖြစ်ပါသည်။ ၎င်းတွင်ကျန်းမာရေးအတွက်အရေးကြီးသော Omega-3 Fatty acids များပါဝင်ပါသည်။
ငါးကြီးဆီသည် အသုံးပြုမှုအများဆုံး အစားအသောက်ပိုင်းဆိုင်ရာ ဖြည့်စွက်အာဟာရများထဲမှတစ်ခု ဖြစ်ပါသည်။
ငါးကြီးဆီသည် များစွာသောရောဂါများကို ကာကွယ်ပေးနိုင်သည့် အစွမ်းသတ္တိများအပါအဝင် ကျန်းမာရေးကို အထောက်အကူများစွာပြုနိုင်သည့်အတွက်ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ်မှ နှစ်ကြိမ်ခန့် ငါးနှင့်ပတ်သက်သော အစားအသောက်များကို စားသုံးရန် အကြံပြုထားပါသည်။
အကယ်၍ ငါးနှင့် ပတ်သက်သောအစားအစာများကို မကြာခဏစားသုံးသည့် အလေ့အထမရှိပါက လုံလောက်သော Omega -3 Fatty acids များရရှိနိုင်ရန် ငါးကြီးဆီပါဝင်သော ဖြည့်စွက်အာဟာရများကို စားသုံးသင့်ပါသည်။
ငါးကြီးဆီ၏ ၃၀% ခန့်ကို Omega -3 အဆီများဖြင့် ဖွဲ့စည်းထားပြီး ကျန်သော ၇၀% ခန့်ကို အခြားသောအဆီများဖြင့် ဖွဲ့စည်းထားပါသည်။
ငါးကြီးဆီတွင် Vitamin A နှင့် D တို့လည်း ပါဝင်ကြောင်းတွေ့ရှိရပါသည်။
Omega -3 အဆီများကို အချို့သောအပင်မှရရှိသောပစ္စည်းများတွင်လည်း တွေ့ရှိရသော်လည်း ငါးများတွင်တွေ့ရသော Omega -3 အဆီများသည် အပင်များတွင်တွေ့ရှိရသော Omega -3 အဆီများထက် ပိုမို၍ ကျန်းမာရေးအပေါ်တွင် အကျိုးကျေးဇူးပြုနိုင်ကြောင်း သိရပါသည်။
ငါးကြီးဆီပြည့်၀ခြင်းအားဖြင့် ရရှိနိုင်သည့် ကောင်းကျိုးများထဲမှ အချို့ကို တင်ပြပေးလိုက်ပါသည်။
နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်း
နှလုံးကျန်းမာရေးသည် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်သေဆုံးမှုအများအပြား၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါသည်။
လေ့လာတွေ့ရှိချက်များအရ ငါးကြီးဆီအများအပြားစားသုံးသောသူများသည် နှလုံးရောဂါဖြစ်နိုင်သည့် အခွင့်အလမ်း ပိုမိုနည်းပါးကြောင်း တွေ့ရှိရပါသည်။
ထို့အပြင် နှလုံးရောဂါကိုဖြစ်စေနိုင်သည့် အခြားသော အကြောင်းအချက်များစွာကိုလည်း ငါးကြီးဆီစားသုံးခြင်းအားဖြင့် လျော့ကျစေနိုင်ကြောင်း တွေ့ရှိရပါသည်။
ငါးကြီးဆီ၏နှလုံးကျန်းမာရေးအပေါ် ကောင်းကျိုးပြုသောအချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Cholesterol ပမာဏ
ငါးကြီးဆီသည် ခန္ဓာကိုယ်အတွက် အကျိုးပြုသည့် HDL cholesterol များ၏ ပမာဏကို မြင့်တက်စေနိုင်ပါသည်။ သို့သော် ခန္ဓာကိုယ်အတွက်မကောင်းသည့် LDL cholesterol များ၏ ပမာဏကို ကျဆင်းစေနိုင်သည့် သက်သေအချက်များသေချာစွာမတွေ့ရှိရသေးပါ။
Triglycerides
ငါးကြီးဆီသည် Triglycerides ပမာဏကို ၁၅% မှ ၃၀% အထိ ကျဆင်းစေပါသည်။
သွေးပေါင်ချိန်
ငါးကြီးဆီပမာဏအနည်းငယ်စားသုံးလျှင်ပင် သွေးတိုးရောဂါရှိသော လူနာများတွင် သွေးပေါင်ချိန်ပမာဏကို လျော့နည်းစေနိုင်ကြောင်း တွေ့ရှိရပါသည်။
သွေးလွှတ်ကြောအတွင်း အဆီများစုပုံ၍ သွေးကြောနံရံများထူထဲလာခြင်းဖြစ်စဉ်
ငါးကြီးဆီသည် သွေးလွှတ်ကြောများ၏ နံရံများကို မာကြောစေသည့် သွေးကြောအတွင်း အဆီများ စုပုံ၍ ထူထဲလာခြင်းကို တားဆီးပေးနိုင်သကဲ့သို့ ထိုသို့ အဆီများ စုပုံထူထဲခြင်း ဖြစ်ပြီးသော လူများတွင်လည်း အဆီခဲများကို ပိုမို၍တည်ငြိမ်စေ၍ အန္တရာယ်ကင်းစေရန် စွမ်းဆောင်ပေးနိုင်ပါသည်။
နှလုံးစည်းချက်မမှန်ခြင်း
နှလုံးစည်းချက်မမှန်ခြင်းသည် အချို့သော လူနာများတွင် နှလုံးရုတ်တရက်ရပ်တန့်ခြင်းကို ဖြစ်စေနိုင်ပါသည်။
နှလုံးစည်းချက်မမှန်သော လူများတွင် ငါးကြီးဆီကိုစားသုံးခြင်းအားဖြင့် အသက်အန္တရာယ်ရှိနိုင်မှုအလားအလာကို လျှော့ချပေးနိုင်ကြောင်းတွေ့ရပါသည်။