သံဓာတ်သည် ဇီဝရုပ်ဖြစ်ပျက်ခြင်း၊ ကြီးထွားဖွံ့ဖြိုးခြင်း နှင့် အောက်ဆီဂျင်များကို ခန္ဓာကိုယ်အနှံ့အပြားသို့ ပို့ဆောင်သည့် နေရာများတွင် မရှိမဖြစ်အရေးပါသည့် သတ္တုဓာတ်တစ်မျိုး ဖြစ်ပြီး အစားအစာ အများအပြားတွင် တွေ့ရှိရပါသည်။
သံဓာတ်ကို ပုံစံ နှစ်မျိုးဖြင့် တွေ့ရှိနိုင်ပါသည်။ ၎င်းတို့မှာ
– အသား၊ ငါး၊ ကိုယ်တွင်း ကလီစာများ၊ အင်္ဂါအစိတ်အပိုင်းများ စသည်တို့မှ ရရှိသော heme iron နှင့်
– အပင်ထွက် အစားအစာများမှ ရရှိသော non-heme iron တို့ဖြစ်ပါသည်။
သံဓာတ်ချို့တဲ့မှုပြဿနာသည် ကမ္ဘာ့နေရာအနှံ့အပြားတွင် ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာတစ်ရပ်ဖြစ်ပါသည်။
သံဓာတ်၏ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများနှင့် လုပ်ငန်းဆောင်တာများ
သံဓာတ် ပြည့်စုံလုံလောက်စွာရရှိခြင်းသည် ကောင်းမွန်သောကျန်းမာရေးတစ်ခုကို တည်ဆောက်နိုင်ရန်အတွက် အရေးပါပါသည်။
အောက်ပါတို့သည် သံဓာတ်၏ ကောင်းကျိုးများနှင့် အဓိကလုပ်ငန်းဆောင်တာများ ဖြစ်ကြပါသည်။
သံဓာတ်သည် ခန္ဓာကိုယ်အနှံ့အပြားအား အောက်ဆီဂျင် ပို့ဆောင်ပေးရန် ကူညီပေးသည်။
သံဓာတ်သည် သွေးနီဥ အတွင်းတွင် တွေ့ရှိရသည့် အဓိကပရိုတင်းတစ်မျိုးဖြစ်သော ဟီမိုဂလိုဗင် အတွင်းတွင် ပါရှိပါသည်။
အခြားအမျိုးမျိုးသော အမိုင်နိုအက်ဆစ်များကဲ့သို့ပင် သံဓာတ်သည် ဟီမိုဂလိုဗင်ကို တည်ဆောက်ရန် မရှိမဖြစ်အရေးပါသော အရာတစ်ခု ဖြစ်ပါသည်။ ခန္ဓာကိုယ်တွင်ရှိသော သံဓာတ်အားလုံး၏ သုံးပုံ နှစ်ပုံခန့်သည် ဟီမိုဂလိုဗင် အတွင်းတွင် တည်ရှိနေခြင်းဖြစ်ပါသည်။
ဟီမိုဂလိုဗင်သည် အဆုတ်မှ အောက်ဆီဂျင်များကို စုဆောင်းပါသည်။ ၎င်းအောက်ဆီဂျင်များသည် ဟီမိုဂလိုဗင် အတွင်းရှိ သံဓာတ်၏ ပတ်ပတ်လည်တွင် ပေါင်းစီးတည်ရှိကာ အောက်ဆီဟီမိုဂလိုဗင် ဟုခေါ်သော ဒြပ်ပေါင်းတစ်မျိုးကို ဖန်တီးပါသည်။
ထိုအောက်ဆီဟီမိုဂလိုဗင်သည် ခန္ဓာကိုယ် အနှံ့အပြားသို့သွားရောက်ကာ ခန္ဓာကိုယ်ရှိ တစ်ရှူးများဆီသို့ အောက်ဆီဂျင်များကို ပို့ဆောင်ပေးပါသည်။
သံဓာတ်ပမာဏ ကျဆင်းလာသည့်အခါ ဟီမိုဂလိုဗင် ပမာဏသည်လည်း လိုက်လံ နည်းပါးလာတတ်ပါသည်။ ထိုသို့ ဟီမိုဂလိုဗင် ပမာဏ နည်းပါးလာခြင်းသည် ကျန်းမာရေး ပြဿနာအများအပြားကို ဖြစ်စေရန် ဦးတည်နိုင်ပါသည်။
ဗဟိုအာရုံကြောစနစ် ကျန်းမာဖွံ့ဖြိုးစေရန်အတွက် အရေးပါခြင်း
သံဓာတ်သည် ဗဟိုအာရုံကြောစနစ်တွင် တည်ရှိသော များစွာသော အင်ဇိုင်းများကို အကူအညီပေးသောအရာ ဖြစ်ပါသည်။
ထို့ကြောင့် သံဓာတ်သည် ကလေးများ၏ အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအတွက် အရေးပါခြင်း ဖြစ်ပါသည်။ ထို့ကြောင့် သံဓာတ်ချို့တဲ့သောကလေးများတွင် အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့် အမူအကျင့်ဆိုင်ရာ ပြဿနာများကို ရင်ဆိုင်ကြုံတွေ့နေကြရခြင်း ဖြစ်ပါသည်။
သွေးအားနည်းသောကလေးများတွင် သံဓာတ်ပမာဏများကို ပိုမိုတိုက်ကျွေး ကျွေးမွေးခြင်းအားဖြင့် အာရုံကြောဆိုင်ရာလုပ်ငန်းဆောင်တာများ၊ လှုပ်ရှားမှုနှင့် အခြားလုပ်ငန်းဆောင်တာများတွင် များစွာတိုးတက်ဖွံ့ဖြိုးလာကြောင်း တွေ့ရှိရပါသည်။
စွမ်းအင် ထုတ်လုပ်သုံးစွဲခြင်းဖြစ်စဉ်များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခြင်း
ဆဲလ်များ၏ စွမ်းအင်ထုတ်လုပ်ခြင်းဖြစ်စဉ်တွင် လိုအပ်သော Cytochromes ဟုခေါ်သော အန်ဇိုင်းများ၏ လုပ်ငန်းဆောင်တာများကို ကောင်းမွန်မှန်ကန်စွာလုပ်ဆောင်နိုင်ရန်အတွက် သံဓာတ်ကို လိုအပ်ပါသည်။
အစားအစာများတွင် သံဓာတ်ပါဝင်မှုနည်းပါးနေခြင်းသည် Cytochrome ပမာဏကို နည်းပါးစေကာ စွမ်းအင်ထုတ်လုပ်မှုကိုလည်း လျော့နည်းစေကြောင်း လေ့လာတွေ့ရှိရပါသည်။
လေ့လာမှုများအရ သံဓာတ်ပမာဏ စားသုံးမှုတိုးမြှင့်ခြင်းသည် အားအင်ကုန်ခန်းခြင်းနှင့် ပင်ပန်းနွမ်းနယ်မှု လက္ခဏာရပ်များကို တိုးတက်စေကြောင်း တွေ့ရှိရပါသည်။
Author : Dr. မွန်