လူအများစုဟာ ကော်ဖီကို စွဲလမ်းနှစ်သက်တတ်ကြပါတယ်။ မနက်ခင်းတိုင်းကို ကော်ဖီနဲ့မှစတင်နိုင်တယ့်သူ၊ ပင်ပန်းနေချိန် ကော်ဖီသောက်လိုက်မှ စိတ်ကြည်လင်ပြီး အလုပ်လုပ်နိုင်သူ စသဖြင့် ကော်ဖီကို စွဲလမ်းလေ့ရှိကြပါတယ်။ တစ်နေ့ ကော်ဖီအနည်းငယ်ပုံမှန်သောက်တာဟာ ကျန်းမာရေးနဲ့ညီညွတ်စေသလို ခန္ဓာကိုယ်အတွက်လည်း အန္တရာယ်မရှိစေနိုင်ပါ။ ဒါပေမဲ့ မိမိက ကော်ဖီကို တစ်နေ့ ၄ ခွက် ၅ ခွက်လောက်သောက်ဖြစ်နေပြီဆိုရင်တော့ လျှော့ချသောက်သုံးဖို့ ကြိုးစားသင့်ပါပြီ။ ကော်ဖီမှာ ကဖင်းဓာတ်ပါဝင်တာကြောင့် အလွန်အကျွံသောက်သုံးရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကတော့-
၁။ နှလုံးခုန်မြန်ခြင်း
ကဖင်းဓာတ်ဟာ ဦးနှောက်နဲ့အာရုံကြောစနစ်ကို တက်ကြွအောင် လှုံဆော်ပေးခြင်းမှတစ်ဆင့် နှလုံးခုန်နှုန်းကို ပုံမှန်မဟုတ်ဘဲ မြင့်တက်လာစေပါတယ်။
၂။ ခြေတုန်လက်တုန်ဖြစ်ခြင်း
ကော်ဖီအလွန်အကျွံသောက်ခြင်းကြောင့် Adrenaline လို့ခေါ်တဲ့ တက်ကြွစေတဲ့ ဟော်မုန်းပမာဏမြင့်တက်လာစေပါတယ်။ ခြေတုန်လက်တုန်ဖြစ်ခြင်းဟာ Adrenaline ဟော်မုန်းမြင့်မားနေခြင်းရဲ့ ဆိုးကျိုးတစ်ရပ်ဖြစ်ပါတယ်။
၃။ အမြဲစိုးရိမ်ပူပန်နေရခြင်း
ကဖင်းဓာတ်ဟာ စိတ်ဖိစီးမှုတွေကို မြင့်တက်စေပြီး စိုးရိမ်ပူပန်မှုတွေကို ဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့် ကော်ဖီသောက်တာများရင် အကြောင်းအထွေအထူးမရှိဘဲနဲ့လဲ စိတ်ပူပန်နေရတာမျိုးတွေဖြစ်လာနိုင်ပါတယ်။
၄။ ကြွက်သားလှုပ်ခြင်း
ကော်ဖီအလွန်အကျွံသောက်သုံးရင်၊ ဒါမှမဟုတ် အချိန်ကြာမြင့်စွာ စွဲ၍သောက်သုံးရင် ကြွက်သားလှုပ်တာမျိုးတွေ ခံစားလာရစေနိုင်ပါတယ်။
၅။ ရင်တုန်ခြင်း
ကဖင်းဓာတ်ဟာ နှလုံးခုန်နှုန်းကို မြန်စေနိုင်သလို ရင်တလှပ်လှပ်ဖြစ်ခြင်း၊ ရင်တုန်ခြင်း စတာတွေလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
၆။ မကြာခဏ ဆီးသွားခြင်း
ကဖင်းဓာတ်ဟာ ကျောက်ကပ်ဆီသွားရာ သွေးကြောတွေကို ကျယ်စေနိုင်ပြီး သွေးစီးဆင်းမှုကိုလည်း များပြားစေတာကြောင့် မကြာခဏဆီးသွားချင်တာမျိုး ခံစားရစေပါတယ်။
၇။ ရေဓာတ်ဆုံးရှုံးခြင်း
ကဖင်းဓာတ်ကြောင့် မကြာခဏဆီးသွားရာမှ ရေဓာတ်ဆုံးရှုံးစေနိုင်သလို ဗီတာမင်နဲ့သတ္တုဓာတ်တွေကိုပါ ဆုံးရှုံးသွားစေနိုင်ပါတယ်။
၈။ အိပ်မပျော်ခြင်း
ညဘက် ကော်ဖီသောက်လို့ အိပ်မပျော်တာမျိုးတွေ ခံစားဖူးကြမယ်ထင်ပါတယ်။ ကဖင်းဓာတ်ဟာ အိပ်ချင်စိတ်ကိုဖြစ်ပေါ်စေတဲ့ Adenosine ကို တားဆီးခြင်းအားဖြင့် အိပ်မပျော်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
ကဖင်းဓာတ်ဟာ ဦးနှောက်ကိုတက်ကြွအောင် လှုံဆော်တာကြောင့် ဒဏ်ဖြစ်ပြီး ခေါင်းကိုက်တာမျိုးတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။
၁၀။ ထင်ယောင်ထင်မှားဖြစ်ခြင်း
ကဖင်းဓာတ်ဟာ Adrenaline ဟော်မုန်းကို မြင့်တက်စေတာကြောင့် တစ်ခါတစ်ရံ ထင်ယောင်ထင်မှားဖြစ်တာတွေ ခံစားရစေနိုင်ပါတယ်။
၁၁။ စွဲလမ်းခြင်း
ကဖင်းဓာတ်ဟာလည်း အရက်ကဲ့သို့ စွဲလမ်းခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ကော်ဖီသောက်မှ အလုပ်လုပ်နိုင်တာ၊ ကော်ဖီသောက်မှ စိတ်ကြည်လင်လန်းဆန်းတာ စတာတွေဟာ ကော်ဖီစွဲလမ်းနေမှုဘဲဖြစ်ပါတယ်။
၁၂။ သွေးတိုးခြင်း
ကော်ဖီအလွန်အကျွံသောက်ခြင်းကြောင့် သွေးတိုးစေနိုင်တယ်ဆိုတာကို လူသိနည်းကြပါတယ်။ ကဖင်းဓာတ်ကြောင့် မြင့်တက်လာတဲ့ Adrenaline ဟော်မုန်းဟာ သွေးတိုးခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
၁၃။ အစာအိမ်အနာဖြစ်စေခြင်း
ကဖင်းဓာတ်ဟာ အစာခြေစနစ်ကို လျင်မြန်စေပါတယ်။ အစာခြေတာမြန်လွန်းတဲ့အခါ အက်စစ်ဓာတ်များတဲ့အစာတွေဟာ အစာအိမ်တစ်လျှောက် လျင်မြန်စွာဖြတ်သန်းရတဲ့အတွက် ဒဏ်ဖြစ်ပြီး အစာအိမ်အနာတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
၁၄။ နှလုံးရပ်ခြင်း
ကော်ဖီအလွန်အကျွံသောက်ခြင်းကြောင့် နှလုံးအားနည်းသူတွေမှာ အခန့်မသင့်ရင် နှလုံးရပ်သွားစေတတ်ပါတယ်။ ကဖင်းဓာတ်က နှလုံးသွေးကြောအဖွဲ့အစည်းကို လှုံ့ဆော်တဲ့အပြင် အလွန်အမင်းသွေးတိုးခြင်းကိုလည်း ဖြစ်ပေါ်စေတာကြောင့် နှလုံးရပ်စေနိုင်ခြင်းဖြစ်ပါတယ်။ ဒီလို နှလုံးရပ်တာမျိုးကတော့ ရာခိုင်နှုန်း အလွန်အမင်းနည်းပါးပါတယ်။
၁၅။ သတိမေ့မျောနိုင်ခြင်း
ကော်ဖီအလွန်အကျွံသောက်တဲ့အခါမှာ ကဖင်းအဆိပ်တက်ခြင်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလို အဆိပ်တက်တဲ့အခါမှာ စိတ်ရှုပ်ထွေးတာ၊ သတိလစ်မေ့မျောတာတွေပါ ဖြစ်ပေါ်လာတတ်ပါတယ်။
အထက်ပါလက္ခဏာတွေဟာ ကော်ဖီအလွန်အကျွံသောက်ခြင်းကြောင့် ခံစားရနိုင်တဲ့ အပျော့စားကနေ အပြင်းဆုံးကျန်းမာရေးပြဿနာအထိ ဖော်ပြထားခြင်းဖြစ်ပါတယ်။ တစ်နေ့ကို ကော်ဖီ ၅ ခွက်ခန့် သောက်မိနေပြီဆိုပါက မိမိကျန်းမာရေးအတွက် တဖြည်းဖြည်းချင်း လျှော့ချနိုင်ဖို့ ကြိုးစားသင့်ပါတယ်။