ကြက်သွန်ဖြူကို မကြာမကြာစားပေးပါက ကိုယ်ခံအားကောင်းကာ ရောဂါပိုးတွေအလွယ်တကူ မဝင်ရောက်နိုင်ခြင်း၊ သွေးတွင်းအဆီဓာတ်များပြီး သွေးတိုးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း၊ သုက်အားကို ပွားစေနိုင်ခြင်း၊ လေသက်ခြင်းလေလည်ခြင်း၊ ခေါင်းအုံခေါင်းကိုက်မဖြစ်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
ကြက်သွန်ဖြူဆိုတာ ကျွန်တော်တို့လိုအာရှနိုင်ငံတွေမှာဆိုရင် ဟင်းလျာချက်ပြုတ်တဲ့အခါ၊ လက်ဖက်သုပ် ချင်းသုပ် စတဲ့အသုပ်တွေသုပ်ရာမှာ မပါမဖြစ်တဲ့ အသုံးများတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ဟင်းအရသာတွေကိုပိုမို ကောင်းမွန်စေနိုင်တာကြောင့် စားသုံးသူတွေအတွက် ထမင်းပိုပြီး မြိန်စေပါတယ်။ ကြက်သွန်ဖြူကို အစိမ်းလိုက် အခွံခွာပြီးလည်း စားကြပါတယ်။
တကယ်တော့ ကြက်သွန်ဖြူဟာ ဟင်းခတ်ပစ္စည်းတမျိုးအနေနဲ့ပဲ အသုံးဝင်တာမဟုတ်ပါဘူး။ ကြက်သွန်ဖြူစားခြင်းဖြင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။ ဒါကြောင့် ဒီတခါကြက်သွန်ဖြူအကြောင်းကို သိသလောက်ရေးသားတင်ပြလိုက်ရပါတယ်။
ကြက်သွန်ဖြူကို အင်္ဂလိပ်လို ဂါးလစ် (Garlic) လို့ခေါ်ပါတယ်။ ကြက်သွန်ဖြူသည် နှင်းပန်းမျိုးရင်း (Liliaceae) ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Allium Sativum Linn ဖြစ်ပါတယ်။ ကြက်သွန်ဖြူကို မြန်မာနိုင်ငံမှာ ကျယ်ပြန့်စွာ စိုက်ပျိုးစားသုံးကြပါတယ်။
ကြက်သွန်ဖြူပင်ဟာ ပင်ပျော့ပင်ငယ်မျိုးဖြစ်ပါတယ်။ ကြက်သွန်ဖြူ အပင်ပုံသဏ္ဍာန်က အရွက်ဟာ ရှည်လျားသေးသွယ်ပြီး ပြားချပ်သော အကြောများ ပြိုင်ထွက်ပါတယ်။ ပန်းခိုင်ရဲ့ထိပ်မှာ ပန်းပွင့်များ စုပေါင်းပွင့်ပါတယ်။ အဖြူရောင် သို့မဟုတ် ပန်းရောင်ပွင့်များ ပွင့်တတ်ပါတယ်။ အပင်ရဲ့ ရိုးတံဟာ ချောမွတ်ပါတယ်။
ပေါက်ရောက်တဲ့ ဒေသမှာ ရှမ်းပြည်နယ်တွင် အများအပြား စိုက်ပျိုးပေါက်ရောက်သည်။အသုံးဝင်တဲ့အစိတ်အပိုင်းမှာ ဥဖြစ်သည်။ ကြက်သွန်ဖြူမှာ အရေးပါတဲ့ ဗီတာမင်ဓာတ်များ၊ အာဟာရဓာတ်များ၊ အင်ဇိုင်းများ၊ အမိုင်နိုအက်ဆစ်၊ Essential oil၊ ဆာလဖာပါတဲ့ ဓာတ်အုပ်စုများ ပါဝင်ပါတယ်။
ဒါ့ပြင် ကြက်သွန်ဖြူဟာ ဗက်တီးရီးယားနဲ့ မှိုကို နိုင်စေတဲ့သတ္တိ (Antibacterial and Antifungal Property)၊ သွေးတွင်းအဆီကျစေသောသတ္တိ(Anti Hyperlipidemic property)နဲ့ သွေးတွင်းကိုလက်စထရော ကိုကျစေတဲ့ သတ္တိ (Hypocholestrolaemic property)၊ လေထိုးလေအောင့်ကို သက်သာစေတဲ့ အစွမ်းသတ္တိ၊ သွေးဖိအားကို ကျစေတဲ့အစွမ်းသတ္တိ၊ သုက်အားကို ပွားစေနိုင်တဲ့ အစွမ်းသတ္တိစတဲ့ အစွမ်းသတ္တိများစွာရှိပါတယ်။
ဒါကြောင့် ကြက်သွန်ဖြူကို မကြာမကြာစားပေးပါက ကိုယ်ခံအားကောင်းကာ ရောဂါပိုးတွေအလွယ်တကူ မဝင်ရောက်နိုင်ခြင်း၊ သွေးတွင်းအဆီဓာတ်များပြီး သွေးတိုးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း၊ သုက်အားကို ပွားစေနိုင်ခြင်း၊ လေသက်ခြင်းလေလည်ခြင်း၊ ခေါင်းအုံခေါင်းကိုက်မဖြစ်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
ဒါပေမဲ့ အစာအိမ်ရောဂါရှိတဲ့သူတွေ၊ သွေးဖိအားကျတတ်တဲ့သူတွေ၊ ရောဂါအခံ တစ်ခုခုရှိလို့ဆေးအမျိုးမျိုး စွဲသောက်နေရတဲ့သူတွေဆိုရင်တော့ ကြက်သွန်ဖြူကို အများကြီးစားတာ၊ အစိမ်းစားတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။
Author : Dr. 528