အစာကိုကောင်းစွာ မျိုမချနိုင်ခြင်းသည် ပါးစပ်ထဲမှာ အစားအသောက်များကို အစာအိမ်ထဲသို့ ရောက်ရှိရန် ခက်ခဲခြင်း (သို့မဟုတ်) အချိန်ကြာခြင်းကို ခေါ်ဆိုပါသည်။ အစာမျိုရ ခက်ခဲခြင်းသည် အစာမျိုလိုက်သောအခါ နာကျင်ခြင်း( သို့မဟုတ်) အစာကို လုံး၀ မမျိုနိုင်ခြင်းများ ဖြစ်တတ်ပါသည်။ အစားသောက်ကို ခပ်မြန်မြန်စားသောက်ခြင်းနှင့် ကြေညက်စွာ မဝါးခြင်းတို့ကြောင်လည်း အစာမျိုရခက်တတ်ပါသည်။ အစာကို ကောင်းစွာ မျိုမချခြင်းသည် ခေတ္တခဏသာ ဖြစ်ခြင်းမှာ အရေးမကြီးသော်လည်း အချိန်ကြာရှည်စွာနှင့် အစာမျိုချရ ခက်ခဲနေပါက ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။ ထို့ကြောင့် အစာကို ကောင်းစွာ မျိုမချနိုင်းခြင်းကို မပေါ့ဆသင့်ပါ။
(၁) အစာမျိုရခက်ခဲခြင်းဖြစ်နိုင်သော အချက်များ၏
ကလေးများတွင် အချိန်မတိုင်ခင် မွေးဖွားခြင်း (လမစေ့ မွေးဖွားခြင်း) ကြောင့် အစာအိမ်နှင့် အူလမ်းကြောင်း အပါအဝင် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများဖြစ်ပြီး အစာမျိုရခက်ခဲတတ်ပါသည်။
အသက်ကြီးလာသောအခါတွင်လည်း အစာရေမျိုပြွန် (ESOPHAGUS) ကောင်းစွာမလုပ်နိုင်ခြင်းကြောင့် အစာမျိုရ ခက်ခဲတတ်ပါသည်။ အာရုံကြောစနစ်ဆိုင်ရာ ပြဿနာများကြောင့် အစာမျိုရ ခက်ခဲတတ်ပါသည်။
(၂) ရောဂါ လက္ခဏာများ
ကလေးငယ်များတွင် အစာမျိုရခက်ခဲသော လက္ခဏာများ ရှိတတ်ပါသည်။ နို့တိုက်ရခက်ခဲခြင်း၊ အစားအသောက်ငြင်းဆိုခြင်း၊ ပါးစပ်ထဲမှ အစာနှင့် ရေများစိမ့်ထွက်လာခြင်း၊ အစာအသောက်ပေါ်တွင် စိတ်ဝင်စားမှု မရှိခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ အစာစားချိန်သည် မိနစ် ၃၀ နှင့် အထက်ကြာခြင်း၊ အစားအသောက်စားနေစဉ် ချောက်းဆိုးခြင်း၊ ဆို့နင့်ခြင်း၊အန်ချခြင်း၊ ကြီးထွားနှုန်းနှေးခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်းတို့ ဖြစ်ပါသည်။
လူကြီးများတွင် အစားအစာ မျိုချရခက်ခဲသော လက္ခဏာများမှာ အစားအစာမျိုချသောအခါတွင် နာကြင်ခြင်း၊ အစားအသောက်ကို မမျိုချနိုင်ခြင်း၊ လည်ချောင်းဆီသို့ အစာအိမ်မှ အစာချေရည် (ဟိုက်ဒရိုကလိုရစအက်ဆစ်ပျော့) နှင့် အစားအစာ ပြန်ဆန်တက်ခြင်း၊ အစားအသောက် မျိုချသောအခါ သီးခြင်း၊ သွားရည်ကျခြင်း၊ အစာပြန်အန်ထွက်ခြင်း၊ အသံပြာခြင်း၊ မကြာခဏရင်ပူခြင်း၊ လည်းချောင်း ရင်ဘတ် စသော နေရာများတွင် အစာနင်သော ခံစားမှုရရှိခြင်း၊ ချောင်းဆိုးခြင်းနှင့် ရုတ်တရက် ကိုယ်အလေးချိန် လျော့ကျခြင်းတို့ ဖြစ်ပါသည်။
(၃) နောက်ဆက်တွဲ ပြဿနာများ
အစာမျိုချရ ခက်ခဲခြင်း၊ အချိန်ကြာမြင့်လာသည်နှင့်အမျှ အသက်ရှူလမ်းကြောင်းရောဂါများ၊ ရေဓာတ်ခန်းခြောက်ခြင်းနှင့် အဟာရချို့တဲ့ခြင်း စသည့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်တတ်ပါသည်။
အစားအစာနှင့် ရေများသည် အသက်ရှူလမ်းကြောင်းထဲသို့ ဝင်ရောက်သွားခြင်းကြောင့် နမိုးနီးယားရောဂါနှင့် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ခြင်းစသည်တို့ ဖြစ်တတ်ပါသသည်။ အစာမျိုရခက်ခဲခြင်းကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အစာရေစာများ မရခြင်းကြောင့် အာဟာရချို့တဲ့ခြင်းနှင့် ရေဓာတ်ခြောက်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။
အစာကို ခက်ခဲစွာ မျိုချခြင်းကြောင့် အစာရေမျိုပြွန် ကင်ဆာကဲ့သို့သော ပြင်းထန်သည့် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်တတ်ပါသည်။
(၄) ကုသခြင်း
အစာစားရင်း အသက်ရှူရ ခက်ခဲခြင်းနှင့် အစာရေမျိုပြွန်ကင်ဆာများ ဖြစ်ပေါ်ပါက မပေါ့ဆသင့်ပါ။ ဆရာဝန်ထံ ချက်ခြင်းပြသပြီး ထိရောက်စွာ ကုသမှုခံယူရပါမည်။
(၅) အကြံပြုချက်
အစာကို ကောင်းစွာ မျိုချနိုင်ရန် ဖြေးဖြေးစားသောက်ရပါမည်။ အစာမျိုရခက်ခဲခြင်း၊ လက္ခဏာများ ရှိလာပါက မပေါ့ဆဘဲ အစာအိမ်၊ အူလမ်းကြောင်း ဆရာဝန်များ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်များကို ပြသရပါမည်။ ကလေးများတွင် ဖြစ်ပါက ကလေးအထူးကု ဆရာဝန်များထံ ပြသသင့်ကြောင်း အကြံပြုအပ်ပါသည်။
Author – ဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး) (Healthcare)