မိမိတို့အနေဖြင့် ဆေးခန်းမှပြန်လာပြီးနောက် ဆရာဝန်ပေးသောဆေးများကို အစာစားပြီးသောက်သင့်သလား? အစာမစားခင် သောက်ရမလား ဟူသောကိစ္စရပ်သည် အထူးခေါင်းရှုပ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ဆေးဆိုင်မှ စပ်ဆေးများ အလွယ်တကူ ဝယ်သောက်သူများအတွက် ပိုဆိုးပါတယ်။
အဆိုပါမေးခွန်းသည် အလွယ်တကူ ဖြေမရသော မေးခွန်းဖြစ်ပါတယ်။ ကျွန်မတို့လူမျိုးများတွင် အစွဲတစ်ခုရှိပါတယ်။ ဆေးသောက်လျှင် အစာရှိမှသောက်ရန် မဟုတ်ပါက ဆေးဒဏ်မခံနိုင်ပါ ဟူသောအယူဆကို တရားသေ ကိုင်စွဲတတ်ပါတယ်။
အဆိုပါအယူအဆသည် အချို့ဆေးများအတွက် အလွန်မှားသော ကိစ္စတစ်ရပ်ပင် ဖြစ်ပါတယ်။ အချို့ဆေးများသည် အစာအိမ်အတွင်းအစာမရှိရန် လိုအပ်ပြီး မစားခင် တစ်နာရီအလိုနှင့် စားပြီး၂နာရီနောက်ပိုင်းမှ သောက်ရန် လိုအပ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ကိုယ်စားသော အစာနှင့်စားသောအချိန်သည် ဆေးရဲ့အာနိသင်အပေါ် သက်ရောက်မှု ရှိပါတယ်။ ဥပမာ အစာစားပြီး ဆေးသောက်လျှင် မိမိစားသော အစာသည် ဆေးရဲ့အစာအိမ်မှ စုပ်ယူမှုနဲ့ အူလမ်းကြောင်း စုပ်ယူမှုကို နှောက်ယှက်သောကြောင့် ဆေးအာနိသင် ထိရောက်မှု လျော့နည်းပါတယ်။ ဆေးစုပ်ယူပြီး လျော့နည်းပါတယ်။
သို့သော် အချို့ဆေးများကတော့ အစာစားပြီးမှ သောက်ရန် လိုအပ်ပါတယ်။ ဥပမာ aspirin ကဲ့သို့အကိုက်အခဲပျောက်ဆေးများသည် အစာရှိရန် လိုအပ်ပါတယ်။ အဆိုပါ ဆေးများသည်အစာအိမ်ရောင်ရမ်းခြင်း၊ သွေးထွက်ခြင်းတို့ ဖြစ်စေနိုင်သောကြောင့် အစာချက်ချင်း စားရန် လိုအပ်ပါတယ် ။
အချို့ဆေးများသည် အစာနဲ့ဓာတ်ပြုကာ ဆေးရဲ့လုပ်ဆောင်မှု အကျိုးကို ရပ်တန့်နိုင်ပါတယ်။ ထို့ကြောင့် ဆေးများကို အလွယ်တကူ မိမိသဘောနဲ့ မသောက်သုံးသင့်ပါ။ ဆေးဆိုင်က စပ်ဆေးများသည်လည်း အားလုံးရောထွေး သောက်သုံးကြသောကြောင့် ဆိုးကျိုးအလွန်များပါတယ်။
ထို့ကြောင့်ဆေးမသောက်သုံးမှီ
– ဆေးတွင်ပါသော စာများကိုဖတ်ပါ။ ဆရာဝန်၊ ဆရာမကို နားမလည်လျှင် မေးပါ။
– စပ်ဆေးနှင် ဆေးမြီတိုများမသောက်သင့်ပါ။
– ရေတခွက်အပြည့်နှင့် ဆေးကိုသောက်ပါ။
– အချို့ဆေးမှလွဲ၍ ဆေးကိုကြိတ်ခြင်း၊ အစာနဲ့ရေတိုက်ခြင်း မပြုလုပ်သင့်ပါ။
– အားဆေးကဲ့သို့ဆေးများနှင့် အခြားဆေးများ တွဲမသောက်သင့်ပါ။
– အရက်နဲ့ဆေး လုံးဝတွဲမသောက်သင့်ပါ။
Author : Dr. ပြည့်ရှင်း