မုန်လာဥနီမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဝမ်းချုပ်ခြင်းကိုမဖြစ်စေဘဲ ဝမ်းမှန်စေပါတယ်။ ဒါကြောင့်အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။
မုန်လာဥနီကို ခါကြက်ဥလို့လည်း ခေါ်ကြပါတယ်။ အင်္ဂလိပ်လိုတော့ Carrot လို့ခေါ်ပါတယ်။
မုန်လာဥနီဟာ လူကိုကောင်းကျိုးများစွာပေးနိုင်တဲ့ ဟင်းသီးဟင်းရွက် အမျိုးအစားထဲက တမျိုးဖြစ်ပါတယ်။ သူ့အရောင်က အနီရောင်ဖြစ်ပြီး အရသာမှာ ချိုပါတယ်။
မုန်လာဥနီကို ငပိရည်နဲ့ တို့စားတာ၊ ပါးပါးလှီးပြီး၊ ဒါမှမဟုတ် အတုံးလေးတွေတုံးပြီး အသားနဲ့ကြော်စားတာ၊ တခြားအသီးအရွက်နဲ့ ကြော်စားတာ၊ ဟင်းချိုချက်သောက်တာ၊ ရေညှိထမင်းလိပ်ထဲထည့်တာ၊ သုပ်စားတာ၊ နောက်ဆုံးဖျော်ရည်လုပ် သောက်တာအထိ အမျိုးမျိုးလုပ်စားကြပါတယ်။ ကျန်းမာရေးနဲ့ ညီတဲ့ ဖျော်ရည်လုပ်သောက်တဲ့အခါမှာတော့ သကြားအစား သကြားအစားထိုး ထုတ်ကုန်တစ်ခုခုကို ရွေးချယ်အသုံးပြုသင့်ပါတယ်။
မုန်လာဥနီက ဈေးလည်းသိပ်မကြီးတဲ့အတွက် အခြေခံလူတန်းစားကအစ စားသုံးနိုင်ပါတယ်။ မုန်လာဥနီသည် မူလသဘာ၀အမြှေးပါးခွံဖြင့် ဖုံးအုပ်ထားသောကြောင့် သူ့ကိုစားမည်ဆိုပါက ရေသေချာဆေးပြီး အမြှေးပါးခွံကိုခွာရပါမယ်။
မုန်လာဥနီမှာ ကာဘိုဟိုက်ဒရိတ်၊ ဆယ်လူလို့စ်၊ ဗီတာမင်အေ၊ ဘီ၊ စီ၊ ကယ်လ်ဆီယံဓါတ်၊ သံဓာတ်၊ ဘီတာကယ်ရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါပါတယ်။ မုန်လာဥနီမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဝမ်းချုပ်ခြင်းကိုမဖြစ်စေဘဲ ဝမ်းမှန်စေပါတယ်။ ဒါကြောင့်အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။
သုတေသနတွေအရ မုန်လာဥနီကို မကြာခဏ ပုံမှန်စားသုံးပါက သွေးတွင်းက မကောင်းတဲ့အဆီဓာတ် (ကိုလက်စထရော)ကို လျော့နည်းလာစေနိုင်ပါတယ်။ ဒါကြောင့် အဆီများပြီး နှလုံးသွေးကြောကျဉ်းတာ၊ အသည်းအဆီဖုံးတာတွေ ဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။ သွေးတိုးရောဂါရှိတဲ့သူတွေ၊ သွေးအားနည်း ရောဂါရှိတဲ့သူတွေဆို ပိုပြီးစားသုံးသင့်ပါတယ်။
နောက်ပြီး မုန်လာဥနီမှာ ကြွယ်ဝစွာပါတဲ့ ဘီတာကယ်ရိုတင်းဓာတ်ဟာ မျက်စိအမြင်အာရုံကြည်လင်ဖို့အတွက် များစွာအထောက်ကူပြုပါတယ်။ ကြက်မျက်သင့်ရောဂါ ခံစားနေရသူတွေ၊ ကွန်ပြူတာနဲ့ အလုပ်လုပ်နေရတဲ့သူတွေဆိုရင် မုန်လာဥနီ များများစားပေးသင့်ပါတယ်။ ဗီတာမင်စီလည်းကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားကို ကောင်းစေပြီး အအေးမိတာ၊ ရောဂါပိုးဝင်ရောက်တာတွေ အလွယ်တကူမဖြစ်အောင် ကာကွယ်ပေးပါတယ်။