သလဲသီးအကြောင်းသိကောင်းစရာ
သလဲသီးကို အင်္ဂလိပ်လို Pomegranate လို့ခေါ်ပါတယ်။ ရုက္ခဗေဒအမည်ကတော့ Punica granatum Linn ပါ။ သလဲသီးဟာ အများအားဖြင့် လုံးဝန်းပြီး မှည့်ရင် အနီရောင် ရှိပါတယ်။ မမှည့်သေးခင်ဆိုရင် အဝါရောင်နုရှိတတ်ပါတယ်။
သလဲပင်ဟာ ချုံပင်လတ်အမျိုးအစားဖြစ်ပါတယ်။ ပင်စည်ဟာ ကိုင်းဖြာမှုရှိပြီး သေးငယ်သော ဆူးများလည်း ရှိပါတယ်။ လွန်းပုံသဏ္ဍာန် အရွက်များရှိပါတယ်။ ရွက်ထိပ်ချွန်ပြီး ရွက်နားညီပါတယ်။ အနီရောင်ပန်းပွင့်များ ပွင့်ပါတယ်။
သလဲသီးကို အခွံခွာလိုက်ပါက အထဲမှာ အစေ့ကိုမြင်ရသော အရည်ကြည်အသီးပိစိ လေးတွေအများကြီးရှိပါတယ်။ သလဲသီးကိုစားပါက ထိုအသီးပိစိလေးတွေကို ပါးစပ်ထဲထည့်ဝါးကာ သူတို့မှာပါသော အစေ့များကို ပြန်ထွေးထုတ်ရပါတယ်။
ဖျော်ရည်လိုဖျော်သောက်မယ်ဆိုရင်တော့ သလဲသီးကို အပေါ်အခွံကို ခွါချပြီး အထဲမှ အရေကြည်အစေ့လေးများကို ချွေထားပါ။ ၎င်းသလဲသီးများကို ဇွန်းဖြင့် ဖိချပြီး အရည်ညှစ်ယူ၍ အစေ့ဖယ်ထုတ်ပါ။
သလဲသီးမှာ Pelletirine, Isopelletienine, methylpelletienine, punicalin, polyphenol, flavonoids အစရှိတဲ့ အန်တီအောက်ဆီးဒန့် ခေါ် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများစွာ ပါပါတယ်။ ဗီတာမင်ဘီ၊စီ၊အီး၊ကေ နဲ့ သံဓါတ်၊ပိုတက်ဆီယမ် ဓါတ်စတဲ့ ဗီတာမင်နဲ့သတ္ထုဓါတ်များစွာလည်း ပါပါသေးတယ်။
ဒါ့အပြင် အမျှင်ဓါတ်၊ရေဓါတ်နဲ့ ကျန်းမာရေးကိုအကျိုးပြု အထောက်ကူပေးတဲ့ ဒြပ်ပေါင်းများ များစွာပါပါတယ်။ သလဲသီးကို စားခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
၁။ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ခြင်း
သလဲသီးမှာ အန်တီအောက်ဆီးဒန့် ခေါ် ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေများစွာပါပါတယ်။ ထိုအထဲကမှ Polyphenol က သွေးကြောမှတစ်ဆင့် ကင်ဆာဆဲလ်တွေဆီ ထောက်ပံ့နေတဲ့ အာဟာရဓာတ်တွေကို ဖြတ်တောက်ခြင်းအားဖြင့် ကင်ဆာဆဲလ်တွေပွားများမှု ပျံ့နှံ့မှုကို လျှော့ချပေးပါတယ်။
သလဲသီးမှာ ရောင်ရမ်းမှုကို သက်သာစေတဲ့အာနိသင် Antiinflammatory action ပါရှိလို့
အကြိတ်တွေ ကြီးထွားနှုန်းနဲ့ နာတာရှည်ရောဂါအများစုကို ကာကွယ်တားဆီးပေးပါတယ်။
၂။ဝမ်းမှန်စေခြင်း
သလဲသီးဟာ အမျှင်ဓါတ်ပါဝင်မှုလည်း များတာကြောင့် ဝမ်းချုပ်ခြင်းကိုကင်းစေပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကိုပါ လျှော့ချပေးပါတယ်။
၃။အရွယ်တင်နုပျိုစေခြင်း
လူတွေ ဟာ ဘာကြောင့် အိုလာရသလဲဆိုတာကို ဆရာဝန်တွေ သုတေသန လုပ်ရှာဖွေလာခဲ့ကြတာ ၁၉၅၀ ခုနှစ်မှာတော့ ဒေါက်တာDenham Harman က အကြောင်းရင်း ကို ရှာတွေ့ခဲ့ပါတယ်။ အိုမင်း ရင့်ရော်ခြင်းရဲ့ တရားခံ ကတော့ free radical (ဖရီးရယ်ဒီကယ်) ဖြစ်ပါတယ်။
ဖရီးရက်ဒီကယ်တွေက ဘယ်ကနေဖြစ်လာတာလဲ။
သူတို့က ဇီဝဖြစ်ပျက်မှုဖြစ်စဉ် (Metabolism)ရဲ့ ဘေးထွက်ပစ္စည်း အနေနဲ့ဖြစ်လာကြတယ်။ဥပမာ ဆဲလ်တွေအသက်ရှူခြင်းဖြစ်စဉ်၊ အစာချေဖျက်ခြင်းဖြစ်စဉ်၊ အသည်းက စားသမျှအစားသောက်တွေကို အဆိပ်ဖယ်ရှားပေးတဲ့ဖြစ်စဉ် စတဲ့ ဇီဝဖြစ်ပျက်မှုဖြစ်စဉ်တွေရဲ့ဘေးထွက်ပစ္စည်းအနေနဲ့ ဖြစ်ပေါ်လာကြတယ်။
ခန္ဓာကိုယ်ထဲပိုးဝင်တာ ခန္ဓာကိုယ်တနေရာရာမှာ ရောင်ရမ်းနေတာ စိတ်ဖိစီးမှုများတာ စတဲ့အခြေအနေတွေမှာလည်း ဖရီးရက်ဒီကယ်တွေ ဖြစ်လာတတ်ပါတယ်။ လေထုညစ်ညမ်းတာ ဆေးလိပ်သောက်တာ အရက်သောက်တာ စိတ်ရောကိုယ်ပါ အလွန်အကျွံ ပင်ပန်းမှုတွေများတာ ခရမ်းလွန်ရောင်ခြည်နဲ့ အထိများတာ ဓါတ်ရောင်ခြည်တခုခုနဲ့အထိများတာ ကင်ဆာဆေးတွေ သောက်နေရတာ ဓါတုပစ္စည်းတွေပါတဲ့ အစားသောက်တွေအစားများတာ စတဲ့အခြေအနေများကလည်း ခန္ဓာကိုယ်ထဲတွင် ဖရီးရက်ဒီကယ်များကိုဖြစ်ပေါ်လာစေပါတယ်။
သလဲသီးကို ပုံမှန်စားရင် စိတ်ဖိစီးမှုများတဲ့အခါ ထွက်တတ်တဲ့ ခန္ဓာကိုယ်အတွက်ကောင်းကျိုးမပေးတဲ့ ကော်တီဇော ဆိုတဲ့ဟော်မုန်းပမာဏကို နည်းပါးစေပါတယ်။ ဒါ့အပြင် သလဲသီးမှာ အန်တီအောက်ဆီးဒန့် ခေါ် ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါပါတယ်။ ထိုဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဖရီးရက်ဒီကယ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
၄။သွေးကြောကျဉ်းရောဂါနဲ့နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း
သွေးတွင်းအဆီများပြီး ကြာလာတဲ့အခါမှာ အဆီတွေက သွေးကြောနံရံတွေမှာ ကပ်ကာ သွေးကြောကျဉ်းလာပါတယ်။ ထိုအခါမှာ သွေးတိုးတာ၊ နှလုံးရောဂါဖြစ်တာ၊ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်တာ စသဖြင့် ဖြစ်လာပါတယ်။ သလဲသီးမှာ သွေးတွင်းအဆီဓါတ်ကိုကျဆင်းစေတဲ့ အာနိသင်ရှိတာကြောင့် သွေးတွင်းထဲက မကောင်းတဲ့အဆီတွေကို ဖယ်ရှားပြစ်ကာ သွေးကြောကျဉ်းရောဂါနဲ့ နှလုံးရောဂါတွေ ဖြစ်ပွားမှုကိုပါ လျော့နည်းစေပါတယ်။
၅။ကိုယ်ခံအားကိုမြင့်မားစေပြီး ရောဂါပိုးတွေအလွယ်တကူမဝင်နိုင်ခြင်း
သလဲသီးမှာ ဗီတာမင်စီ မြင့်မားစွာပါတာကြောင့် ကိုယ်ခံအားကို မြင့်မားစေကာ အအေးမိ၊နှာစေး၊ဖျားနာတာတွေ အလွယ်တကူဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
ဒီငါးချက်အပြင်ကို သလဲသီးမှာ ဝမ်းကိုက်ရောဂါနဲ့ ဝမ်းလျှောရောဂါကိုဖြစ်စေသော ပိုးများကိုပါ သေစေနိုင်တဲ့ အာနိသင်ရှိပြီး သန်ကျစေတဲ့ အာနိသင်ပါရှိပါတယ်။ သလဲသီးကို ဆီးချိုရောဂါရှိသူများပါ စားသုံးနိုင်ပါတယ်။
Dr 528