အစားသောက်နဲ့ဆိုးဆေးအန္တရာယ်
အခုခေတ်မှာ အစားသောက်တွေကို တာရှည်ခံအောင်၊ အရောင်လှအောင်ဆိုပြီး ထုတ်လုပ်ရောင်းချသူတွေက Food additives လို့ခေါ်တဲ့ အပိုဆောင်းပစ္စည်းတွေ ထည့်လာကြပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် အရောင်လှအောင်ဆိုပြီး အစားသောက်ထဲဆိုးဆေးတွေရောနှောတဲ့ ကိစ္စတွေဟာ ပေါ့သေးသေးပြသာနာမဟုတ်ဘဲ သတိပြုရမယ့်အနေထားကို ရောက်ရှိနေပါပြီ။ ဆေးကလဲ ရရာဆိုးဆေး(Dyes)တွေကို သုံးကြတာ ပိုကြောက်စရာကောင်းပါတယ်။ အဲ့ဒါတွေက ကင်ဆာအားပေးပစ္စည်းတွေပါ။ စားတာကြာလာတာနဲ့အမျှ ကင်ဆာဖြစ်နိုင်ခြေ များလာပါတယ်။
ဆိုးဆေးအများစုကို လက်ဖက်၊ ဂျင်း၊ အချဉ်ပေါင်း၊ ရေခဲချောင်း၊ ရေခဲထုပ်၊ သကြားလုံး၊ ငရုတ်ဆီ၊ ငရုတ်သီးမှုန့်၊ အချိုရည်အမျိုးမျိုး၊ သစ်သီးယိုအမျိုးမျိုး၊ ဂျယ်လီ၊ ဝက်အူချောင်း၊ ကြက်အူချောင်း စတဲ့ အစားများလေ့ရှိတဲ့ အစားသောက်တွေထဲမှာ တွေ့ရလေ့ရှိပြီး တွေ့ရတဲ့ဆိုးဆေးအများစုကလည်း မြန်မာနိုင်ငံအစားသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနက ခွင့်မပြုထားတဲ့ ဆိုးဆေးတွေ ဖြစ်ပါတယ်။
လူစားများသည့် အစားသောက်တွေထဲမှာ အများဆုံးတွေ့ရတဲ့ခွင့်မပြုထားသောဆိုးဆေးတွေကတော့
(၁) Auramine O အဝါရောင်
(၂) Rhodamine B အနီရောင်
(၃) Sudan dyes လိမ္မော်ရောင် ဆိုးဆေးတွေပဲဖြစ်ပါတယ်။
Auramine O
ချည်ထည်၊ ပိုးထည်များကို အရောင်ဆိုးရာတွင် သုံးသောဆိုးဆေး ဖြစ်သည်။ ထိုဆိုးဆေးကို လက်ဖက်တွင် အများဆုံးထည့်သုံးနေကြောင်း စစ်ဆေးချက်တွေအရ သိရသည်။ ထိုဆိုးဆေးမှာ ချက်ချင်းလက်ငင်းဆိုးကျိုးဖြစ်စေတဲ့ အာနိသင်မရှိသော်လည်း ရေရှည်စားသုံးမိပါကခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားတဲ့ ဖြစ်စဉ်ကို ထိခိုက်စေခြင်း၊ အသည်းနဲ့ကျောက်ကပ်များ ပျက်စီးစေခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
Rhodamine B
ချည်ထည်နဲ့ ပိုးထည်များကို အရောင်ဆိုးရာတွင် သုံးသောဆိုးဆေးပဲ ဖြစ်သည်။ ထိုဆိုးဆေးကို ငါးပိ၊ ငါးပိထောင်းများတွင်ပါ အသုံးပြုကြသည်ကို စစ်ဆေးတွေ့ရှိရပြီး အညိုရောင်ငါးပိကို ပန်းရောင်အဖြစ် အမြင်လှစေရန်အလို့ငှာ ဆိုးကြသည်။ သည်ဆိုးဆေးကြောင့် အစာအိမ်အူလမ်းကြောင်းရောင်ရမ်းတာ၊ ပျို့တာ၊ အန်တာ၊ လေးလံထိုင်းမှိုင်းတာ စတဲ့ လတ်တလောဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။
Sudan Dyes
သားရေများကို အရောင်ဆိုးရာတွင် သုံးသည့်ဆိုးဆေးဖြစ်သည်။ သည်ဆိုးဆေးကိုတော့ ငရုတ်သီးမှုန့်များ၊ အရောင်တင်မှုန့်များတွင် စစ်ဆေးတွေ့ရှိရလေ့ရှိသည်။ အသည်းကို အဆိပ်တောက်ဖြစ်စေကာ ကျောက်ကပ်ကို ပျက်စီးစေနိုင်သည်။
အဆုံးသတ်အနေနဲ့ပြောရရင် ခွင့်ပြုချက်မရှိသော အစားသောက်များတွင် သုံးရသည့်ဆိုးဆေးမဟုတ်သော ဆိုးဆေးများပါသည့် အစားသောက်များကို ရေရှည်စားမိပါက ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာရောဂါများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ဆီးနဲ့ကျောက်ကပ်ဆိုင်ရာ ရောဂါများ၊ကင်ဆာရောဂါများကို ဖြစ်စေနိုင်သည့်အတွက် စားသုံးသူများအနေဖြင့် အရောင်လှတိုင်း တာရှည်ခံတယ်ဆိုတိုင်း အရမ်းမဝယ်စားပါနဲ့လို့ အကြံပြုလိုက်ရပါတယ်။
Dr 528