နှစ်စဉ်အောက်တိုဘာ (၅) ရက်နေ့ဟာ ကမ္ဘာ့ဆရာများနေ့ဖြစ်တယ်။ ဆရာ၊ ဆရာမတို့အပေါ်ဂုဏ်ပြုချင်တဲ့ ရည် ရွယ်ချက်ရှိသူများစုပေါင်းကာ (၁၉၉၄)ခုနှစ်အောက်တိုဘာ (၅)ရက်နေ့က စတင်ကာ နှစ်စဉ်ကျင်းပလာခဲ့တာ (၂၃)နှစ်ရှိလာပါပြီ။ မြန်မာမှုနယ်ပယ်မှာ ဆရာများကိုအနန္တဂိုဏ်းဝင် ကျေးဇူးရှင်များထဲမှာထည့်ထားပြီး အနန္တငါး ပါးကိုနေ့စဉ်ဦးချကန်တော့လေ့ရှိတဲ့ ချစ်စဖွယ်ယဉ်ကျေးမှုက အရိုးစွဲခိုင်မာလျက်ရှိပါသည်။
ခေတ်ရေစီးကြောင်းအရ ဆရာတပည့်ဆက်ဆံရေးဟာ အနည်းငယ်ပြောင်းလဲလာပါတယ်။ ယခင်က ကျောင်း သားမိဘတွေက “ဆရာရေ၊ ဆရာ့တပည့်တွေကို မလိမ္မာရင်ရိုက်သာရိုက်ပါ။ စိတ်မဆိုးဘူး” ပြောခဲ့အပ်နှံခဲ့ပြီး။ ယနေ့မှာရိုက်ဆုံးမတဲ့ဆက်ဆံရေး ပြောင်းသွားတယ်။ မိဘတွေကိုယ်တိုင်က ဆရာကိုမလေးစားသလို ဆရာကို လည်းတပည့်က မလေးစားတာဖြစ်လာတယ်။ ဖေ့ဘွတ်ခေတ်၊ အင်တာနက်ခေတ်များ ထစ်ခနဲရှိ ဖေ့ဘွတ်တင် တတ်တော့ ဖေ့ဘွတ်ထဲမပါရအောင် ဆရာ၊ ဆရာမတွေခဗျာမနည်းရှောင်နေရတယ်။ “ကျူရှင်၊ ဂိုက်” စနစ်က ဖျက်ဆီးလာတာပဲဖြစ်တယ်။ ငွေပေးရင် အိမ်ခေါ်သင်လို့ရတယ်ဆိုတဲ့ အသိ၊ စာမေးပွဲကို အအောင်ပေးရမယ်ဆို တဲ့အသိဟာ မိဘနဲ့ကျောင်းသားတွေမှာ စွဲမြဲနေတယ်။ ကျောင်းသားစာဖတ်အောင် မနည်းစည်းရုံးလာနေရ တယ်။
ဆရာကျင့်ဝတ်ဖြစ်တဲ့ “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့ ဆရာတို့ ကျင့်ဝတ်ငါးဖြာ” နဲ့အညီ ဆရာ့ဖက်က မယုတ်လျော့ခဲ့ဘဲ ကျောင်းသားများကို အယုတ်၊ အလတ်၊ အမြတ်မရွေး အတတ်လည်းသင်ပေးတယ်။ ယဉ်ကျေးလိမ္မာလာအောင်၊ လူတော်လူကောင်းများဖြစ်အောင် ပဲ့ပြင်ပေးတယ်။ သူတို့မှာ တတ်ထားတဲ့အတတ်ပညာကို “ဆရာစားမချန်” သင်ပေးတယ်။ ယဉ်ကျေးလိမ္မာအောင် ဆုံးမပဲ့ပြင်ပေး တယ်။ အန္တရာယ်တွေမကျရောက်အောင် တားဆီးကာကွယ်ပေးတယ်။ သင့်တော်ရာလုပ်တတ်ကြဖို့ တိုက်တွန်း ပေးတယ်။ “ဆရာဆိုတာ တပည့်မရှား၊ တစ်ပြားမရှိ၊ ပီတိကိုစား၊ အားရှိပါ၏” ဆိုသလို တပည့်သားမြေးမရှားပေ မယ့် ဝင်ငွေတော့ရှားပါတယ်။ ဝင်ငွေနဲ့လုံလောက်အောင်မနည်း ရုန်းကန်ခဲ့ကြရပါတယ်။
နိုင်ငံတစ်ခုရဲ့ဖွံ့ဖြိုးမှုဖြစ်စဉ်မှာ ပညာသည်သာပဓာန၊ ပညာသည်သာအဓိကဖြစ်တယ်။ ပညာသည်သာ ဖွံ့ဖြိုး တိုးတက်လာမှု အလုံးစုံရဲ့ရင်းမြစ်ဖြစ်တယ်။ အသိပညာကိုဆောင်ကြဉ်ပေးတဲ့ ဝိဇ္ဇာပညာရပ်ဖြစ်စေ၊ အတတ်ပ ညာဆောင်ကြဉ်းပေးတဲ့ သိပ္ပံပညာရပ်ဖြစ်စေ၊ အသက်မွေးဝမ်းကျောင်းနဲ့ဆိုင်တဲ့ အသက်မွေးဝမ်းကျောင်းပညာ ပဲဖြစ်စေ ဆရာလိုအပ်ပါတယ်။ မျိုးဆက်သစ်လူငယ်တွေ အနာဂတ်ကိုဦးဆောင်ဦးရွက်ပြုဖို့၊ တိုင်းပြည်နဲ့လူမျိုးအ ပေါ်သစ္စာစောင့်ထိန်းဖို့ ဆရာတွေက ပုံဖော်ပေးနိုင်စွမ်းရှိတယ်။ မျိုးချစ်စိတ်ရှိခြင်း၊ ဘာသာရပ်အပေါ် ကျွမ်းကျင် ခြင်း၊ သင်ကြားနည်းပိုင်နိုင်ခြင်း၊ အစဉ်ဉာဏ်ရည်သွေးခြင်း၊ ဆရာစိတ်ရှိခြင်း စတဲ့အချက်များနဲ့ စေတနာ၊ အကြင်နာ၊ စာနာ၊ ဂရုဏာ၊ ဝါသနာ၊ စံနမူနာ၊ အနစ်နာ၊ နာ(၇)နာနဲ့ ပြည့်စုံတဲ့ ဆရာများရဲ့ကျေးဇူးကား ဆပ်လို့ မကုန်နိုင်ပါဘူး။
ဆရာ၊ ဆရာမများဟာ လုပ်သက်တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးလို့ တပည့်ဟောင်းတွေနေရာ တပည့်သစ်တွေအ စားထိုးရင်း အသက်အရွယ်တွေကြီးရင့်လို့လုပ်သက်ပြည့်၊ သက်ပြည့်အငြိမ်းစားယူ ကြတဲ့အခါဘဝအာမခံချက် မရရှာပါဘူး။ ပင်စင်ငွေနဲ့ခြိုးခြံချွေတာ စားသောက်ရင်း အိမ်ဆိုင်လေးဖွင့်လို့၊ စိုက်ပျိုးမွေးမြူရေးလုပ်လို့၊ မြေးများ ထိန်းကျောင်းလို့၊ တရားဓမ္မရှာမှီးလို့၊ ဘဝရဲ့နေဝင်ချိန်ကို အကျိုးရှိရှိဖြတ်သန်းကြတယ်။ အသက်ကြီးလာတာနဲ့ အမျှ မှတ်ဉာဏ်အားနည်းလာတယ်။ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တစ်ခုလုံး လျော့တာတယ်။ ဘာသာတရားလိုက်စား ကျင့်ကြံခြင်း၊ ပန်းချီဆွဲခြင်း၊ ဦးနှောက်ဉာဏ်ကိုအသုံးပြုတဲ့ ကစားနည်းအချို့ – ဥပမာ အင်္ဂလိပ်စာလုံးဆက်ခြင်း (Scrabble)၊ ကွန်ပြူတာဂိမ်းများ၊ အင်တာနက်နှင့် ဖေ့ဘွတ်ကြည့်ခြင်း၊ တရားစာအုပ်များဖတ်ရှုခြင်း၊ ကျင့်ကြံ အားထုတ်ခြင်းနဲ့ မှတ်ဉာဏ်ကောင်းအောင် လေ့ကျင့်ယူနိုင်ပါတယ်။
အသက်ရလာရင်း ကိုယ်လက်လှုပ်ရှားအားကစားကို နေ့စဉ်နာရီဝက်မှ တစ်နာရီကြား ရွရွပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းလုပ်ပေးရမယ်။ ခန္ဓာကိုယ်တွင်းရှိ သွေးကြောများထဲအောက်စီဂျင် သယ်ယူပို့ ဆောင်ရာမှာ အသုံးဝင်တယ်။ အာရုံကြောဖွံ့ဖြိုးပြီး လုပ်ငန်းဆောင်တာများ အကျိုးသက်ရောက်မှုရှိစေတယ်။ အဆီပိုများစုဆောင်းမှု နည်းပါးစေတယ်။
အာဟာရပြည့်ဝတဲ့ အစားအစာစားပေးရမယ်။ သွေးဖိအားပုံမှန်ထားရှိခြင်း၊ သွေးအတွင်းအချိုဓာတ်ထိန်းခြင်း၊ သွေးတွင်းအဆီဓာတ်ထိန်းခြင်းတို့က ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို အထောက်အကူဖြစ်စေတယ်။ ဆေးလိပ်၊ ကွမ်းနှင့် အရက်ဖြတ်ရပါမယ်။ ဆေးလိပ်စွဲခြင်း ကွမ်းစွဲခြင်းတို့လို နှစ်ကြာရှည်လို့ဖြတ်ရခက်ရင် မိသားစုဆရာဝန် နဲ့အကြံဉာဏ်ရယူရမယ်။ အရက်စွဲခြင်းက ဦးနှောက်မှတ်မိစွမ်းအား ကျဆင်းစေတယ်။ ဆရာသက်တမ်း တလျောက်ဦးခေါင်းဒဏ်ရာ ရရှိမှုမရှိရအောင် ကြိုတင်ကာကွယ်ရမယ်။ ပြင်းထန်တဲ့ ဦးခေါင်းပိုင်းဒဏ်ရာ ရခြင်း က အသက်ကြီးရင့်လာရင် မှတ်ဉာဏ်အားလျော့တတ်လို့ သတိထားသင့်တယ်။
စိတ်အလွန်တိုခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အိပ်စက်မှုမမှန်ခြင်း၊ ကိုယ်စိတ်ပင်ပန်းခြင်းတို့ ရှောင်ရှားရမယ်။ ဆွေမျိုး၊ မိတ်ဆွေ၊ အပေါင်းအသင်း၊ တပည့်တို့နဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်ရမယ်။ အိပ်မပျော်ခြင်းဟာ အသက်ကြီးရင့်လာ တဲ့တစ်နေ့မှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်တယ်။ အိပ်ပျော်မှသာ ခန္ဓာကိုယ်မှ ဦးနှောက်နဲ့အာရုံကြော၊ ကိုယ်ခံစွမ်းအား၊ ကြွက်သားနဲ့အရိုးအဆစ်များ၊ ဟော်မုန်းများနဲ့ ဦးနှောက်ဆိုင်ရာပရိုတိန်းဓာတ်များကို ရှိမြဲအတိုင်းပြန်လည် ပြင်ဆင်ပေးနိင်တယ်။ အိပ်ရေးဝတာက လူကိုလန်းဆန်းစေတယ်။ အိပ်ရေးမဝခြင်းဟာ အိပ်ချိန်စက်ဝန်း အပြောင်းအလဲကြောင့် (သို့) စိတ်ဖိစီးလို့ဖြစ်တယ်။ အသက်ကြီးလာလို့ အကြောတက်ကာ အအိပ်အနေနည်း လာပေမယ့် အိပ်ရေးပျက်များရင် မိသားစုဆရာဝန်နဲ့ ပြသပြီးသင့်တော်တဲ့အိပ်ဆေး ရွေးချယ်သင့်ပါတယ်။
အမြင်အာရုံဟာ လူတစ်ယောက်မှာ အရေးကြီးတယ်။ အသက်အရွယ်ကြီးရင့်လာရင်း အဖြစ်များတဲ့ မျက်စိရော ဂါ၊ အသက်ကြီးအတွင်းတိမ်ဖြစ်တတ်လို့ မျက်စိဆရာဝန်နဲ့ပြသပြီး ခွဲစိပ်ကုသမှုခံယူသင့်တယ်။ ဆီးချိုသွေးတိုး ကြောင့်ဖြစ်တဲ့ အမြင်အာရုံပျက်စီးခြင်း မဖြစ်ရအောင် ဆီးချိုဆေး (Metformin) နဲ့သွေးဖိအားထိန်းဆေး (Amolong) နေ့စဉ် ၁ (သို့) ၂ ကြိမ်ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်သင့်ပါတယ်။ မျက်စိအမြင်ကြည် လင်ရင် ဘာသာရေးကိစ္စ၊ ဘုရားရှစ်ခိုးခြင်း၊ ဝတ်ပြုအားထုတ်ခြင်း၊ ဘာဝနာပွားခြင်းများလုပ်ဆောင်နိုင်တာ ကြောင့် ကုသိုလ်ရေးအတွက်မျက်စိအမြင်အာရုံ ကောင်းဖို့လိုအပ်ပါတယ်။
အသက်ကြီးလာရင် အာရုံကြောတွေ တဖြည်းဖြည်းအားနည်းလာတယ်။ အကြားအာရုံချွတ်ယွင်းတဲ့ အကြောင်း ရင်းမှာနာဖာချေး (Wax) ကြောင့်လမ်းကြောင်းပိတ်ဆို့ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ အကြားအာရုံရောင်ရမ်းခြင်း၊ နားစည်ပေါက်ပြီး နားပင်းခြင်း၊ ဆူညံသံရေရှည်ခံရလို့ အကြားအာရုံအားနည်းခြင်း၊ မျိုးရိုးလိုက်ခြင်းတို့ကြောင့် နားမကြားတတ်ဘူး။ နားကြားကိရိယာတပ်ဆင် သင့်တဲ့အချိန်ဖြစ်ပါတယ်။
အသက်ကြီးလာရင် အရိုးအရွတ်တွေ ယခင်ကလိုမသန်မာနိုင်တော့ဘူး။ ရေချိုးခန်းချော်လဲခြင်း၊ လမ်းလျှောက် ရင်းချော်လဲခြင်းတို့ကြောင့် ပေါင်ရိုးကျိုးခြင်း၊ တင်ပဆုံရိုးကျိုးခြင်း၊ အဆစ်လွဲခြင်းများ အဖြစ်များတယ်။ အကူအ ညီအထောက်အကူမပါဘဲ လမ်းလျှောက်ခြင်း၊ အလင်းရောင်မလုံလောက်တဲ့ လှေကားအတက်အဆင်းများ၊ ရေ ချိုးခန်းအိမ်သာခန်းမှာ လက်ရမ်းများ၊ အကိုင်အတွယ်ကွင်းများ လုပ်ထားပေးသင့်တယ်။
ဆရာအလုပ်နဲ့ အသက်မွေးမြူသူ “မြတ်ဆရာ” တို့ဟာခန့်ညားထယ်ဝါလှပါတယ်။ တပည့်များအပေါ် ဘဝလမ်း ကြောင်းမတိမ်းစောင်းရအောင်၊ အမှောင်ခွင်းပေးတဲ့အလင်းရှင်၊ ဆီမီးကိုင်ပဲ့ကိုင်ရှင်၊ ပန်းပျိုးလက်များဖြစ်ကြပါ တယ်။ ဆရာ၊ ဆရာမတို့ရဲ့ဂုဏ်ကျေးဇူးက ဆပ်လို့မကုန်ပါဘူး။ ဆရာများဟာ မိမိတို့ဝါသနာအလျောက် ဆရာအဖြစ်ခံယူကာ တပည့်ကျောင်းသားများကိုယ့်ထက် စာပေတတ်မြောက်ထူးချွန်စေဖို့၊ စိတ်ဓာတ်စည်းကမ်း ပညာကိုပါ မိမိဘဝအရင်းတည်ကာ ပြုစုပျိုုးထောင်ပေးခဲ့တယ်။
ဆရာများရဲ့ဂုဏ်ကျေးဇူးကိုထောက်ရှုလို့၊ ဆရာဆရာမများရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးသင့်တယ်။ အခြေနေ မပေးလို့၊ ဝင်ငွေပါးလျလို့၊ အဆင်မပြေဖြစ်တဲ့ကိုယ့်ဆရာသမားများအပေါ် တစ်လှည့်စောင့်ရှောက်ပေးသင့်ပါ တယ်။ ရုပ်မြင်သံကြား သတင်းမီဒီယာတွေမှာ “မြတ်ဆရာ” ပူဇော်ပွဲကျင်းပကြတာ တွေ့မြင်ရတဲ့အခါ အထူးဝမ်း သာပီတိဖြစ်ရပါတယ်။ ဒီထက်အဆင်ပြေပြေ ပြုစုစောင့်ရှောက်မှုတစ်ခုက “ကျန်းမာရေးစစ်ဆေးပေးခြင်းကို လည်းတစ်ခါတည်းလုပ်ပေးနိုင်ရင် ကောင်းမှာပဲ”လို့တွေးမြင်မိပါတယ်။ ဆရာများအသက်ရာကျော်ရှည်စေဖို့ ဆရာများနေ့ (အောက်တိုဘာ ၅ ရက်) မှာဆုတောင်းပါတယ်။
Author – ဒေါက်တာလွင်သန့်