မိဘတိုင်းဟာ မိမိကလေးငယ်တွေကို အစစအရာရာ သူများထက်သာ၊ သူများထက်ထူးချွန်စေချင်ကြတာ ချည်းပါပဲ။
အထူးသဖြင့် မိခင်အတော်များများဟာ မိမိကလေးကို သူများကလေးတွေထက် ခွန်အား၊
ဉာဏ်ပညာနဲ့ ကျန်းမာရေး ဒီအရာသုံးခုမှာ ပိုသာ ပိုကောင်း စေချင်ကြပါတယ်။
ခွန်အားအရာမှာဆိုရင်လည်း သူများတွေထက်ပိုအားရှိတာမျိူးဖြစ်ချင်ပြီး ဉာဏ်ပညာအရာမှာဆိုရင်လည်း သူများတွေထက်ပိုဉာဏ်ကောင်းစေချင်ကြသလို ကျန်းမာရေးအရလည်းသူများတွေထက်ပိုကျန်းမာစေချင်ကြပါတယ်။
ဒီလိုမျိူး ကျန်းမာသွက်လက်ဉာဏ်ထက်မြက်စေရန် မိဘတွေက ကလေးတွေအစားကောင်းကောင်းစားမှဖြစ်မယ်ဆိုတဲ့ အသိနဲ့ ကလေးတွေကို အစားများများကျွေးကာ ကလေးတွေအစားများများစားရင်ကို မိဘတွေက ပီတိဖြစ်ရပါတယ်။
သို့သော် အစားများများကျွေး ကလေးကအစားများများစားနေရုံနဲ့ ကျန်းမာသွက်လက်ဉာဏ်ရည်မထက်နိုင်ပါဘူး။ ကလေးကို နေ့စဉ်ကျွေးတဲ့ ကလေးနေ့စဉ်စားတဲ့ အစားအစာတွေထဲမှာ အသား၊ ငါး၊ ဥအမျိူးမျိူး၊ အသီးအရွက်စတဲ့ အစာအုပ်စုတွေ မျှတစုံလင်မှသာ ကျန်းမာသွက်လက်ဉာဏ်ထက်မြက်တဲ့ ကလေးဖြစ်မှာပါ။
ဒီလိုမစုံလင်မမျှတရင် ကျွေးကားကျွေး၏ မရ၊ စားကားစား၏ မရ ဆိုသလို စားသော်လည်း ပြီးပြည့်စုံတဲ့အာဟာရကို မရတာ ဖြစ်တတ်ပါတယ်။
အင်အားစိုက်ထုတ်ပြီး လုပ်ရတဲ့အလုပ်တွေဖြစ်တဲ့ အလေးအပင်မတာ၊ ရေခပ်တာ၊ ထင်းခွဲတာ စတာလုပ်ရင်လည်း အင်အားလိုသလို ကစားဖို့၊ စာကျက်ဖို့လည်း အင်အားလိုပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် အင်အားဖြစ်အောင် အင်အားဖြစ်စေတဲ့ အစာအုပ်စုက အစားစာတွေကို ကျွေးပေးဖို့ လိုပါတယ်။
အင်အားဖြစ်စေတဲ့အစာအုပ်စုမှာ ထမင်း၊ အာလူး၊ ကန်စွန်းဥ၊ ပေါင်မုန့်၊ ဂျုံ၊ပြောင်းစတဲ့ ကောက်ပဲသီးနှံတို့မှ ရရှိသော အစားစာတွေ ပါပါတယ်။
ကိုယ်ခန္ဓာကြီးထွားစေဖို့ အသားဓာတ် (ပရိုတင်းဓာတ်) လိုအပ်ပါတယ်။
ကလေးအရွယ်ဆိုတာက အလျှင်အမြန်ကြီးထွားနေတဲ့ အရွယ်ဖြစ်တဲ့အတွက် အသားဓါတ်လုံလောက်မှသာ ပြည့်ပြည့်၀၀ ကြီးထွားနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ကလေးနဲ့ ဆယ်ကျော်သက်အရွယ်တွေကို ကိုယ်ခန္ဓာကြီးထွားစေတဲ့ အစာအုပ်စုကိုလည်း ကျွေးဖို့အရေးကြီးပါတယ်။
ကိုယ်ခန္ဓာကြီးထွားစေတဲ့ အစာအုပ်စုမှာ ကြက်သား၊ ဝက်သား၊ ငါး၊ ပုစွန် စတဲ့အသားငါးအမျိူးမျိူး၊ ကြက်ဥ၊ ဘဲဥစတဲ့ ဥအမျိူးမျိူး၊ ပဲအမျိူးမျိူး၊ နို့နဲ့ နို့ထွက်ပစ္စည်းအမျိူးမျိူး ပါဝင်ပါတယ်။
ကလေးတွေ ရောဂါတွေမဖြစ်ဖို့၊ ကျန်းမာပြီးဉာဏ်ကောင်းဖို့အတွက် ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ လိုအပ်တယ်။ အဲဒါတွေကို အသီးအရွက်၊ သစ်သီးတွေက အများကြီးရပါတယ်။
ဒါကြောင့် ကန်စွန်းရွက်၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်ရွက်၊ ကျောက်ဖရုံသီး၊ ဗူးသီး၊ ခါကြက်ဥ၊ စတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ငှက်ပျောသီး၊ ပန်းသီး၊ သဘောၤသီး စတဲ့သစ်သီးဝလံတွေ ပါတဲ့ ရောဂါကာကွယ်စေတဲ့ အစာအုပ်စုကလည်း မကျွေးမဖြစ် ကျွေးဖို့လိုပါတယ်။
Dr 528