အသက်ငယ်ငယ်နှင့် အကြောဆေးသွင်းတဲ့အန္တရာယ်
“ဆရာမ… သမီး အကြောဆေးသွင်းချင်လို့”
ဆေးခန်းထဲတောင် ခြေ တစ်ဖက်ပဲ လှမ်းရသေးတယ်… စပြောတဲ့စကားက အကြေားဆေး သွင်းချင်ပါသတဲ့! အသက်ကလေးကြည့်တော့ ၁၇ ၁၈ ပတ်ချာလည်…။
” လာပါဦး သမီးရဲ့…. ဒီ အရွယ်လေးနဲ့ ဘာလို့ အကြောဆေးသွင်းချင်ရတာတုံး??? အကြောဆေးက သွင်းတိုင်းကောင်းတာမဟုတ်ဘူး” ဆိုတော့
” ဒီရက်ပိုင်း ခေါင်းတွေလည်းမူးတယ် …ဇက်ကြောတွေလည်းတက်…စားလို့လည်းမဝင်ဘူး ဆရာမရယ်။ အလုပ်လည်းကောင်းကောင်း မလုပ်နိုင်တော့ဘူး။ OT မဆင်းနိုင်တော့ ငွေပိုကို မထွက်တော့တာ” လို့ညည်းညည်းညူညူပြောရှာတယ်။
သူတိုလေးတွေက များသောအားဖြင့် စက်မှုဇုန် ..အထည်ချုပ် စသည်တို့မှ ဝန်ထမ်းကလေးတွေ။ နေ့စား လုပ်ရတာများပြီး OT ဆင်းမှ တွက်ချေကိုက်လေတော့ ဆေးခန်းမှာ အကြောဆေးလွှတ် အားဖြည့် ကြခြင်းက သူတို့ကြားမှ ခေတ်စားသည်။ လူမမာ နလန်ထမို့၊ မစားနိုင်လို့ တစ်ခါတစ်လေ အကြောဆေးလာသွင်းတာကို ဘာမျှ မပြောလိုပေမယ့် ၃/၄ ရက်တစ်ခါ လာနေသော သူတို့လေးတွေကို မျက်နှာ မြင်ပါများတော့ မှတ်မိလာရပြီလေ။ အော်… ဒုက္ခ။ အကြောဆေးကို ဘိန်းစွဲ သလိုများစွဲနေကြပြီလားကွယ်။ တချို့များဆို ကြုံရာဆေးခန်းသွားသွားထိုးတာများနေတော့ အပ်ရာလေးတွေ တောင် ထပ်လို့…!
” အကြောဆေးဆိုတာ ပါးစပ်က မစားနိုင်တဲ့ သက်ကြီးရယ်အိုတွေ ၊ အစာခြေဖျက်စုပ်ယူမှု အားမကောင်း တဲ့ရောဂါ ရှိနေသူမျိုးတွေ ၊ နာတာရှည်ရောဂါ သည်တွေနဲ့ နလန်ထလူမမာတွေ အတွက်လောက်သာကောင်းတာ ။ ညည်းတို့ ငယ်ငယ်ရွယ်ရွယ် ပါးစပ်ကလည်း စားနိုင်လျက်နဲ့ ဘာလို့များအသားနာခံပြီး ခဏခဏ ထိုးနေကြတုံး?? မှန်းစမ်း…!”
ဆိုပြီး အောက်မျက်ခမ်း ဖြဲကြည့်တော့ ဖြူဆုပ်ဆုပ်ရယ်။ လက်ဖဝါးတွေကလည်း ဖြူလျော်လို့ ၊ သွေးပေါင်က ၁၀၀/၇၀။ ဒီအရွယ်လေးတွေ အကြောဆေးလာသွင်းလို့ ကြည့်လိုက်ရင် ဒီလို ပုံစံတွေချည်း။ ညည်းချင်းတွေက အစ ဆင်တူတွေ။
ဒါဟာ ရောဂါမဟုတ်ဘဲ သူတို့ရဲ့ နေထိုင်စားသောက်ပုံကြောင့်ဆိုတာ သူတို့ နားဝင်အောင် ဒါက်တာနှင်း ဘယ်ကစရှင်းပြရပါ့! မထိုးပေးရင်လည်း မျက်နှာလေးတွေက မကောင်း။ ခုတောင် ဆေးထိုးပေးပါဆိုတာကို ဒီဆရာမက ဘာတွေ စကားကြောရှည်နေမှန်းမသိပါဘူး ဆိုတဲ့ မျက်နှာပေးနဲ့။
ဒီတိုင်းတော့စည်းရုံးလို့ရမှာမဟုတ်…
“သမီး….. အကြောဆေးထိုးလိုက်ရင် လန်းသွားတယ်နော်?? အဲလိုနေ့တိုင်းမလန်းချင်ဘူးလား … အကြောဆေးမလိုပဲနဲ့လေ” ဆိုတော့ မျက်လုံးလေးတွေက စိတ်ဝင်တစားဖြစ်လာသည်။ လူနာပါးတုန်းလေး သူတို့လည်း စိတ်ဝင်စားတုန်းလေး မြန်မြန်နဲ့နားလည်လွယ်အောင်ရှင်းပြရမည်။
” သမီးတို့ က အခု ဘယ်မှာလုပ်လဲ ….??”
“အထည်ချုပ်မှာ ဆရာမ…သမီးက အချုပ်ပိုင်း …သူက packing ထုပ်တယ်”
” ထိုင်နေရတာပေါ့ တစ်ချိန်လုံး??”
” ဟုတ်… သမီးက အထိုင်… သူကတော့ တစ်ချိန်လုံးမတ်တပ်ပဲ”
“ဟုတ်ပြီ… ဆရာမ ပြောမယ်… အခု သမီး ခံစားနေရတဲ့ ခေါင်းကိုက်တာ ဇက်ကြောတက်တာတွေ က ရောဂါရှိလို့မဟုတ်ဘူး…အဲဒါ သမီး အလုပ်ကြောင့်”
” ရှင်?”
” ဟိုဘက်က သမီးရော သူ့လို မဖြစ်ဘူးလား??”
” ဖြစ်တာပေါ့…. သမီးက မနေ့က မှ ဆေးလာသွင်းထားတာ”
” ကျန်တဲ့ လူတွေရော ….မဖြစ်ဘူးလား??”
” ဖြစ်တာပေါ့…. အကုန်နီးပါ ဒီလိုပဲ”
” အေး… အဲလိုပဲ… တခြားစက်ရုံက လူတွေလည်းဖြစ်မှာပဲ…. စက်ရုံမှ မဟုတ်ဘူး…. အကြာကြီးထိုင် ၊ အကြာကြီးရပ်ပြီး အလုပ်လုပ်ရ၊ စာရင်းတွက်ရ၊ စာကျက်ရတဲ့လူတွေ အကုန်ဖြစ်တယ်။ သမီးရ ဒါရောဂါ မဟုတ်ဘူး! ခန္ဓာ ကိုယ် အနေ အထား နဲ့ စားသောက်နေထိုင်မှု ပုံစံကြောင့်ဖြစ်တာ! ဆရာမ ဆို ဆေးကျောင်းသူဘဝကအကြာကြီးထိုင်ပြီး အတန်းတွေတက်ရ စာတွေကျက်ရနဲ့ အခု သမီးဖြစ်သလို့ ဖြစ်ဖူးတာပဲ! ဒါပေမဲ့ တခါမှ အကြောဆေး မသွင်းရဘူး။ လန်းဆန်းနေတာပဲ။ အဲ့ဒီနည်းရှိတယ်။ ပိုက်ဆံလည်း မကုန်ဘူး။ ယူမလား?” မေးတော့ ၂ ယောက်စလုံးက ” ယူမယ်” ဆိုပြီး တက်တက်ကြွကြွ ဖြေသည်။
” ဟုတ်ပြီ။ ဒီနည်းမှာ လိုက်နာရမယ့် အချက်ကြီး (၃) ချက်ရှိတယ်။ သိပ်လွယ်လွန်းလို့ အထင်သေးပြီး လိုက်မလုပ်ဘဲ မနေနဲ့နော်” ဆိုတော့ ရယ်လိုက်ကြတာ။
(၁) က ရောက်တဲ့နေရာမှာ ကိုယ်လက်လှုပ်ရှားလုပ်ပါတဲ့
ဟိုသမီးက တစ်ချိန်လုံးထိုင်ရတယ်နော်!?? အထိုင်များရင် ကြောရိုးနာမယ်။ ခါးနာမယ်။ အစာချေဖျက်စုပ်ယူအားကျမယ်။ ခန္ဓာကိုယ်က စွမ်းအင်ထုတ်တာနည်းသွားမယ်! သမီးက ကျတော့ တစ်ချိန်လုံးရပ်ရတာနော်။ ကြာရင် ခြေထောက်တွေလေးပြီး ကိုက်လာမယ်။ ဖောလာမယ်။ တအားဆိုးရင် သွေးကြောတွေ ဖောင်းလာမယ်။ ဘာလို့ဆိုတော့ အထိုင်အရပ်များရင် ကမ္ဘာမြေကြီး ဆွဲအားကြောင့် ခန္ဓာကိုယ်အောက်ပိုင်းမှာ သွေးပုံလာတာကိုး…!
အဲဒီခါကျ ခြေထောက်က သွေးပြန်ကြောတွေကနေ အပေါ်ကို သွေးပြန်ပို့ပေးနိုင်မှ… ဒါပေမဲ့ သွေးပုံတာ သိပ်များရင် သူလည်းဘယ်ကြာကြာပို့နိုင်မလဲ…ဒီတော့ နှလုံးက ညှစ်ပေမဲ့ ညှစ်သမျှသွေးက ဦးနှောက်ကိုရောက်သင့်သလောက်မရောက်တော့ဘူး! သွေးက အစာနဲ့ အောက်စီဂျင်ဖြည့်ပေးဖို့ မလာတော့ ဦးနှောက်က ငတ်ရော…. အဲမှာ အခု သမီးပြောတဲ့ ခေါင်းမူးတာ …ခေါင်းလေးတာ တွေ ဖြစ်ရော…. အဲလိုမဖြစ်အောင် အလုပ်ထဲမှာ ခြောက်ထောက်လေ့ကျင့်ခန်း လုပ်ပေးရမယ်…. ။ အလုပ်ထိုင်လုပ်ရတဲ့ သမီး က ထိုင်ရင်းနဲ့ပဲ ခြေ၂ ချောင်းကို ရှေ့ဆန့်ထုတ်ပြီး အပေါ်မ မယ်… ပြီးရင်ပြန်ချ.. ရပ်နေရတဲ့ သမီးက ရပ်နေရင်းနဲ့ ခြေဖနှောင့်နဲ့ တင်ပါးနဲ့ ထိပေး… ကိုယ်တင်ပါးကိုယ် နောက်ပြန်ကန်တာပေါ့.. တစ်မျိုးကို ၁၀ ခါ ဆီ ဟိုဘက်ဒီဘက်စုံလုပ်… သတိရတိုင်း ၁၀ ခါ လုပ်… ဒါက ခြေထောက် အတွက်။
ပြီးရင် ခါးနာ ဇက်ကြောတက်တဲ့ ကိစ္စလေးရှင်းမယ်… မတ်မတ်ထိုင် မတ်မတ်ရပ်နိုင်ဖို့ ကြောရိုးမကြီးက အမြဲ အလုပ်လုပ်ပေးရတယ်… ကြာတော့ သူကညောင်းရော … ဒါ့အပြင် တစ်မျိုးထဲအာရုံစိုက်ကြည့်ရတာများရင် မျက်စိကညောင်းရော.. ကိုယ်က လုပ်နေတုန်း အလုပ်ဇောနဲ့ မို့ မသိသာပေမယ့် နားလိုက်တာနဲ့ သိပ်သိသာတယ်။ ဆိုတော့ အဲဒါအတွက် .. ခါးရယ် ခေါင်းရယ် မျက်စိရယ် လေ့ကျင့်ခန်းလုပ်မယ်။ ထိုင်ရင် လည်း ထိုင်လျက်… ရပ်ရင်လည်း ရပ်လျက်… ခါးကို ဟိုဘက် ဒီဖက် ဖြည်းဖြည်းစီ လှည့်မယ်… ဖြည်းဖြည်းစီနော်…လုံးဝ ဆက်ကနဲ့ မလှည့်ရဘူး!! ခေါင်းလည်း ဒီလိုပဲ… ဘေးဘယ်ညာ အပေါ်အောက် လှည့်… ဖြည်းဖြည်းပဲ..! ပြီးရင် မျက်စိ… မျက်စိ ခဏ မှိတ် .. ပြီးရင် အထဲ က မျက်လုံးကို မှိတ်လျက်သားနဲ့ အပေါ်အောက်ဘေးဘယ်ညာ ရွှေ့ကြည့်မယ်.. ပြီးရင်ပြန်ဖွင့်ပြီး အဝေးကိုကြည့်မယ်.. ပြတင်းပေါက်ရှိရင် အပြင် ဟာတွေကိုကြည့်မယ်.. သစ်ပင် စိမ်းစိမ်းစိုစို ဆိုရင်ပိုကောင်းတယ်! ဒါက အလုပ်ထဲလုပ်ဖို့။
အိမ်ပြန်ရောက်ရင် ရေချိုးပြီးတာနဲ့ ထမင်းစားပြီးတန်းမအိပ်နဲ့…ထမင်းမစားခင် လေ့ကျင့်ခန်း တစ်မျိုး လုပ်မယ်… ဒီလေ့ကျင့်ခန်းက ဆရာမ အကြိုက်ဆုံးပဲ…! အိမ်မှာ နံရံရှိတယ်ဟုတ်? နံရံ နားသွား ပြီး နံရံကို မျက်နှာမူပြီး တင်ပျဉ်ခွေ ထိုင်… ပြီးရင် ပက်လက်လှန်ချလိုက်.. ပြီးရင် ခြေထောက် ၂ ချောင်းကို နံရံကိုမှီပြီး မိုးပေါ်ထောင်လိုက်… တပြိုင်ထဲ အားယူပြီး တင်ပါးကို နံရံနဲ့ ဖြည်းဖြည်းချင်း ရွှေ့ကပ်… ခြေထောက်ကိုလည်း နံရံနဲ့ အပြိုင် ကပ်ပြီး ဆန့်နိုင်သလောက် ဆန့်ထုတ်! အဲ့အတိုင်း ၅ မိနစ်တန်သည် ၁၀ မိနစ်တန်သည်နေရမယ်! အဲဒါ မနက်လည်း လုပ်လို့ရတယ်။ အဲလိုလုပ်ပေးရင် ခန္ဓာကိုယ် သွေးလည်ပတ်မှုကောင်းပြီး လန်းလာလိမ့်မယ်။ ဒါက တစ်အချက်..ပြီးပြီ!
(၂) က ခန္ဓာ ကိုယ်တွင်း လောင်စာဖြည့်တင်းခြင်း တဲ့
အဓိက က အသားဓာတ်၊ ကစီဓာတ်၊ သက်စောင့်ဓာတ်နဲ့ သတ္တုဓာတ်တွေပေါ့. …အသားဓာတ်တို့ ကစီဓာတ်တို့ကတော့ သိသာတယ်လေ..နော်! သက်စောင့်ဓာတ် ဆိုတာ ခု သမီးတို့ သွေးကြောထဲ သွင်းနေတဲ့ အကြောဆေး အများစုထဲမှာပါတတ်တဲ့ ဓာတ်တွေအပြင် အမျိုးအစားအများကြီးရှိသေးတာ… ဒီ ရိုးရိုး အကြောဆေးထဲမှာ ပါနေကြက ၄ မျိုးပဲ… Vit B 1,6, 12 ရယ် Vit C ရယ်! သမီးတို့ အကြောဆေးသွင်းလည်း တကယ်က ခန္ဓာကိုယ်မှာ လိုတာ အဲ့ ၄ မျိုးမကဘူး။ အဲဒါတွေ ဘယ်က ရမလဲ… သိလား??”
” ဆေး ဝယ်သောက်ရမှာလားဟင်?” ဟု ခပ်သွက်သွက်ကလေးမလေးကဖြေသည်။
” ဒါကလည်း တစ်နည်းပေါ့….. ဝယ်သောက်နိုင်တဲ့ သူက လည်းသောက်တာပေါ့… ဆရာမ ပြောတဲ့နည်းက ပိုက်ဆံမကုန်ရဘူးလေ..! သမီးတို့နေ့စဉ် စားတဲ့ အစားအစာတွေမှာပါတာပေါ့လို့ .. ကိုယ်က ရွေးစားတတ်ဖို့ပဲလိုတာ! နေ့တိုင်း ယံယံချဉ်စပ်ပြုတ်စားနေရင်တော့ အာဟာရမဖြစ်တဲ့ အပြင် ရောဂါရမှာပဲ! အဓိက က ဟင်းသီးဟင်းရွက်နဲ့ အသီး များများစားဖို့ပဲ… တချို့ သက်စောင့်ဓာတ်တွေကြတော့ အသား၊ နို့ထွက်ပစ္စည်းနဲ့ ပဲတွေမှာပဲ အဓိက ပါတယ်.. ဥပမာ Vit B12 လိုဟာမျိုးပေါ့… ဒါကြောင့် သက်သက်လွတ်သမား ဆို ပဲစား … Vit B12 သောက် ပေါ့။ ”
” သမီးတို့ လည်း ခု ထိုးနေတာ… အဲဓာတ်တွေပဲ ဆို… ဘာလို့ ထိုးတုန်းခဏပဲကောင်းပြီး အမြဲတန်း မလန်းဆန်း နေတာလဲဟင်?”
“အဲဒါပြောပြချင်တာပေါ့… ဘာလို့လည်းဆိုတော့ ဒီသက်စောင့်ဓာတ်တွေက ပါးစပ်က စားပေးတာ ခန္ဓာ ကိုယ် အတွက် ပိုထိရောက်တယ်… ဥပမာ Vit C ဆို အကြောဆေးကတစ်ဆင့်သွင်းရင် ခန္ဓာကိုယ်က ၁၂% ပဲ ရတာ..ပါးစပ်က စားရင် ၄၀% တောင်ရတယ်… ထင်မထားဘူးဟုတ်?? Vit B12 ဆိုလည်း ဆေးထိုးရင် ၄-၂၇% ပဲရပေမယ့် ပါးစပ်ကစားရင် ၇၃-၉၆% ထိရတာ”
” ဒါပေမဲ့ ဆရာမရယ်… အကြောဆေးထိုးရင် ချက်ချင်းလန်းသွားရော”
” ဒါပေါ့… သွေးထဲတိုက်ရိုက်ရောက်တော့ မိနစ် ၃၀ အတွင်း အာနိသင်ပြတယ်လေ…. ပါးစပ်က စားရင် ၅-၁၂ နာရီ လောက်ကြာတာကိုး… သမီးတို့က ဖြည်းပေမယ့် ပိုထိရောက်တဲ့နည်းကို စိတ်ရှည်ရှည်မှ မစောင့်ချင်ကြတာ! စကားပုံတောင်ရှိသေး… လက်ဖက်ကောင်းကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရတယ်တဲ့! ဆိုတော့ နေ့တိုင်း ဟင်းသီးဟင်ရွက်..အသီးအနံစားပေးရတယ်… အသား က နေ့တိုင်း ဘယ်စားနိုင်မလဲ..ကြက်ဥ ဘဲဥ နဲ့ ပဲ စားပေးလို့ရတယ်… အသင့်ဖျော်မဟုတ်တဲ့ နွားနို့ပူပူလေး တစ်ခွက် သောက်အိပ်… နို့မှုန့်တစ်ထုပ် ၁၀၀ ခွက်သေးနဲ့ ၁ ခါပဲသောက်လို့ရမယ်… နွားနို့ ၅၀ ဆယ်သား ၁၀၀၀ ခွက်သေးနဲ့ ၇ ခွက်ရတယ်… ဈေးမှ သိပ်မကွာတာ … အစစ်သောက်မှာပေါ့! ပြီးတော့ သက်စောင့်ဓာတ် အပြည့်ရချင်ရင် ဟင်းသီးဟင်းရွက် ကို ကြော်တဲ့ ချက်တဲ့ အခါ တအားနွမ်းပြီးမည်းသွားတဲ့ ထိ မထားရဘူး.. ဓာတ်တွေ အငွေ့ပျံမသွားအောင် အဖုံးပိတ်ပြီး ကြော်ရချက်ရတယ်… မကြော်ချက်ခင်လည်း ပိုးသတ်ဆေးကင်းအောင် ဆားရေ..ရှာလကာရည် လိုဟာမျိုးတွေနဲ့ စိမ်ပြီး ဆေးရတယ်။ နို့မို့ အစာ အာဟာရ လိုချင်လို့စားတာ … အဆိပ်တွေ မြိုမိသလိုဖြစ်မှာပေါ့! ပြီးတော့ အချိုမှုန့်…အဲဒါ စားနေသ၍တော့ ခေါင်းကိုက်ဇက်ကြောတက်ရုံ မဟုတ်ဘူး ဆီးချိုသွေးတိုးရပြီး အသက်ပါတိုတက်သွားလိမ့်မယ်”
“ဒါပေမဲ့ ဆရာမရယ် သမီးတို့ က အလုပ်နဲ့… ဆရာမပြောသလိုချက်စားချင်တာပေါ့… အချိန်လည်း မရဘူး… အပြင်ကဝယ်စားတဲ့ ဟာတွေက ဆရာမပြောသလို လုပ်ကြမှာမဟုတ်ဘူး… ရောင်းတန်းပဲ” လို့ ပြောရှာတော့ သူတို့လေးတွေ ကို စာနာမိပြန်သည်။
“အချိန်မရဘူးဆိုပေမဲ့ အသီးအနံဝယ်စားလို့ရတယ်… ကြက်ဥပြုတ်တာ နို့ကြိုတာက ညည်းတို့ ယံယံ ပြုတ်သလောက်ပဲကြာတာဥစ္စာ…ပြီးတော့ ဆေးဝယ်သောက်လို့ရတယ်…..ဈေးကြီးကြီး မဟုတ်ဘူးနော်… furamin b c ကြားဘူးလား… BPI ကထုတ်တာ… ၁ လုံးမှ ၂၀ အလွန်ဆုံးပဲ…အခု ညည်းတို့ထိုးနေတာ အကုန်ပါတယ်..Folic acid နဲ့ သံဓာတ်တောင် အဆစ်ပါသေးတယ်။ အဲဒါဝယ်ဝယ်သောက်ပေး… ပါးစပ်ကသောက်တာက ပိုထိရောက်တယ်.. အချိန်လေးတော့နည်းနည်းစောင့်ရတာပေါ့…”
” ဟယ်… သက်သာတယ်နော်….”
” အေးလေ …. အကြောဆေးလို ထောင်နဲ့ချီ မကုန်တော့ဘူး… ပါဝင်ပစ္စည်းလည်း တူတူပဲ အပြင်ကို ပိုလည်းထိရောက်ဦးမှာ”
ဆိုပြီး သူတို့ အချင်းချင်း ပြောနေကြတော့ ဒေါက်တာနှင်း စည်းရုံးတာ တဝက်တော့ အောင်မြင်သည်ပေါ့လေ..!
“ကဲ… နောက်ဆုံး အချက် လာပြီ..
(၃) က ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ကင်းရှင်းဖို့ တဲ့…
အဆိပ်အအတောက်ဖယ်တဲ့ နည်းက ၂ မျိုးရှိတယ်။ တစ်မျိုးက antioxidants ဓာတ်ပါတဲ့ အစားအစာတွေစားပေးလို့ရတယ်… အလွယ်နားလည်အောင်ပြောရရင် အစောစောက ပြောတဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံ တွေစားရုံပဲ! နောက်တစ်မျိုးက အသည်းက လုပ်ပေးတယ်… အသင့်စား အစား အစာတွေ … ဆိုးဆေးတွေ .. ခန္ဓာကိုယ် အတွက် ဘေးဖြစ်မယ့် အစာတွေစားမိရင် အဲဓာတ်တွေကို အသည်းက အဆိပ်ဖြေပေးတယ်..! အဆိပ်ဖြေတဲ့အလုပ်လုပ်ရတာများလာရင် အသည်းထိလာတာပဲ..ဒီတော့ ခုနပြောတဲ့ အသင့်စားတွေ ဆိုးဆေးပါတာတွေ ဓာတုပစ္စည်းပါနိုင်တဲ့အစားအစာတွေ လျှော့စား..သဘာဝ အစားအစာများများစား… ယံယံ ပြုတ် နဲ့ ဇီးသီးဖြူ တစ်ဘူးဆိုဈေးတူတူပဲ… ဘာစားမလဲ??” ဆိုတော့ ရယ်ကြပြန်သည်။ နောက်တစ်မျိုးက ခန္ဓာကိုယ် အပြင်ဘက်ကို ဆီး၊ဝမ်း၊ ချွေး အဖြစ်စွန့်ထုတ်တာ။ ဆီးဝမ်း မမှန်ရင် ကိုယ့် အတွက်မကောင်းဘူးဆိုတာ သိရမယ်! နဂိုထဲ က တောက်လျှောက်ထိုင်ရတယ် ရပ်နေရတယ်.. ကိုယ်လက်လှုပ်ရှားနည်းတဲ့ အတွက် အစာခြေဖျက် စုပ်ယူ အား မကောင်းသလို.. ဝမ်းချုပ်မှာပဲ… ဒီတော့ ဝမ်းကောင်းအောင် ရေများများသောက်… အသီးအနံများများစား.. ဈေးကြီးစရာမလိုဘူး… ဖီးကြမ်း ငှက်ပျောသီးတို့ သင်္ဘောသီးတို့ ဆို ဝမ်းအတွက်ကောင်းပါ! ဆီးကောင်းအောင်က ရေများများသောက်… တစ်နေ့ရေသန့်ဘူး ၁ လီတာဘူးနဲ့ အနည်းဆုံး ၃ ဘူးတော့ကုန်ရမယ်။ ရေသောက်များရင် ဆီးရွှင်မယ်… ကိုယ်တွင်း အဆိပ်အတောက်တွေ များများပါသွားတော့ ပေါ့ပါးမယ်။ အလုပ်ဇောကပ်ပြီး ဆီးဝမ်းသွားချင်တာကို အောင့်ထားတာမျိုး လုံးဝ မလုပ်ရဘူး! ရောဂါရတတ်တယ်! နောက်ပြီး ချွေးထွက်အောင်နေ… သူများနိုင်ငံတွေမှာဆို ၂ ပတ်တစ်ခါလောက် ချွေးထုပ်ခန်းသွားပြီး တမင်ချွေးထုပ်ကြတာ…”
“ဟုတ်တယ်… ကိုရီးယားကားထဲမှာတွေ့တာ… အများကြီးပဲ”
” အေး… သူတို့ဆီမှာကသိပ်အေးတယ် … ချွေးမထွက်ပဲ ချွေးငုပ်နေတော့ နေလို့ မကောင်းဘူး… ဒါကြောင့်တကူးတက ချွေးပူ ထုပ်ရတာပေါ့.. ဆရာမတို့နိုင်ငံက အပူပိုင်းနိုင်ငံလေ… သူတို့လို ချွေးထုပ်ခန်းသွားဖို့မလိုဘူး…. လှုပ်လှုပ်ရှားရှားနေပေးရင်ရပြီ..မနက်ခင်း .ချွေးလေးစို့ရုံ လမ်းလျှောက်ပေးတာ နဲ့တင် တော်တော်ဟုတ်နေပြီ… ပြီးရင် ရေ… ဓာတ်ဆားရေ ပြန်သောက်ပေး! ပြန်ဖြည့်ပေးတဲ့ သဘောပေါ့… ဒါပဲ..! ဒါက အဆိပ်အတောက်ကင်းဖို့ လုပ်ရမှာ! နောက်တစ်ခုက သန်ချဖို့… ခန္ဓာကိုယ်ထဲ ကပ်ပါးရှိရင်လည်း အဆိပ်ရှိတာနဲ့သိပ်မခြားဘူး…တချို့သန်ကောင်တွေက အူနံရံကိုကပ်ပြီးသွေးစုပ်တာ… ကိုယ်စားသမျှ သူ့အတွက်ဖြစ်နေမှာလေ…မိန်းကလေးကလည်းဖြစ်တော့ တစ်လတစ်ခါ သွေးကလည်း ဆုံးရှုံးသေး..သန်ကလည်း အထဲကစုပ်သေး.. ကြာတော့ မျက်ခမ်းလေးတွေ ဖြူစုပ်လာရော….ဒီတော့ ၆ လ တစ်ကြိမ် သန်ချပေးဖို့လည်း လိုတယ် မမတို့ရေ! အဲလို မှန်မှန်လုပ်တဲ့ကြားကမှ ညည်း အကြောဆေးထိုးဖို့လိုသေးရင် ကျုပ် အလကား ထိုးပေးမယ်! ”
“တကယ်နော် ဆရာမ??”
” အေးလေ… ယုံယုံကြည်ကြည် လေးလေးစားစား ဇွဲလေးနဲ့ လုပ်ဖို့ပဲလိုတာပါဆို”
” ဟုတ်… လုပ်ကြည့်မယ် ဆရာမ… ဒီဟာ ထိရောက်လို့ ဆေးမထိုးရတော့ရင် ပိုက်ဆံ အပိုထွက်လာမှာ မနည်းဘူး.. အဲဒါနဲ့ဆို ဆရာမပြောသလို စားနိုင်တာပေါ့!”
“အေးပါ..အေးပါ…သူငယ်ချင်းတွေကိုလည်း ပြန်ပြောပြပြီး တိုက်တွန်းဦး… ကြားလား”
ကလေးမလေး ၂ ယောက်ပြန်ထွက်သွားတော့ ဒေါက်တာနှင်း တိုးတိုး ရေရွတ်မိသည်…. ။
အကြောဆေး မလိုဘဲ လန်းနိုင်ကြပါစေ …လို့။
Author : နှင်းနုအေး