ခရမ်းချဉ်သီးတန်ခိုး
ခရမ်းချဉ်သီးသည် ကျွန်တော်တို့ မြန်မာနိုင်ငံတွင်သာမက တကမ္ဘာလုံးမှာပါ အစားများသော အသီးဖြစ်သည်။ ခရမ်းချဉ်သီးကို အင်္ဂလိပ်လို တိုမားတိုး(Tomato) လို့ ခေါ်ပါတယ်။ခရမ်းချဉ်သီးသည် အမျိုးအစားများစွာ ရှိသကဲ့သို့ အရောင်အနေနဲ့လည်း အနီရောင်၊လိမ္မော်ရောင်၊ အဝါဖျော့ စသဖြင့် ရှိပါတယ်။
ခရမ်းချဉ်သီးကို မျိုးစုံလုပ်စားကြပါတယ်။ အစိမ်းလိုက်သုပ်စားတာ၊ ဟင်းသီးဟင်းရွက် သို့မဟုတ် အသားငါး သို့မဟုတ် ကြက်ဥ ဘဲဥ တို့နဲ့ရောချက်တာ၊ ငပိချက်ချက်စားတာ၊ မီးဖုတ်ပြီး ပန်ထွေဖျော်လုပ်စားတာ နောက်ဆုံး ဖျော်ရည်လုပ်သောက်တာအထိ အမျိုးမျိုး လုပ်စားကြပါတယ်။
ခရမ်းချဉ်သီးမှာ ရေဓါတ်၊ ဖိုက်ဘာအမျှင်ဓါတ်၊ မီးစုန်းဓါတ်၊ သိုင်ယာမင်၊ နိုင်ယာစင်၊ ဗီတာမင် B6 ၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ သံဓါတ်၊ ဖော့စ်ဖရပ်စ်နဲ့ ဗီတာမင် အေ၊ စီ၊ ကေ၊ဘီတာကယ်ရိုတင်း နဲ့ ပိုတက်စီယမ်ဓာတ် များစွာ ပါဝင်နေပါတယ်။ ဒီလိုမျိုး ဓါတ်တွေစုံလင်များပြားစွာ ပါဝင်တာကြောင့် ခရမ်းချဉ်သီးဟာ ကျန်းမာရေးကို အောက်ပါအတိုင်း အထောက်အကူပြုနိုင်ပါတယ်။
ခရမ်းချဉ်သီးစားပေးခြင်းဖြင့် ရေဓါတ်လုံလောက်စွာရရှိပြီး ခံတွင်းကိုလည်း ပိုကောင်းလာစေနိုင်ပါတယ်။ အသားအရေကိုလည်း စိုစွတ်ချောမွေ့စေနိုင်ပါတယ်။ ခရမ်းချဉ်သီးထဲမှာပါတဲ့ ဖိုက်ဘာ အမျှင်ဓါတ်ဟာ ဝမ်းချုပ်ခြင်းကို ကင်းဝေးစေပြီး အူလမ်းကြောင်းကို ကျန်းမာစေနိုင်ပါတယ်။ ဗီတာမင်စီဓါတ် နဲ့ ပိုတက်ဆီယမ် ဓါတ် ကလည်း သွေးအတွင်း ကိုလက်စထရော အဆီဓါတ်ကိုကျစေပြီး သွေးပေါင်ချိန်ကို ထိန်းပေးသည့်အတွက် နှလုံးကိုကျန်းမာစေပါတယ်။
အမြင်အာရုံကို ကောင်းမွန်စေတဲ့ ဗီတာမင်အေလည်း ပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေရုံ သာမက ဗီတာမင်အေ ချို့တဲ့လို့ဖြစ်တဲ့ ကြက်မျက်သင့်ရောဂါခေါ် ညဘက် မျက်စိမမြင်ရခြင်း ရောဂါကိုလည်း မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီးဟာ ရောင်ရမ်းမှုတွေကိုလည်း လျော့ကျစေနိုင်ပြီး ကိုယ်အလေးချိန်ကိုပါ လျော့ကျစေနိုင်ပါတယ်။
သင့်အနေနဲ့ ကိုယ်အလေးချိန် များနေလို့ လျှော့ချနေတယ်ဆိုရင် နေ့စဉ် စားသောက်တဲ့ အစာထဲမှာ ခရမ်းချဉ်သီးများများ ထည့်သွင်း စားသောက်သင့်ပါတယ်။ သရေစာ အနေနဲ့ ခရမ်းချဉ်သီးသုပ်၊ ခရမ်းချဉ်သီး ဆင်းဒ်ဝှစ်ချ်တို့ကို စားပါ။ ခရမ်းချဉ်သီးမှာ ရေဓာတ်နဲ့ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ကယ်လိုရီနဲ့ အဆီပိုတွေ အများကြီး မရရှိစေဘဲ ဗိုက်ပြည့်စေပါတယ်။
ခရမ်းချဉ်သီးအရောင် နီရဲနေပါက အနီဓါတ် ပေါကြွယ်ဝစွာပါဝင်လို့ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ နီရဲနေသော ခရမ်းချဉ်သီးတွင် ကယ်ရိုတင်းဓါတ် များပြားစွာပါဝင်ပါတယ်။ ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်သောကြောင့် နီရဲသောအရောင်ရှိတဲ့ ခရမ်းချဉ်သီးအမျိုးအစားကို နိုင်ငံခြားသားတွေက ပိုကြိုက်ကြပါတယ်။
ခရမ်းချဉ်သီးဟာ စားဖို့ပဲ အသုံးဝင်တာလား ဆိုတော့မဟုတ်ပါဘူး။ အလှအပအတွက် မျက်နှာပေါင်းတင်ဖို့ရာလည်း သုံးနိုင်ပါသေးတယ်။ အရေပြားကို ထောက်ကူပြုတဲ့ဓါတ်တွေအများကြီးပါဝင်လို့ တချို့အလှကုန်ပစ္စည်းတွေမှာ ခရမ်းချဉ်သီးကိုပါ ထည့်သွင်းဖော်စပ်လာကြပါတယ်။
Author : Dr. 528