စမုံစပါးစားသုံးခြင်းရဲ့ အကျိုးရလဒ်
စမုံစပါးကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အတော်အသုံးများပါတယ်။ စမုံစပါးစေ့ကို ကွမ်းယာထဲထည့်စားကြသလို ဟင်းခတ်အမွှေးအကြိုင်ဖြစ်တဲ့ မဆလာဖော်စပ်တဲ့နေရာမှာလည်း ပါဝင်ပစ္စည်းတခုအနေနဲ့သုံးပါတယ်။
ဒါ့အပြင် စမုံစပါးရွက်ကို ကြက်ဥနဲ့ခလောက်ပြီး ကြော်စားတာ၊ ဟင်းချိုချက်သောက်တာ၊ ဟော့ပေါ့ထဲထည့်သောက်တာ စသဖြင့်လည်းအမျိုးမျိုးလုပ်စားကြပါတယ်။စမုံစပါးပင်ကို အင်္ဂလိပ်လို Fennel လို့ခေါ်ပါတယ်။ ရုက္ခဗေဒနာမည်ကတော့ Foeniculum vulgare Mill ပါ။ မျိုးရင်းအနေနဲ့ကတော့ Apiaceae မျိုးရင်းဖြစ်ပါတယ်။
နှစ်နှစ်ခံ သို့မဟုတ် နှစ်ရှည်ခံ ပင်အမျိုးအစားပါ။ ပင်စည်ကထောင်မတ်ပြီး ကိုင်းလေးတွေဖြာထွက်နေပါတယ်။ ငှက်မွှေးရွက်ပေါင်းဖြစ်ပြီး အပ်ချောင်းပုံသဏ္ဍာန် ရွက်မြွှာများရှိပါတယ်။ သေးငယ်သော အဝါရောင်ပန်းပွင့်များ ပွင့်ပါတယ်။
အသီးဟာ ဘဲဥပုံရှိပြီး သေးငယ်ကာ ထိုအထဲတွင် စမုံစပါးစေ့များပါပါတယ်။စမုံစပါးစေ့ကို Fennel seed လို့ခေါ်ပါတယ်။ စမုံစပါးစေ့ (Funnel seeds) မှာ ကြေးနီဓါတ်၊ မဂ္ဂနီဆီယမ် ဇင့်၊ ပိုတက်စီယမ် စတဲ့သတ္ထုဓါတ်နဲ့ သံဓါတ်များပါဝင်တဲ့အပြင် ပရိုတင်းဓါတ်၊ အမျှင်ဓါတ်၊ ဗီတာမင်အေ၊ ဘီ၊ စီ၊ အီး နဲ့ ဆီလီနီယမ် ဓါတ်များလည်း စုံလင်များပြားစွာပါဝင်ပါတဲ့အတွက် စမုံစပါးစေ့မှာ ရောင်ရမ်းမှုကို သက်သာစေတဲ့အာနိသင် (Anti inflammatory activity)၊ ဝမ်းလျှောဝမ်းကိုက်လို့ဗိုက်ရစ်နာတာကိုသက်သာစေနိုင်တဲ့ (Anti spasmodic activity) နဲ့ ဘက်တီးရီးယားပိုးမွှားတွေကိုနိုင်တဲ့ (Anti bacterial activity) တွေရှိပါတယ်။
ဒါကြောင့် စမုံစပါးစေ့ကို တိုင်းရင်းဆေးမှာ လေထိုးလေအောင့်တာ၊ ချောင်းခြောက်ဆိုးတာတွေသက်သာဖို့အတွက် သုံးတဲ့ဆေးတွေထဲ ထည့်သွင်းဖော်စပ်လေ့ရှိပါတယ်။ စမုံစပါးစေ့ဟာ ဆေးအနေနဲ့ရယ် မဆလာဖော်ဖို့ရယ် ကွမ်းယာထဲထည့်စားဖို့ရယ်ပဲ အသုံးဝင်တာလားဆိုတော့ မဟုတ်ပါဘူး။
အမျိုးသမီးတွေ အလှအပရေးရာအတွက်လည်း အသုံးဝင်ပါသေးတယ်။ စမုံစပါး တဇွန်းကို ရေနွေးတဖန်ခွက်ထဲကို ထည့်နှပ်ထားကာ မနက်တစ်ခါ ညနေတခါ ပုံမှန်၊ တပတ် ၂ခါလောက်သောက်ပေးမယ်ဆိုပါက ဝိတ်ကျစေနိုင်တဲ့အပြင် စမုံစပါးစေ့မှာ phytoestrogen (သဘာဝအီစတိုဂျင်) ဓါတ် ကြွယ်ဝစွာပါတဲ့အတွက် ရင်သားနဲ့တင်သားတွေကို ကြီးထွားတင်းရင်းစေနိုင်ပါတယ် လို့ သုတေသနတခုက အတည်ပြုပြောထားပါတယ်။
ဒါကြောင့်အဆုံးသတ်အနေနဲ့ပြောရရင် အဆီကျပြီး တင်ရင်ထွက်ချင်တဲ့အမျိုးသမီးများအတွက် စမုံစပါးစေ့ကို ခုနကပြောထားတဲ့အတိုင်း သောက်သုံးပေးမယ်ဆိုရင် ပိန်ဆေးတွေ ရင်သားကြီးဆေးတွေသုံးတာလို ဘေးထွက်ဆိုးကျိုးလည်းမရှိဘဲ ကျန်းမာရေးအတွက်ပါကောင်းကျိုးရနိုင်ပါတယ်။
စမုံစပါးစေ့တွေကိုတော့ ပရဆေးဆိုင်တွေမှာဝယ်နိုင်ပါတယ်။အခုနောက်ပိုင်း ဆိုရင် Super market တချို့မှာလည်း တင်ရောင်းနေတာရှိပါတယ်။
Dr 528