ခေတ်ကြီးက တိုးတက်လာတာနဲ့အမျှ စားစရာတွေလည်း များပြားလာပါတယ်။ Shopping Center တွေ သွားရင် အမြန်စာတွေဖြစ်တဲ့ ကြက်ကြော်တွေ စားမလား၊ အာလူးချောင်းကြော်တွေ စားမလား။ ရေခဲမုန့်တွေ ဆိုတာလည်း ပုံစံမျိုးစုံ အရသာမျိုးစုံနဲ့ စားချင်စရာပင်။ အပြိုင်အဆိုင် ရောင်းနေကြတဲ့ ပီဇာဆိုင်တွေကလည်း ဒုနဲ့ ဒေး။
ရပ်ကွက်ထဲမှာဆိုလည်း မနက်ဆို စမူဆာ၊ အီကြာကွေးစားမလား၊ အကြော်စားမလား၊ ဆိုင်တွေ တစ်ပုံတစ်ပင် ဒါမှမဟုတ် ဆီများများနဲ့ သုတ်ထားတဲ့ အသုပ်ပဲစားမလား၊ ဆီပြန်ဟင်းလေးနဲ့ ထမင်းကြော်ပဲစားမလား။ စားစရာတွေ များလာသလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှု ပုံစံတွေကြောင့် ဖြစ်လာတဲ့ရောဂါတွေလည်း များလာတယ်။ အသက်ငယ်ငယ်နဲ့ သွေးတိုးရှိနေသူတွေ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ ဖြစ်တဲ့သူတွေ စသဖြင့် မကူးစက်နိုင်တဲ့ ရောဂါဖြစ်နှုန်းတွေလည်း သိသိသာသာ တိုးလာပါတော့တယ်။
ပြီးတော့ နောက်ထပ်တစ်ခုက အဝလွန်ရောဂါတွေ၊ ဒါပေမဲ့ အဝလွန်ရောဂါရှိသူနဲ့ သွေးထဲမှာ အဆီဓာတ်များနေသူနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆို သွေးထဲမှာ အဆီများနေတဲ့သူက ပိုပြီးအန္တရာယ်များတယ်။ ဝနေတဲ့သူက ကိုယ်ဝနေတယ်ဆိုတဲ့ အသိနဲ့ ဘာရောဂါများ ရှိနေပြီလဲ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဖြစ်သေးတယ်။ အစားရှောင်ဖြစ်သေးတယ်။ မဝဘဲ သွေးထဲအဆီများနေတဲ့သူတွေကျ ကိုယ်ကျန်းမာတယ်ဆိုပြီး သတိမမူမိတော့တာမျိုးတွေ ဖြစ်တတ်တယ်။
ဒီတော့ ပိန်ပိန်ဝဝ ကျန်းမာရေးနဲ့ ညီညွှတ်မျှတအောင် စားသုံးသင့်တယ်။ ပြည့်ဝဆီပါတဲ့ အစားအစာတွေကို လျော့စားသင့်တယ်။ ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အစားအစာတွေကိုလည်း နေ့စဉ်စားသုံးသင့်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေဆိုရင် အလွယ်တကူလည်းရပြီး ကျန်းမာရေးအတွက် အကျိုးများတဲ့ ပဲနို့ကိုလည်း မမေ့သင့်ဘူး။
ပဲနို့ဟာ ပုံမှန်နွားနို့နဲ့ယှဉ်ရင် အချိုဓာတ်ပါဝင်မှု နည်းပါးပါတယ်။ ပြည့်ဝဆီ ပါဝင်မှုလည်း နည်းပါးပြီး ကိုလက်စထရောလည်း တော်တော်လေး နည်းပါတယ်။ နှလုံးရောဂါသည်တွေ အစားရှောင်နေရတဲ့ ဆီးချိုသမားတွေ အနေနဲ့လည်း သောက်သုံးလို့ရပါတယ်။
ကယ်လ်ဆီယမ်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်တဲ့အတွက် အရိုးပွရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် အရိုးပွရောဂါကို ခံစားရလေ့ရှိတဲ့ အသက် ၅၀ ကျော် အမျိုးသမီးများအဖို့လည်း မဖြစ်မနေသောက်သုံးသင့်တဲ့ ဖြည့်စွက်စာတစ်ခုပါ။
ပဲနို့မှာ အသားဓာတ်တွေလည်း များစွာပါဝင်ပါတယ်။ ပဲနို့မှာပါတဲ့ ဓာတ်တွေထဲကတစ်ခုဖြစ်တဲ့ Isoflavones က ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေတဲ့ အဆီတွေကို လျော့ချရာမှာ ကူညီပေးပါတယ်။ ပြီးတော့ ပဲနို့မှာ မဟော်မုန်းဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ အာနိသင်လည်း ရှိတာမို့ ရင်သားကင်ဆာဖြစ်ပွားမှု အန္တရာယ်ကလည်း လျော့ချပေးနိုင်ပါတယ်။ နေ့စဉ် ပုံမှန်သောက်သုံးမယ်ဆို အမျိုးသားတွေမှာလည်း ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုက ကာကွယ်ပေးနိုင်သေးတယ်လို့ သုတေသနတစ်ခုက ဆိုပါတယ်။
Antioxidantအာနိသင်ရှိတဲ့အတွက် အိုမင်းရင့်ရော်မှုတွေကနေ လျော့ချပေးနိုင်သလို အသည်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အားသာချက် နောက်တစ်ခုကတော့ ပဲပိစပ်ကနေ ထုတ်လို့ သတ်သတ်လွတ်သမားတွေ အနေနဲ့လည်း သောက်လို့ရသလို နို့မှာပါတဲ့ Lactose ဓာတ်လည်း မပါတာမို့ Lactose ဓာတ်နဲ့ မတည့်တဲ့သူတွေလည်း သောက်လို့ရပါတယ်။
ပဲနို့မှာပါတဲ့ ဓာတ်တစ်မျိုးက အဆီတွေစုပုံခြင်းကို ဟန့်တားပေးနိုင်တဲ့အတွက် ဗိုက်ပူ ခါးတုတ်ဖြစ်မှာကြောက်တဲ့ သူတွေအနေနဲ့လည်း သောက်လို့ ရပါတယ်။ အစာလည်းဆေး ဆေးလည်းအစာ ဆိုသလို ကျန်းမာရေးအတွက် အကျိုးများတဲ့ ပဲနို့ကို ဖြည့်စွက်စာ အနေနဲ့ တစ်နေ့တစ်ခွက် သောက်သုံးသင့်ပါကြောင်း အကြံပေးရင်း …..
Author : Dr. မေ