သွေးတိုးရောဂါ ဆင်ခြင်စရာ
သွေးတိုးပြီဆိုရင် ခေါင်းကိုက်တယ်၊ မူးတယ်၊ တက်တယ်၊ သတိလစ်တယ်၊ လေဖြတ်တယ် ဒါတင်မကသေးဘူး နှလုံး၊ ကျောက်ကပ်၊ မျက်လုံး၊ ဦးနှောက်နဲ့ ခန္ဓာကိုယ် ရဲ့ အရေးကြီး အင်္ဂါတွေကို ထိခိုက်နိုင်ပါတယ်။
ဒါတွေ တစ်ခုမှ မဖြစ်လဲပဲ သွေးတိုးကရှိနေနိုင်ပါတယ်။ ဟိုတုန်းကတော့ သွေးတိုးရောဂါဟာ လူကြီးရောဂါပါ၊ အခုကတော့ လူငယ်လူရွယ်တွေမှာပါ သွေးတိုးရောဂါတွေ စနေပါပြီ။ ကြောက်ဖို့ကောင်းပါတယ် ။ တစ်ချို့လည်း သိသလို တစ်ချို့လည်း ကိုယ့်မှာ သွေးတိုးနေမှန်း မသိကြပါဘူး။ အမှတ်တမဲ့ အလုပ်အတွက် ကျန်းမာရေး စစ်ဆေးတော့မှတွေ့ကြသလို့ တစ်ချို့လည်း ခေါင်းကိုက်လို့ ချိန်ကြည့်မှ သွေးတိုးမှန်းသိကြပါတယ်။
အဲဒီတော့ ဘာတွေကြောင့် သွေးတိုးတာလဲဆိုတာ သိဖို့လိုလာပါတယ် ။ အသက် ၅၅ နှစ်ကျော်မှ စဖြစ်တဲ့ သွေးတိုးအများစုဟာ essential hypertension လို့ခေါ်တဲ့ တိုးချင်လို့ တိုးတာတွေပါ၊ တစ်နည်းအားဖြင့် အခြားအကြောင်းတစ်ခုခုကြောင့် သွေးတိုးတာ မဟုတ်ပါဘူး။ အသက်အငယ်ပိုင်းမှာ ဖြစ်တာတွေကတော့ သွေးတိုးစေတဲ့အကြောင်းအရာတွေရှိပါတယ်။ ဥပမာ ကျောက်ကပ်ရောင်ရောဂါရှိသူ၊ မွေးရာပါ ကျောက်ကပ်ရောဂါဝေဒနာရှင်တွေ၊ steroid သောက်နေသူတွေ၊ အရက်အလွန်အကျွန်သောက်ရင် လည်း သွေးတိုးပါတယ် ။
နောက်တစ်ခု က တော့ အကြောင်းအမျိုးမျိုးကြောင့် ဓာတ်ခွဲစစ်ဆေးမထားသော ဗမာဆေး တွေကို ကိုယ့်သဘောနဲ့ကိုယ် သောက်နေသူတွေ သိသင့်ပါတယ်။ အဲဒီဆေး အများစုဟာ အကိုက်အခဲ အကုန် သက်သာအောင် analgesic ခေါ် အကိုက်အခဲပျောက်ဆေးတွေအစုံ အပြင် steroid တွေပါထည့်ထားတတ်ပါတယ် ။ နှစ်ရှည်လများသောက်သုံးရင်း ဒုက္ခရောက်ရသူတွေ အများအပြားရှိပါတယ် ။
နောက်ဆုံးတစ်ခုကတော့ အဝလွန်ခြင်းပါ၊ အဝလွန်လာရင် သွေးတိုး၊ ဆီးချို အကုန်လိုက်လာပါတယ်။ အစားအသောက်လူနေမှုပုံစံကို ဂရုစိုက်ပြီး ပြင်ဆင်နေထိုင်သင့်နေပါပြီ။
ကျန်းမာကြပါစေ
Dr. Lynn